(ဂ)-ရန်ကုန်-မန္တလေးကားလမ်းမကြီးနှင့်ခင်အင်း ကြီး၊ ဘိုကုန်း၊ ဆားပြင် ကျေးရွာများသို့ဆက်သွယ် ထားသောလမ်းမကြီးအားမည်သည့်အချိန် တွင်ပြုပြင်မည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၀)ရက်မြောက်နေ့ (၂၁.၅.၂၀၁၅)

ဒေါက်တာ ခင်မောင်ဆွေ( ကျောက်တံခါးမဲဆန္ဒနယ်) ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် တောကျွဲရိုင်းဒေသ ကမ္ဘောဇရပ်ကရပ်ကွက် ကမ္ဘောဇ စားသောက်ဆိုင်ဘေး ရန်ကုန်-မန္တလေး ကားလမ်းမကြီးနှင့် ခင်အင်းကြီး-ဘိုကုန်း-ဆားပြင်ကျေးရွာများသို့ ဆက်သွယ်ထားသော လမ်းမသည် အရှည် ၅ မိုင် ၂ ဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ၄ ပေရှိပါကြောင်း၊ ၎င်းလမ်းမကြီးသည် မြေသားလမ်းဖြစ်ပြီး မိုးတွင်းကာလတွင် ဗွက်ထခြင်း၊ လမ်းချော်ခြင်းများ ဖြစ်ပေါ်နေပါသဖြင့် ၎င်းလမ်းမကြီးကို အသုံးပြု၍ နေ့စဉ်မှီခိုသွားလာနေရသော ပြည်သူလူထုနှင့် ကျောင်းသားကျောင်းသူများ မိုးတွင်းကာလတွင် သွားလာရေးအခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ ၎င်းလမ်းမကြီးကို မှီခိုသွားလာနေရသော ကျေးရွာပေါင်း ၇၀၀၊ လူဦးရေ ၆၅၀၀ ကျော် အသုံးပြုနေရသော လမ်းဖြစ်ပါကြောင်း၊ ထိုလမ်းမကြီးမှ သွားလာမည်ဆိုပါက ရန်ကုန်-မန္တလေး လမ်းဟောင်း တောကျွဲရိုင်းမြို့မှ အမြန်လမ်းမကြီးသို့ အချိန်တို့အတွင်း ရောက်ရှိသွားနိုင်ပါကြောင်း၊ ယခုအခါ ထိုလမ်းမကြီးသည် နွေ၊ မိုး၊ ဆောင်း သွားလာ၍မရဘဲ ပျက်စီးနေသည်ကို နိုင်ငံတော်မှ သိရှိမှု ရှိ/မရှိ၊ သိရှိပါက ပြန်လည်ပြုပြင်ပေးမည့် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြုပြင်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေ
အဖြေ

မွေးရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငေပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးလမ်းမကြီးမှ ခင်အင်းကြီး-ဘိုကုန်း-ဆားပြင်ကျေးရွာ ဆက်သည့်လမ်းသည် မြေသားလမ်းဖြစ်ပြီး အရှည်အားဖြင့် ၅ မိုင် ၂ ဖာလုံရှိပါကြောင်း၊ အရှည် ၂ မိုင် ၁ ဖာလုံသည် ပျက်စီးလျက်ရှိပြီး ကျေးရွာလူထုအတွက် ဒုက္ခရောက်ပါကြောင်း၊ အဆိုပါလမ်းကို ပြန်ပြင်မည်ဆိုပါက ၅ မိုင် ၁ ဖာလုံတွင် ၂ မိုင် ၁ ဖာလုံမှာ ပျက်စီးနေသည့်အတွက် ၂ မိုင် ၁ ဖာလုံ မြေသားလမ်းကို ပြန်ပြင်ခြင်း၊ ကျောက်ခင်းခြင်း၊ လိုအပ်သော တံတားနှင့် ရေပြွန်များ ဆောင်လုပ်ခြင်း ဆောင်ရွက်ပါက ခန့်မှန်းကုန်ကျငွေ ၆၃၅.၅၃ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၅-၂၀၁၆ ဘတ်ဂျက်တွင် လမ်း၊ တံတားအတွက် ၅၄၉၃.၇၇ သန်း၊ ကျောက်တံခါးမြို့နယ်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် အဆိုပါလမ်း၊ တံတားလုပ်ငန်းများအတွက် ခွင့်ပြုငွေ ၂၆၅.၄၈ သန်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောက်တံခါးမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးလမ်းမကြီးမှ ခင်အင်းကြီး-ဘိုကုန်း-ဆားပြင်ကျေးရွာကို ဆက်သွယ်ထားသည့်လမ်းကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ထည့်သွင်းခွင့်ပြုထားခြင်းမရှိပါကြောင်း၊ လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအရ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေး အစီအစဉ်အတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။