င)-ဘိုကလေးမြို့နယ်တွင်လျှပ်စစ်ဓာတ်အားပိုမိုရ ရှိစေရေးနှင့်လျှပ်စစ်ဓာတ်အားပို့လွှတ်မှုတည်ငြိမ်စွာ ထိန်းချုပ်နိုင်ရေးအတွက်မည်သို့စီမံဆောင်ရွက်ပေး မည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၉)ရက်မြောက်နေ့ (၂၀.၅.၂၀၁၅)

ဦးမြသိန်း ( ဘိုကလေး မဲဆန္ဒနယ်)ဘိုကလေးမြို့နယ်သည် မဟာဓာတ်အားလိုင်းမှ ပို့လွှတ်သော လျှပ်စစ်ဓာတ်အားကို အလွန်နည်းပါးစွာရရှိသည့် မြို့နယ်တစ်မြို့နယ်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားအဝင် ဗို့အားနည်းသည့်အတွက် အိမ်တိုင်းစေ့ လျှပ်စစ်ဓာတ်အား မီးမြှင့်စက်များဖြင့် အသုံးပြုကြရသည့်အပြင် ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရာတွင် အတက်အကျ မြန်ဆန်လွန်ပြီး ဗို့အား ၂၀ မှ ၂၀၀ ကျော်အထိ ချက်ချင်းမြှင့်တက်ခြင်း၊ ဗို့အား ၂၀၀ ကျော်မှ ဗို့အား ၁၀၊ ၁၅ သို့ လျင်မြန်စွာ ကျဆင်းခြင်းတို့ကို ကြိမ်ဖန်များစွာ ကြုံတွေ့နေရပါကြောင်း၊ ထိုကဲ့သို့ အခြေအနေများကြောင့် လျှပ်စစ်မီးမြှင့်စက်များ၊ မီးသီး၊ မီးချောင်းများ၊ လျှပ်စစ်အသုံးအဆောင် ပစ္စည်းများ မကြာခဏ လောင်ကျွမ်းပျက်စီးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အား အတက်အကျ မြန်ဆန်များပြားမှုကြောင့် ဝါယာရှော့မှတစ်ဆင့် ဖြစ်ပေါ်နိုင်သည့် မီးဘေးအန္တရာယ်ကို ဒေသခံပြည်သူများ အလွန်စိုးရိမ်ပူပန်နေရပါကြောင်း၊ သို့ဖြစ်ပါ၍ ဘိုကလေးမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပိုမိုရရှိရေးနှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်မှု တည်ငြိမ်စွာ ထိန်းညှိပေးနိုင်ရေးအတွက် မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦးဘိုကလေးမြို့သည် ၂၃၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသော ကွမ်းခြံကုန်း ဖီဒါပေါ်မှ ဓာတ်အားပေးထားပြီး စုစုပေါင်းလိုင်း မိုင် ၉၃.၇၅ မိုင်ခန့် သွယ်တန်းပြီး ဓာတ်အားရယူထားပါကြောင်း၊ ထို့ကြောင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေဓာတ်အားခွဲရုံမှ ဘိုကလေးမြို့ကို ဓာတ်အား ဖြန့်ဖြူးပေးထား ပါကြောင်း၊ မြန်မာနိုင်ငံ၏ တောင်ပိုင်းရှိ ဓာတ်အားသုံးစွဲမှု အလွန်များပြားသော ရန်ကုန်တိုင်းဒေသကြီး၏ ဓာတ်အားစနစ်မှ ၃၃ ကေဗွီ ဗို့အားအဆင့်ဖြင့် ရယူ၍ ကော့မှူးမြို့နယ်၊ ကွမ်းခြုံကုန်းမြို့နယ်၊ ဒေးဒရဲ့မြို့နယ်၊ ဖျာပုံမြို့၊ ဘိုကလေးမြို့၊ မော်လမြိုင်ကျွန်းမြို့၊ မြင်းကကုန်းမြို့များမှ ဓာတ်အားရယူသုံးစွဲနေပြီး စုစုပေါင်းဝန်အား ၁၅ မဂ္ဂါဝပ်ခန့်အထိ သုံးစွဲလျက်ရှိပါကြောင်း၊ ၎င်း ၃၃ ကေဗွီဓာတ်အားလိုင်းမှာ သတ်မှတ်အကွာအဝေးထက် ဓာတ်အားလိုင်းမိုင်ရှည်လျားခြင်း၊ သုံးစွဲသည့် ဝန်အားပမာဏများပြားခြင်းနှင့် ဓာတ်အားလိုင်းကြိုး အရွယ်အစား သေးငယ်ခြင်းများကြောင့် ဗို့အားကျဆင်းမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း။

ဘိုကလေးမြို့နယ်အပါအဝင် အထက်ဖော်ပြပါမြို့များအားလုံး ဗို့အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် သာမန်ထိန်းသိမ်းပြုပြင်ခြင်း၊ အစားထိုးပြုပြင်တပ်ဆင်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပြီး ဓာတ်အားပို့လွှတ်မှုနှင့် ဓာတ်အားဖြန့်ဖြူးမှုစနစ်ကို တိုးချဲ့တည်ဆောက် ရန်အတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် ဧရာဝတီတိုင်းအတွင်းရှိ လျှပ်စစ်ဓာတ်အားပေးမှုစနစ် ကောင်းမွန်စေရန်အတွက် လှိုင်သာယာဓာတ်အားခွဲရုံမှ ကျိုက်လတ်မြို့အထိ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း ၅၅ မိုင် တည်ဆောက်ခြင်းနှင့် ကျိုက်လတ်မြို့အနီးတွင် ၂၃၀/၆၆ ကေဗွီ ၁၀၀ အမ်ဗွီအေ ပင်မဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ယခုအချိန်တွင် စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တာဝါဖောင်ဒေးရှင်းများ စတင်ဆောင်ရွက်လျက်ရှိပြီး တာဝါတိုင်ပစ္စည်းများလည်း စတင်ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ၎င်းဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းကို ၂၀၁၆ ခုနှစ်အတွင်း အပြီးတည်ဆောက်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျိုက်လတ်ပင်မ ဓာတ်အားခွဲရုံကြီးကို ၂၀၁၆ ခုနှစ်တွင် ပြီးစီးချိန်နှင့် ချိန်ကိုက်ပြီး ၆၆ ကေဗွီ ကျိုက်လတ်- ဖျာပုံ-ဘိုကလေး ဓာတ်အားလိုင်းနှင့် ၆၆/၃၃ ကေဗွီ ၁၀ အမ်ဗွီအေ ဘိုကလေးဓာတ်အား ခွဲရုံစီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် လျာထားထည်‌့သွင်းခဲ့သော်လည်း နိုင်ငံတော်၏ ဘဏ္ဍာငွေခွဲဝေပေးမှုအခြေအနေအရ ယခုနှစ်တွင် ပါဝင်နိုင်ခဲ့ခြင်း မရှိပါသဖြင့် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေထည့်သွင်းပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လှိုင်သာယာမှ ကျိုက်လတ်မြို့ကို ၂၃၀ ကေဗွီဓာတ်အားလိုင်း၊ ၅၅ မိုင်နှင့် ၂၃၀/၆၆ ‌ကေဗွီ ၁၀၀ အမ်ဗွီအေ ကျိုက်လတ်ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးမည့် ၂၀၁၆ ခုနှစ်‌နှောင်းပိုင်းမှစပြီး မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ မြင်းကကုန်း စသည့်မြို့များတွင် ဗို့အားကျခြင်း၊ ဗို့အားအတက်အကျ မြန်ခြင်းနှင့် ဓာတ်အားပြတ်တောက်မှု အကြိမ်ရေများခြင်းစသည့် ဓာတ်အားဖြန့်ဖြူးမှုအားနည်းချက်များ ပပျောက်ပြီး ပုံမှန်ဓာတ်အားရရှိ သုံးစွဲနိုင်မည်ဖြစ် ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။