ကယားပြည်နယ်၏ မြို့တော် လွိုင်ကော်မြို့သည် စည်ကားစွာတည်ရှိပြီး သီရိရတနာ တောင်ဈေးသည်လည်း လွိုင်ကော်မြို့ (၁၃) ရပ်ကွက်၏ အားကိုးရာ ဈေးတစ်ဈေးလည်းဖြစ်ပါကြောင်း၊ သံတံတားသည် ယာဉ်တစ်စီးသာ သွားလာနိုင်သည့်အတွက် တစ်စီးပြီးမှတစ်စီး စောင့်ဆိုင်းပြီးမှ သွားလာရမှုကြောင့် မော်တော်ယာဉ်ပိတ်ဆို့မှု၊ ဆိုင်ကယ်များပိတ်ဆို့မှု၊ တံတားနှင့် ဈေး၊ ဘဏ်များနီးကပ်စွာ တည်ရှိနေခြင်းတို့ကြောင့် လူ၊ ယာဉ်၊ ဆိုင်ကယ်သွားလာမှုတွင် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ နေရပါကြောင်း၊ လွိုင်ကော်မြို့၏ အချက်အချာကြသော လောပိတလမ်းသည်လည်း ညမပြတ်သွားလာမှု အများဆုံးလမ်းဖြစ်ပြီး သံတံတားသည် ကျဉ်းမြောင်းသဖြင့် သွားလာရေးတွင် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ယင်းသံတံတား လောပိတလျှပ်စစ်ဓာတ်အားအတွက် အသုံးပြုခဲ့ရာမှ ယခုအချိန်တွင် အမှတ်(၁)၊ (၂)၊ (၃) စက်ရုံများ တည်ဆောက်ပြီးဖြစ်၍ မြန်မာနိုင်ငံတစ်နံတစ်လျားသို့ လျှပ်စစ်များပို့လွှတ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် သံတံတားကို နှစ်လမ်းသွားနိုင်ရန် သံတံတား သို့မဟုတ် သံကူကွန်ကရစ်တံတား လူသွားလမ်းအပါအဝင် တည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
လွိုင်ကော်မြို့ပေါ်ရှိ ဘီလူးချောင်းကူးတံတား (သံတံတား)ကို ဘီလူးချောင်း အမှတ်(၂) ဓာတ်အားပေးစက်ရုံ စီမံကိန်းမှ ၁၉၅၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ပြီးစီးပြီး ယနေ့အထိ အသုံး ပြုလျက်ရှိပါကြောင်း၊ အဆိုပါ သံတံတားမှ လောပိတစက်ရုံအဝင်အထိ ပေ ၇၀ အရှည် ဘေလီ တံတားထိပ် ဘအထိ ၁၂ မိုင် ၂ ဖာလုံလမ်းပိုင်းကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းသို့ လွှဲပြောင်းအပ်နှံခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ ကယားပြည်နယ် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက ထိန်းသိမ်းသည့်လမ်းအဖြစ် သတ်မှတ်ပါကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့၏ ၅-၉-၂၀၁၂ ရက်စွဲပါစာအမှတ်၊ ၁/၂-၁၂/၇၊ ရုံးအမိန့်စာအမှတ် (၃၀/၂၀၁၂) ဖြင့် သတ်မှတ်ထားပြီးလည်း ဖြစ်ပါကြောင်း၊
ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း ဘီလူးချောင်းကို ဖြတ်သန်းဖောက်လုပ်ထားသော ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ တာဝန်ယူသည့်တံတားများတွင် ယခုမေးခွန်းပါ သံတံတားအပါအဝင် (၄) စင်းရှိပါကြောင်း၊ ကန္ဒရဝတီတံတားကို ၁၉၈၅ ခုနှစ်တွင် သံကူကွန်ကရစ်တံတားအဖြစ်လည်းကောင်း၊ သီရိမင်္ဂလာသစ်သားတံတားကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ၆၂၉.၁၂ သန်းကုန်ကျခံပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် သံကူကွန်ကရစ်တံတားအဖြစ်လည်းကောင်း တည်ဆောက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခု ၂၀၁၅ ခုနှစ်တွင် ဥတ္တရာရုံ သစ်သားတံတားကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၈၀၀ ဖြင့် သံကူကွန်ကရစ်တံတားအဖြစ် စတင်တည်ဆောက်နေပြီဖြစ်ပါကြောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လက်ရှိအသုံးပြုနေသော ဘီလူးချောင်းကူးသံတံတား ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၁၀ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့မှာ ဆောင်ရွက်ထား ရှိပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၎င်းသံတံတားဘေးရှိ လူကူးတံတားငယ်ဖျက်သိမ်းပြီး နှစ်လမ်းသွားနိုင်ရန် သံတံတား သို့မဟုတ် သံကူကွန်ကရစ်တံတား ၂၄၀ ပေအဖြစ် တည်ဆောက်ရန် ပြည်နယ်အစိုးရမှ ယခုအချိန်တွင် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
