ကျန်းမာရေးဝန်ကြီးဌာနသို့ မိမိမေးမြန်းလိုသည်မှာ (၁) ကျိုက်ဒုံမြို့နယ်ခွဲ ပြည်သူ့ဆေးရုံ၏ လစ်လပ်လျက်ရှိသော တစ်ဦးတည်းသော တာဝန်ခံဆရာဝန်နေရာအတွက် ဆရာဝန်တစ်ဦးဦးအား သတ်သတ်မှတ်မှတ် မည်သည့်ကာလတွင် အမြန်ဆုံးစေလွှတ်တာဝန်ချထားပေးနိုင်ရေးနှင့် (၂) ကျိုက်ဒုံ ဆေးရုံကြီးသို့ ၁၀ လကြာမျှရောက်နှင့် နေပြီဖြစ်သော ဓာတ်မှန်စက်အသစ်အား အမြန်ဆုံးဖွင့်ဖောက် အသုံးပြုလည်ပတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ယခုလက်ရှိအချိန်တွင် အဆိုပါဆေးရုံ၌ ဘားအံပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာ မန်းမင်းနိုင်ဦး (ဆမ-၂၈၅၄၂) အား ၉-၄-၂၀၁၅ မှ ၈-၆-၂၀၁၅ အထိ တွဲဖက်တာဝန် ချထားလျက် ရှိပါကြောင်း၊ နောင်အချိန်တွင် ကရင်ပြည်နယ်အတွင်းရှိ ဆေးရုံကြီးများမှ လက်ထောက်ဆရာဝန်များအား ယခုကဲ့သို့ အလှည့်ကျ တွဲဘက်တာဝန် ချထားခြင်းအားဖြင့်လည်းကောင်း၊ ၂၀၁၅ ခုနှစ်၊ မတ်လတွင် ကရင်ပြည်နယ်အတွင်း ခန့်အပ်တာဝန်ချထားခဲ့သော လက်ထောက်ဆရာဝန်သစ်များ လုပ်သက် ရလာသောအခါ အမြတမ်းတာဝန်ချထားပေးခြင်းဖြင့် လည်းကောင်း စီမံဆောင်ရွက်ပေးသွားရန် စီစဉ်ထားရှိပါသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုင်းဒုံတိုက်နယ်ဆေးရုံရှိ ဓာတ်မှန်စက် အသစ်အား ၃-၁-၂၀၁၅ ရက်နေ့တွင် တပ်ဆင်ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ မီးစက်မရှိ၍ အသုံးမပြုနိုင်ခဲ့ပါသဖြင့် 25KVA မီးစက်တစ်လုံးအား ကုသရေးဦးစီးဌာန၏ ၂၇-၄-၂၀၁၅ ရက်စွဲပါစာဖြင့် ထောက်ပံ့ခွင့်ပြုပြီးဖြစ်ရာ ရန်ကုန်မြို့၊ ဗဟိုဆေးသိုလှောင်ရေးဌာနမှ ပို့ဆောင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပြီး ဓာတ်မှန် ဆရာကိုင်တွယ်အသုံပြုနိုင်ရန်အတွက် ကရင်ပြည်နယ်၊ ကျန်းမာရေးဦးစီးဌာနရုံးတွင် ကျိုက်ဒုံတိုက် နယ်ဆေးရုံမှ ဝန်ထမ်းတစ်ဦးအား ဓာတ်မှန်ရိုက်အကျဉ်းချုံး သင်တန်းတက်ရောက်နိုင်ရေး စီစဉ် ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
