(စ)-အုတ်တွင်းမြို့နယ်အမြန်လမ်းမိုင်တိုင်(၁၄၄) ပတ်ဝန်းကျင်ရှိ ပိတောက်ခင်ကျေးရွာ သို့မဟုတ် ကြက်တက်ညောင်ပင်ကျေးရွာတွင်တိုက်နယ်ဆေး ရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၃၆)ရက်မြောက်နေ့ (၁.၄.၂၀၁၅)

ဦးညီညီမြင့်(အုတ်တွင်း မဲဆန္ဒနယ်) ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်သည် အမြန်လမ်း၏ မိုင်တိုင် ၁၂၀ နှင့် ၁၄၅ ဝန်းကျင်တွင် တည်ရှိပြီး မကြာခဏ မော်တော်ယာဉ်ထိခိုက်ဒဏ်ရာရရှိသူများ ပေါများလျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ထိခိုက်ဒဏ်ရာရရှိသူများအတွက် အချိန်မီအသက်ကယ်ရန်နှင့် ကျန်းမာရေး စောင့်ရှောက်ရန် မိုင်တိုင် ၁၄၄ ဝန်းကျင်တွင် တိုက်နယ်ဆေးရုံတစ်ခု လိုအပ်ပါကြောင်း၊ ထိုမိုင်တိုင် ၁၄၀၊ မိုင်တိုင် ၁၄၄ ဝန်းကျင်ရှိ တောပုကျေးရွာအုပ်စု၊ သရက်ပင်မောင်နှမကျေးရွာအုပ်စု၊ ပိတောက်ခင်ကျေးရွာ အုပ်စု၊ ရွှေလောင်းကျေးရွာအုပ်စုနှင့် ကြက်တက်ညောင်ပင်ကျေးရွာ အုပ်စုတို့မှ ကျေးရွာနေပြည်သူများ ၃၀၀၀၀ ကျော်အတွက် ကျန်းမာရေးစောင့်ရှောက်ရန် လိုအပ်သည့်အပြင် ဘိုကုန်း အ.ထ.က တွင်လည်း ကျောင်းသားစုစုပေါင်း ၁၂၀၀ ကျော် ရှိပါကြောင်း။ သို့ဖြစ်ပါ၍  အုတ်တွင်းမြို့နယ် အမြန်လမ်းမိုင်တိုင် ၁၄၄ ဝန်းကျင်ရှိ ကြက်တက် ညောင်ပင် သို့မဟုတ် ပိတောက်ခင်ကျေးရွာအုပ်စုတွင် တိုက်နယ်ဆေးရုံတစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်မည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာဒေါ်သိန်းသိန်းဌေး
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တွင် ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံ ၁ ရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ၂ ရုံ၊ စုစုပေါင်း ဆေးရုံ ၃ ရုံ၊ ကျန်းမာရေးဌာန ၅ ဌာနဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါ‌ကြောင်း၊ အိမ်ခြေ ၄၀၀၊ လူဦးရေ ၁၈၀၀ ကျော်ရှိပြီး အုတ်တွင်းမြို့နယ်ဆေးရုံနှင့် ၇ မိုင်၊ တောင်ငူမြို့နယ်ဆေးရုံနှင့် ၉ မိုင်ကွာဝေးသည့် ပိတောက်ခင် ကျေးရွာ (သို့) ကြက်တက်ညောင်ပင်ကျေးရွာတွင် တိုက်နယ်ဆေးရုံဖွင့်လှစ်ခွင့်ရရှိပါက အိမ်ခြေ ၂၇၀၀ ကျော်၊ လူဦးရေ ၁၃၀၀၀ ကျော်၊ ကျေးရွာပေါင်း ၁၅ ရွာတို့အား ကျန်းမာရေးစောင်‌့ရှောက်မှု လွှမ်းခြုံမှုပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပိတောက်ခင်ကျေးရွာ (သို့) ကြက်တက်ညောင်ပင်ကျေးရွာ မည်သည့်ကျေးရွာတွင် ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနများနှင့် ကွင်းဆင်းကြည့်ရှု၍ တိုက်နယ်ဆေးရုံတစ်ရုံအသစ်ဖွင့်လှစ်ခွင့် ဖွဲ့စည်းပုံရရှိရေးအတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။