(ဂ)မြေလွတ်မကျန်သည့် ဆောက်လုပ်ရေးစီမံကိန်း များ၊ဆောက်လုပ်မှုများ၊မြို့ပြစီမံခန့်ခွဲမှုအတွက်ပညာ ရှင်များပါဝင်သည့်ကောင်စီတစ်ရပ်ဖွဲ့စည်းရန်နှင့်မြေ အသုံးချမှု ကန့်သတ်သည့် ဇုန်ခွဲများမှ အစီအမံများ အတည်ပြုပြဋ္ဌာန်းရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၆)ရက်မြောက်နေ့ (၁၀.၂.၂၀၁၅)

ယနေ့ စီးပွားရေးမြို့တော်အဖြစ်တည်ရှိနေသည့် ရန်ကုန်မြို့ကြီးတွင် ပြည်တွင်းခန့်မှန်းချက်အရ လူဦးရေ ၆ သန်းကျော်ကို နောက်ဆုံးထုတ် Economic စာစောင်၏ရေးသားချက်အရဆိုရင် ၇.၄ သန်းကျော်ထိ လူဦးရေးများပြားမှုရှိပြီး လူဦးရေသိပ်သည်းဆ ဘယ်လောက်ထိများပြားသလဲဆိုလျှင် အချို့မြို့နယ်များတွင် တစ်ဟယ်သာကို လူဦးရေ တစ်ထောင်ကျော်ရှိနေပါကြောင်း၊ ထောင်သောင်းလိုနေရာမျိုးတွင် တစ်ဟယ် သာမှာ လူဦးရေ ၆၀၀ လောက်ပဲရှိသည်ဟု စာရင်းဇယားအရသိရပါကြောင်း၊ ယခု မြို့ပြအင်္ဂါရပ်နှင့် မကိုက်ညီသော အဆောက်အအုံများ ဆောက်လုပ်နေပါကြောင်း၊ မိမိတို့ ယဉ်ကျေးမှု ရှေ့ဟောင်းထိန်းသိမ်းရမည့် ရွှေတိဂုံစေတီတော်အပါအဝင် သမိုင်းဝင်ကြီးများနေရာကို ထိခိုက်လာသည့် ဆောက်လုပ်ရေးစီမံကိန်းများ အများအပြားဖြစ်နေပါကြောင်း၊ ရန်ကုန်မြို့ကြီးသည်ရေလျှံပါကြောင်း၊ ကားရပ်ဖို့နေရာမရှိ၊ မီးလောင်လျှင် ပြေးလမ်းမရှိ၊ ၎င်းအပြင် ကျန်းမာရေးများထိခိုက်ပြီး လူနေမှုအဆင့်အတန်းများ ထိပါးလာပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ ပိသုကာအသင်း၏ အထောက်အကူ ပေးချက်အရ အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊(က) လက်ရှိမြို့တော် ရန်ကုန်မြိ့ပြလူနေမှုကို အန္တရာယ်ဖြစ်စေပြီး မြို့ပြသာယာရေးဖွံ့ဖြိုးရေးကို ခြိမ်း‌ခြောက်လာပြီး ရန်ကုန်မြို့၏ အရေးကြီးနေရာများတွင် ဆောက်လုပ်နေသည့် စီမံကိန်းများ၊ လူနေမှုအဆောက်အအုံများ၊ ပြည့်ကြပ်နေသည့် မြေလွတ် မကျန်သည့် ဆောက်လုပ်ရေးစီမံကိန်းများ အရည်အသွေးမမှီသည့် ဆောက်လုပ်မှုများ လတ်တလော ဆိုင်းငံ့ထားရန် အစီအစဉ် ရှိ/မရှိ(ခ)မြို့တော်ရန်ကုန်၏ ဖွံ့ဖြိုးတိုးတက်မှုစနစ်တကျ ဖြစ်စေပြီး ရေရှည်တည်တံ့သော မြို့ပြစီမံခန့်ခွဲမှုအတွက် ပညာရှင်များပါဝင်သည့် ကောင်စီတစ်ရပ်ဖွဲ့စည်းပြီး စီမံကိန်းများကို အသေအချာ ပြန်လည်စိစစ်လျက် ထိန်းချုပ်ကွပ်ကဲခြင်းကို အမြန်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ(ဂ) မြို့တော်ရန်ကုန်၏ ဖွံ့ဖြိုးရေးကို ရေရှည်တွင်စနစ်တကျ ထိန်းကျောင်းမည့် စည်းမျဉ်းများစနစ်တကျ ခိုင်ခိုင်မာမာရေးဆွဲထားနိုင်ရန် နှင့် မြေအသုံးချမှု အဆောက်အအုံအမြင့် ကန့်သတ်သည့်စုံတွဲများမှ အစီအမံများ အတည်ပြုပြဋ္ဌာန်းရန် အစီအစဉ် ရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန(၄)၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်း
အဖြေ

မြေလွတ်မကျန်သည့် ဆောက်လုပ်ရေး စီမံကိန်းများ၊ အရည်အသွေးမမီသော ဆောက်လုပ်မှုများ လတ်တလော ဆိုင်းငံ့ထားရန်၊ ရေရှည် တည်တံ့သော မြို့ပြစီမံခန့်ခွဲမှုအတွက် ပညာရှင်များပါဝင်သည့် ကောင်စီတစ်ရပ် ဖွဲ့စည်း ဆောင်ရွက်ရန် နှင့် မြေအသုံးချမှု အဆောက် အဦ အမြင့်ကန့်သတ်သည့် ဇုန်ခွဲများမှ အစီအမံများ အတည်ပြု ပြဋ္ဌာန်းရန် အစီအစဉ် ရှိ/ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည်  စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဆောက်လုပ်နေသော စီမံကိန်းများတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သတ်မှတ်ထားသည့် မြေချန်များ၊ အဆောက်အအုံများနှင့် မြေဧရိယာဖုံးလွှမ်းမှု အချိုး Building Coverage Ratio (BCR) ပေါ် မူတည်ပြီး ဆောက်လုပ်စေလျက်ရှိပြီး ပြည်သူများမှ ဆောက်လုပ်မည့် အဆောက်အအုံများကို စိစစ်ခွင့်ပြုခြင်း၊ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်သည့် အဆောက်အအုံများကို ခွင့်ပြုပုံစံပါအတိုင်း စံချိန်စံညွှန်း အရည်အသွေးပြည့်မီစွာ ဆောက်လုပ်ရန် စစ်ဆေးကြပ်မတ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ဆောက်လုပ်ခွင့် လျှောက်ထားလာသည့် အဆောက်အအုံ၏ စံချိန်စံညွှန်း အရည်အသွေး ပြည့်မီခိုင်ခံ့မှုရှိစေရန်အတွက်ကို ၈၁/၂ ထပ်တိုက်အထိ အဆောက်အအုံများကို လိုင်စင်ရအဆောက်အအုံ အင်ဂျင်နီယာ Structure Engineering Certificated ရရှိသူများမှ တာဝန်ယူပြီးတွက်ချက်တင်ပြသည့် Structure Design နှင့် တာဝန်ခံကြီးကြပ်ဆောက်လုပ်မည့် လိုင်စင်ရအင်ဂျင်နီယာတို့၏ အဆိုပြုပုံစံများကို အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ စိစစ်ပြီး့ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ (၉)ထပ်မှစပြီး ၁၂ ထပ်ခွဲထိ အဆောက်အအုံများ၏ Structure Design များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ကျွမ်းကျင်ပညာရှင်များနှင့် ဖွဲ့စည်းထားသော အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်များ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးအဖွဲ့ High Rise Building Inspection Committee မှလည်းကောင်း၊ ၁၃ ထပ်နှင့် အထက်အဆောက်အအုံများ၏ Structure Design များကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ကျွမ်းကျင်ပညာရှင်များနှင့် ဖွဲ့စည်းထားသည့် အထပ်အမြင့်အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်များအဖွဲ့ Committee of Quality Control for High Rose Building Project မှလည်းကောင်း စိစစ်ပေးလျက်ရှိပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ခွင်‌့ပြုပေးထားသည့် အဆောက်အအုံများကို သက်ဆိုင်ရာမှတာဝန်ယူ ကြီးကြပ်ဆောက်လုပ်သူ လိုင်စင်ရအင်ဂျင်နီယာများ အနီးကပ်ကြီးကြပ်၍လည်းကောင်း၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ မြို့နယ်အလိုက် တာဝန်ပေးအပ်ထားသည့် စစ်ဆေးရေး အင်ဂျင်နီယာများမှ စစ်ဆေးကြပ်မတ်၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးအဖွဲ့မှ Structure Design များ စိစစ်ခွင့်ပြုပေးထားသည့် အဆောက် အအုံများနှင့် ပတ်သက်ပြီး ယင်းအဖွဲ့၏ ပညာရှင်များမှမြေပြင်သို့ အခါအားလျော်စွာ စစ်ဆေးပြီးကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ကွင်းဆင်းစစ်ဆေးမှုများကြောင့် တွေ့ရှိရသည့် အဆောက်အအုံ အရည်အသွေးမပြည့်ဝမှုများနှင့် ပတ်သက်၍ ဆောက်လုပ်ဆဲလုပ်ငန်းများကို ရပ်ဆိုင်းထားပြီး့ အရည်အသွေးမပြည့်မီသော အဆောက်အအုံ အစိတ်အပိုင်း များကို ပြန်လည်ပြင်ဆင်စေခြင်း၊ ဖြိုဖျက်၍ ပြန်လည်ဆောက်လုပ်စေခြင်းကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ ၎င်းအပြင် ပထမအဆင့်အနေဖြင့် အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်မှုနှင့် ပတ်သက်ပြီး အရည်အသွေးပြည့်ဝမှုအား ပိုမိုစစ်ဆေးနိုင်ရေးအတွက်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း၊ အထပ်အမြင့်အဆောက်အအုံများစီမံကိန်းများ၊ ကြီးကြပ်စစ်ဆေးရေးပညာရှင် အဖွဲ့တို့နှင့် ညှိနှိုင်းပြီး အဆောက်အအုံ Structure Design များ စိစစ်သည့် Accredited Checker (AC) များကိုစိစစ်ပြီး လိုင်စင်ထုတ်ပေးလျက်ရှိသည့်အခါ လက်ရှိအချိန်တွင် Accredited Checker (AC)  ၁၆ ဦးကို လိုင်စင်ထုတ်ပေးပြီးဖြစ်ပါကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အထက်ဖော်ပြပါ အဖွဲ့များနှင့် ညှိနှိုင်းပြီး မြေပြင်ရှိဆောက်လုပ်ဆဲ အဆောက်အအုံများ၏ ခိုင်ခံ့မှုနှင့် စံချိန်စံညွှန်းကို စစ်ဆေးမည့် စစ်ဆေးရေးအဖွဲ့ Inspection Team လိုင်စင်ထုတ်ပေးရေးကိုလည်း ဆက်လက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်မြို့တော်ကြီး ဖွံ့ဖြိုးတိုးတက်မှု စနစ်တကျဖြစ်စေပြီး ရေရှည် တည်တံ့သည့် မြို့ပြစီမံခန့်ခွဲမှု ဖြစ်စေရန်အတွက်ကို ၁၅-၁၂-၁၁ ရက်နေ့မှစပြီး ၁၆-၁၂-၁၁ ရက်နေ့များတွင် Micasa Hotel မှာကျင်းပသော Yangon Concept Plan Vision 2040 အလုပ်ရုံ ဆွေးနွေးပွဲမှ အစပြုပြီး ရန်ကုန်မြို့တော် မြေအသုံးချမှု၊ ဇုန်ခွဲခြားသတ်မှတ်မှုနှင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ အဆိုပြုပုံစံများ စိစစ်အကြံပြုခြင်း လုပ်ငန်းကော်မတီ ဖွဲ့စည်းရန်စီစဉ်ခဲ့ပြီး ၂၉-၅-၁၃ ရက်နေ့ ရက်စွဲပါ ရုံးတွင်းအမိန့်အမှတ် (၄၁/၂၀၁၃) ဖြင့် အထက်ပါကော်မတီအား ဖွဲ့စည်းခဲ့ပါကြောင်း၊

၎င်းကော်မတီမှ ၁၉-၆-၁၃၊ ၃-၁၂-၁၃ နှင့် ၃၁-၃-၁၄ ရက်နေ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ဗိသုကာအသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ပြီး စိမ်းလန်းမြေဧရိယာ သတ်မှတ်ခြင်း၊ မိသားစုလုံးချင်း အဆောက်အဦ ဆောက်လုပ်မည့် ဧရိယာသတ်မှတ်ခြင်း၊ ရေရှည်တွင် စနစ်တကျထိန်းချုပ်နိုင်မည့် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲနိုင်ရေးအတွက်ကို မြို့နယ်အလိုက် မြေအသုံးချခွင့်နှင့် ပတ်သက်သည့် Floor Area Ratio (FAR)နှင့် Building Coverage Ratio (BCR)၊ အမြင့်ကန့်သတ်ဇုန်များကို သတ်မှတ်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းလျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အရည်အသွေးမမီသည့် ဆောက်လုပ်မှုများ စစ်ဆေးတွေ့ရှိပါက လုပ်ငန်းရပ်ဆိုင်းစေပြီး ဖြိုဖျက်၍ ပြင်ဆင်စေခြင်း၊ အားဖြည့်စေခြင်းများအား လိုအပ်သလိုဆောင်ရွက်စေလျက်ရှိကြောင်းနှင့် ရန်ကုန်မြို့တော်မြေအသုံးချမှုဇုန် ခွဲခြားသတ်မှတ်မှုနှင့် အဆောက်အဦအမြင့် ကန့်သတ်သည့် အစီအမံများကို အတည်ပြုပြဋ္ဌာန်းရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။