ဆည်မြောင်းဦးစီးဌာနမှ ဆည်လက်တံနှင့် လယ်ကန်စင်းရိုးထိပ်များတွင် ဆက်သွယ်နိုင်သော တယ်လီဖုန်းနံပါတ်များကို ဗွီနိုင်းနှင့် ရေးထားပြီး Call Centre များ ထူထောင်ထားမည်ဖြစ်ပါကြောင်း၊ အထက်ပါ Call Centre များ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နိုင်စွမ်းရှိ/မရှိနှင့် ထိုသို့ဆောင်ရွက်ခြင်းနှင့် တောင်သူလယ်သမားများအတွက် လက်ငင်း အကျိုးကျေးဇူးများ မည်သို့ခံစားရရှိနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် အာဟာရပြည့်ဝသော စားနပ်ရိက္ခာဖူလုံရေး (Food Security and Nutrition) နှင့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝမြှင့်မားရေးနှင့် ဝင်ငွေတိုးတက်ရရှိရေး (Income Generation) တို့အတွက် မဟာဗျူဟာ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူလယ်သမားများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်ချက်များမှာ စိုက်ပျိုးရေ၊ မျိုး၊ နည်းပညာနှင့် အရင်းအနှီးရရှိရေးတို့ ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် တောင်သူလယ်သမားများ၏ လိုအပ်ချက်၊ အခက်အခဲပြဿနာများကို ဖြေရှင်းနိုင်ရန် အတွက် တောင်သူပညာပေးလုပ်ငန်းများ (Extension Methods) များကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်သော တောင်သူပညာပေးလုပ်ငန်းများအနေဖြင့် တစ်ဧက အထွက်နှုန်း တိုးတက်ရေး (Intensive Approach) အတွက် စိုက်ပျိုးရေးပညာပေးစခန်းများ ထားရှိခြင်း၊ Farmer Field School များ ပြုလုပ်၍ လက်တွေ့ခေါ်ယူပြသခြင်း၊ တောင်သူများ တွေ့ကြုံရသော အခက်အခဲများကို လာရောက်အကြောင်းကြားလာပါက လိုက်လံဖြေရှင်းပေးခြင်း၊ အခက်အခဲပြဿနာများကို သက်ဆိုင်ရာ သုတေသနဌာနသို့ ပေးပို့၍ ဖြေရှင်းပေးခြင်း စသည့်လုပ်ငန်းများနှင့် တောင်သူလယ်သမားကဏ္ဍ ရုပ်သံလိုင်းများ၊ လယ်ယာစီးပွားသတင်းစာစောင်များ၊ တောင်သူလယ်သမားများ လက်ငင်းအကျိုးရရှိနိုင်သော ပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် စိုက်ပျိုးရေးပညာပေးဝန်ထမ်းအင်အား မလုံလောက်ခြင်းကြောင့် ရွာတိုင်း၊ ကွင်းတိုင်း၊ တောင်သူတိုင်း၌ ထိတွေ့နိုင်မှုမရှိခြင်း၊ တောင်သူလယ်သမားများ လက်ငင်းကြုံတွေ့နေရသော အခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းပေးနိုင်ရန် ခက်ခဲခြင်းများ စသည့် ကန့်သတ်ချက်များလည်း ရှိနေခဲ့ပါကြောင်း။
ယခု IT ခေတ်တွင် ခေတ်မီဆက်သွယ်ရေးစနစ်ဖြစ်သော Mobile Phone များကို ဝန်ထမ်းများနှင့် တောင်သူများပါ သုံးစွဲလာနိုင်၍ တောင်သူများမှ ၎င်းတို့တွေ့ကြုံရသော မျိုးစေ့လိုအပ်ချက်များ၊ ပိုးမွှား ရောဂါပြဿနာများ၊ ဈေးကွက်သတင်းများ၊ ရေရရှိရေးလုပ်ငန်းများ၊ ရေကြီးခြင်းလုပ်ငန်းများ၊ မြေပြုပြင်ရေးအတွက် ထွန်စက်လိုအပ်ချက်များကို လက်ကိုင်ဖုန်းများနှင့် မေးမြန်းခြင်း၊ ဖြေကြားခြင်းတို့ကို အုပ်စုအလိုက်၊ ဆည်မြောင်းလက်တံအလိုက် ဝန်ထမ်းများနှင့် ထိရောက်စွာဆက်သွယ်နိုင်ရန်အတွက် ဖုန်းနံပါတ်များကို သက်ဆိုင်ရာအုပ်စုအလိုက်၊ ရေမြောင်းအလိုက် ဗွီနိုင်းများဖြင့် ရေးပြီး ထောင်ထားလျက်ရှိပါကြောင်း၊ ထို့သို့ဆောင်ရွက်ပေးခြင်းအားဖြင့် တောင်သူလယ်သမားများသည် လိုအပ်ချက်များ၊ အခက်အခဲများကို ချက်ချင်း ဖုန်းဆက်၍ မေးမြန်းသည့်အခါ ချက်ချင်းသွားရောက် ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ တောင်သူလယ်သမားများအတွက် ရေရရှိရေး လုပ်ငန်းများ၊ မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် နည်းပညာဖြန့်ဖြူးရေးတို့အတွက် IT နည်းပညာဖြစ်သော Mobile Telephone များနှင့် ဆက်သွယ်အသုံးပြုပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ထူထောင် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
