(က)-မော်လမြိုင်မြို့နယ်အတွင်းရှိရထားလမ်းဘေး /မြေထိန်းနံရံများဆောင်ရွက်ပေးရန်နှင့် မြေထိန်းနံရံကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပြုလုပ်ခွင့် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၃)ရက်မြောက်နေ့ (၅.၂.၂၀၁၅)

မော်လမြိုင်-ရေး-ထားဝယ်ရထားလမ်းသည် မော်လမြိုင်မြို့နယ် နယ်နိမိတ်ဖြစ်သော မန္တလေး ရပ်ကွက်၊ အောက်ကျင်းရပ်ကွက်၊ မြေနီကုန်းရပ်ကွက်၊ လှိုင်ရပ်ကွက်၊ ဈေးချိုရပ်ကွက်နှင့် သီရိမြိုင်ရပ်ကွက် စသည့် ရပ်ကွက် (၆) ခုကို ဖြတ်ကျော်ပြုလုပ်ထားသော ရထားလမ်းဖြစ်ပါကြောင်း၊ ရထားလမ်းအချို့နေရာများသည် လူနေရပ်ကွက်နှင့် နီးကပ်သဖြင့် အိမ်များ ဖယ်ရှားပေးခဲ့ရပြီး ရထားလမ်းဖောက်စဉ်က မြေထိန်းနံရံ ပြုလုပ်ပေးရန် စီမံချက်ရှိသည်ကိုလည်း သိရပါကြောင်း၊ ယခုအချိန်တွင် မြေထိန်းနံရံမရှိ၍ မြေပြိုမှုများ ဖြစ်ပွားပြီး အချို့သောရပ်ကွက်၊ လမ်းသွယ်များ ပိတ်ဆို့လုနီးပါးဖြစ်နေပါကြောင်း၊ ယခင် မော်တော်ကားပင် သွား၍ရသောလမ်းသည် ယခု လူသွားလမ်းလောက်သာ ကျန်ရှိနေပါကြောင်း၊ အထူးသဖြင့် လှိုင်ရပ်ကွက်ရှိ ကင်းရွာဘုန်တော်ကြီးသင်ပညာရေးကျောင်းသည် ကျောင်းသားကျောင်းသူ ၅၀၀ ခန့်နှင့် လက်ခံ သင်ကြားပေးနေသော ဘုန်းတော်ကြီးကျောင်းဖြစ်ပြီး ၎င်းကျောင်းအရှေ့ဘက်ဝင်ပေါက်သည် ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ အသုံးပြုသောဝင်ပေါက်ဖြစ်ပါကြောင်း၊ ယခုအခါ ထိုကျောင်းသို့ ဝင်/ထွက်ရာ တံခါးအနီးတွင် မြေသားပြိုကျမှု ပိုမိုဆိုးရွားနေ၍ လမ်းပိတ်ဆို့လုနီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြေထိန်းနံရံ ပြုလုပ်ပေးရန် အထူးလိုအပ်သောနေရာများနှင့် လှိုင်ရပ်ကွက် ကင်းရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း မြေသားနံရံကို အမြန်ဆုံးပြုလုပ်ပေးရန် လိုအပ်နေပါသဖြင့် မော်လမြိုင်-ရေး-ထားဝယ်ရထားလမ်းတွင် ပါဝင်သော မော်လမြိုင်မြို့နယ်အတွင်းရှိ ရထားလမ်းဘေး /မြေထိန်းနံရံများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မြေထိန်းနံရံကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် လုပ်ပိုင်ခွင့်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်း
အဖြေ

မော်လမြိုင်-ရေး-ထားဝယ် ရထားလမ်းသည် တောင်ပြိုခြင်းမှ ကာကွယ်ရန်အတွက် ဆောင်ရွက်ရန်လိုအပ်သော မြေထိန်းနံရံအချို့ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တွင် လျာထားဆောင်ရွက်သွားရန် စီစဉ်ထားပါကြောင်း၊ ကိုယ်ထူကိုယ်ထဆောင်ရွက်လိုလျှင်လည်း ခွင့်ပြုနိုင်ပါကြောင်းနှင့် အရည်အသွေးထိန်းသိမ်းမှုကိုလည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။