(ဃ)-သနပ်ပင်မြို့နယ်နှင့် ဝေါမြို့နယ်များရှိ ပဲခူး-စစ်တောင်းတူးမြောင်း အဆင့်မြှင့်တင်ပေးရန်နှင့် တိမ်ကောနေသော ချောင်း၊ မြောင်းများအား တူးဖော်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ (၂၁.၁.၂၀၁၅)
မေးခွန်း အကြောင်းအရာ 

ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း၊ သနပ်ပင်နှင့် ဝေါမြို့နယ်ရှိ ပဲခူးစစ်တောင်း တူးမြောင်းကို အဆင့်မြှင့်တင် ပြုပြင်ပေးခြင်းနှင့် ဆက်စပ်တူးမြောင်းတချို့ကို ပြုပြင်တူးဖော်ပေးခဲ့သည့် အတွက် စိုက်ပျိုးရေနှင့် လမ်းပမ်းဆက် သွယ်ရေး ကောင်းမွန်လာသဖြင့် ဒေသခံပြည်သူများက ကျေးဇူးတင် ဝမ်းမြောက်လျက် ရှိကြပါကြောင်း၊ ပဲခူးစစ်တောင်းတူးမြောင်းနှင့် ဆက်စပ်ပြီး ကျန်နေသည့် တိမ်ကောချောင်းများနှင့် အခြားတိမ်ကောချောင်းများကို ဆက်လက်ပြုပြင် တူးဖော်ပေးရန် လိုအပ်သည့်နေရာများတွင် ရေတံခါးငယ်များ တည်ဆောက်ပေးရန်နှင့် ပဲခူးစစ်တောင်း တူးမြောင်းတာဘောင်တာရိုး၏ ဆန့်ကျင်ဘက်ခြမ်းတွင် ကမ်းပါးပြိုနေသည့်နေ ရာများနှင့် ရေလွှမ်းသည့်နေရာများကို လိုအပ်သလိုပြုပြင် ဆောင်ရွက်ပေးရန် ဒေသခံပြည်သူများက တင်ပြကြပါကြောင်း၊ တင်ပြချက်များကို ဆောင်ရွက်ပေးနိုင်မည်ဆိုပါက တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေရရှိရေးနှင့် ရေကြီးနစ်မြုပ်မှုကိုပါ ကာကွယ်ပေးနိုင်မည် ဖြစ်သကဲ့သို့ လမ်းပမ်းဆက်သွယ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးများကိုပါ အကျိုးဖြစ်ထွန်းမည်ဖြစ်ပါကြောင်း၊ ပြုပြင်တည်ဆောက်ပေးရန်လိုအပ်သော တိမ်ကောချောင်းများနှင့် ရေတံခါးငယ်များမှာ (၁) တမာကွန်းရိုး ၂ မိုင်ခန့်၊ (၂) မောင်မခေါ်ရိုး ၃ မိုင်ခန့်၊ (၃) ဆားကျင်းရိုး ၃ မိုင်ခန့်၊ (၄) ထန်းသုံးပင် လေးအိမ်စုရိုး ၂ မိုင်ခန့်၊ (၅) စက္ခရုရိုး ၄ မိုင်ခန့်၊ (၆) ကမာဘာဘုရားငုတ်ရိုး ၁ မိုင်ခန့်၊ (၇) ခရာစုရိုး ၄ မိုင်ခန့်၊ (၈) မခိုင်ရိုး/မမျိုးရိုး၊ လှည်းတန်းရိုး ၅ မိုင်ခန့်၊ (၉) စဉ့်အိုးဘို- အနောက်တံခွန်တိုင်ရိုး (၂ မိုင်ခန့်)၊ (၁၀) ကျွန်းကြီး- အောက်သောင်လေး ၅ မိုင်ခန့်၊ (၁၁) ဖိုပဉ္ဇင်းလှချောင်းနှင့် ဆက်စပ်ချောင်း ၅ မိုင်ခန့်၊ (၁၂) ဝဲပြန်-ကျုံပါချောင်း ၃ မိုင်ခန့်၊ (၁၃) သာအေးချောင်း ၄ မိုင်ခန့်၊ (၁၄) မင်းရွာတာဝ-မီးလောင်ချောင်းဝ-ဉာဏ်ကျွန်း-ကသစ်ဝိုင် ၁၀ မိုင်ခန့် ချောင်းဖြစ်၊ လမ်းဖြစ်၊ တာဖြစ် တူးပေးရန်နှင့် လောင်မီးချောင်းဝနှင့် ဉာဏ်ကျွန်းထိပ်တို့တွင် ရေတံခါးငယ်တစ်ခုစီ တည်ဆောက်ပေးရန်၊ (၁၅) ငါးကြီးဝင်း-ကမာဖရန်-ဖရဲ-စွန်ပိ-ပဲခူး-စစ်တောင်းတူးမြောင်းတွင် ၈ မိုင်ခန့်နှင့် ရေတံခါးငယ် ၂ ခုပြုလုပ်ပေးရန်၊ (၁၆) ကျုံသလှရိုး ၆ မိုင်ခန့်၊ (၁၇) မိုးခိုင်ကြီးနှင့် နိဗ္ဗာန်ပေါက်တွင် ရေတံခါးငယ် ၁ ခုစီ တည်ဆောက်ပေးရန်နှင့် (၁၈) ပဲခူး-စစ်တောင်းတူးမြောင်း တာဘောင်တာရိုးနှင့် ဆန့်ကျင်ဘက် ခြမ်းကမ်းပါးပြိုခြင်းနှင့် ရေလွှမ်းသည့်နေရာများ ဖြစ်သော ရေကျော်ကျေးရွာနှင့် ငါးချဉ်ပိုင်းမှ ခရမ်းကျေးရွာ ဖြစ်ပါကြောင်း၊ အထက်ဖော်ပြပါ ပဲခူး-စစ်တောင်းတူးမြောင်းနှင့် ဆက်စပ်တိမ်ကောချောင်းများ၊ အခြားချောင်းများ၊ ရေတံခါးငယ်များနှင့် ကမ်းပါးပြိုရေလွှမ်းခြင်းများအား လိုအပ်သလို ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးကျော်‌ကျော်ဝင်း
အဖြေ
ဖြေကြားချက် 

သနပ်ပင်မြို့နယ်အတွင်းရှိ တမာတကွန်ရိုးတွင် ကျိုက်မင်းကလော့ကျေးရွာမှ စတင်စီးဆင်းလာပြီး ပဲခူး-စစ်တောင်းတူးမြောင်းအတွင်းသို့ စီးဝင်ပါကြောင်း၊ ယခုအခါ အဆိုပါ တမာတကွန်ရိုးမှာ တိမ်ကောလာပြီး ကျိုက်မင်းကလော့ကျေးရွာအုပ်စုအတွင်းရှိ လယ်မြေများသည် ရေကြီးနစ်မြုပ်မှုနှင့် ကြုံတွေ့နေရပါကြောင်း၊ တမာမကွန်ရိုး တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြင့် ကျိုက်မင်းကလော့ ကျေးရွာအုပ်စုနှင့်ခရမ်းကျေးရွာ အုပ်စု အတွင်းရှိ လယ်မြေ ဧက ၉၀၀ ခန့် အားရေကြီးနစ်မြုပ်မှုမှလျော့ပါး သက်သာလာစေမည်ဖြစ်ပြီး ရေတော်မိုးတော် မိုးစပါးဧကများအဖြစ် ပြောင်းလဲတိုးတက် စိုက်ပျိုးလာနိုင်မည်ဖြစ်ပါကြောင်း၊ တမာတကွန်ရိုး တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်ရန်အတွက် အလျား ၂ မိုင်၊ မြေကြီး (၇၉၂၀) ကျင်းနှင့် ခန့်မှန်းကုန်ကျငွေကျပ် (၁၈.၉၉၅)သန်းအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေတွင် ပထမဦးစားပေးအစီအစဉ်ဖြင့် တင်ပြတောင်းခံပြီးဖြစ်ပါကြောင်း။

သနပ်ပင်မြို့နယ်အတွင်းရှိ မောင်မခေါ်ရိုးတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြင့် ငါးကြီးဝင်းကျေးရွာအုပ်စုနှင့် ခရမ်းကျေးရွာအုပ်စုအတွင်းရှိ လယ်မြေဧက ၁၀၀၀ အား ရေကြီးနစ်မြုပ်မှုမှ လျော့ပါးသက်သာစေမည်ဖြစ်ပြီး ရေတော်မိုးတော် မိုးစပါးဧကအဖြစ် ပြောင်းလဲတိုးတက် စိုက်ပျိုးလာနိုင်မည်ဖြစ်ပါကြောင်း၊  မောင်မခေါ် ရိုးတူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်ရန်အတွက် အလျား ၃ မိုင်၊ မြေကြီး ၁၉၉၄၀ ကျင်းနှင့် ခန့်မှန်းကုန်ကျငွေ  ၇၀.၃၅၅ သန်းအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေတွင် ပထမဦးစားပေးအစီအစဉ်ဖြင့် တင်ပြတောင်းခံပြီးဖြစ်ပါကြောင်း၊ ဆားကျင်းရိုး တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြင့် မင်းရွာနှင့် ကျောင်းစုကျေးရွာအတွင်းရှိ လယ်မြေဧက (၉၃၁၆) ဧကခန့်အား ရေကြီးနစ်မြုပ်မှုမှ လျော့ပါးသက်သာလာစေဖြစ်ပြီး ရေတော် မိုးတော် မိုးစပါးဧကများ အဖြစ် ပြောင်းလဲတိုးတက် စိုက်ပျိုးလာနိုင်မည်ဖြစ်ပါကြောင်း၊ ဆားကျင်းရိုးတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် အတွက် အလျား (၃) မိုင်ခန့်အနက် အလျား ၁.၅ မိုင်၊  မြေကြီး (၁၂၃၅၅) ကျင်းနှင့် ခန့်မှန်းကုန်ကျငွေ (၂၄.၂၄၅) သန်းအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေတွင် ပထမဦးစားပေးအစီအစဉ်ဖြင့် တင်ပြတောင်းခံပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသော (၁.၅) မိုင်ကို မြေကြီး (၁၂၃၅၅) ကျင်း၊ ခန့်မှန်းငွေ (၃၁.၆၃)သန်းအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ (RE) တွင် တင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း၊ ထန်းသုံးပင်လေးအိမ်စုရိုး တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် လေးအိမ်စုကျေးရွာနှင်‌့ ခရမ်းကျေးရွာအုပ်စုအတွင်းရှိ လယ်မြေဧက ၂၀၀၀ ခန့်အား ရေကြီးနစ်မြုပ်မှုမှ လျော့ပါးသက်သာလာစေမည် ဖြစ်ပါကြောင်း။

ထန်းသုံးပင်လေးအိမ်စုရိုး တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် အလျား (၁.၅) မိုင်၊ မြေကြီး (၁၂၃၅၅) ကျင်းနှင့် ခန့်မှန်းကုန်ကျငွေ (၂၉.၂၄၅) သန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေတွင် ပထမဦးစားပေးအစီအစဉ်ဖြင့် တင်ပြတောင်းခံပြီးဖြစ်၍ ကျန်ရှိသည့် (၁.၅) မိုင်၊ မြေကြီး (၄၁၁၈) ကျင်းနှင့် ခန့်မှန်းကုန်ကျငွေ ၁၀.၇၅ သန်းအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ (RE) တွင် တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ စက္ခုရိုးတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြင့် ဖရဲကျေးရွာ၊ စွန်ပိကျေးရွာနှင့် သုံးခွကျေးရွာအုပ်စုများရှိ လယ်မြေဧက (၅၀၀) ခန့်အား ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာလာစေမည်ဖြစ်ပါကြောင်း၊ စက္ခုရိုးတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အလျား (၃) မိုင်အနက် အလျား (၁.၅) မိုင်၊  မြေကြီး (၅၉၄၀) ကျင်းနှင့် ခန့်မှန်းကုန်ကျငွေ (၁၄.၃၁၅) သန်းအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေတွင် ပထမဦးစားပေးအစီအစဉ်ဖြင့် တင်ပြတောင်းခံပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် (၁.၅) မိုင်၊ မြေကြီး ၅၉၄၀ ကျင်းနှင့် ခန့်မှန်းကုန်ကျငွေ (၁၅.၄၇၆) သန်းအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ (RE) တွင် တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ ကမာဘာဘုရားငုတ်တိုရိုး တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်ပေးခြင်းဖြင့် ဘုရားငုတ်တိုကျေးရွာ၊ ကမာဘာကျေးရွာ၊ လောင်မီးကျေးရွာ၊ မင်းရွာကျေးရွာနှင့် တာဝကျေးရွာအုပ်စုများရှိ လယ်ဧက ၅၀၀ ခန့်အား ရေကြီးနစ်မြုပ်မှုမှ လျော့ပါးသက်သာစေမည်ဖြစ်ပါကြောင်း၊ ဘုရားငုတ်တိုရိုးတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အလျား (၁.၅) မိုင်၊ မြေကြီး (၇၀၆၃) ကျင်နှင့် ခန့်မှန်းကုန်ကျငွေ (၁၉.၆၆၁) သန်းအား ဆားကျင်းရိုးတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အလျား (၃) မိုင်ခန့်အနက် အလျား (၁.၅) မိုင်၊  မြေကြီး (၁၂၃၅၅) ကျင်းနှင့် ခန့်မှန်းကုန်ကျငွေ (၂၄.၂၄၅) သန်းအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေတွင် တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း။

သနပ်ပင်မြို့နယ်အတွင်းရှိ ခရာစုရိုးတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြင့် မင်းရွာကျေးရွာနှင့် ညောင်သုံးခွကျေးရွာအုပ်စုများရှိ လယ်မြေဧက ၇၀၀ ခန့်အား ရေကြီးနစ်မြုပ်မှုမှ လျော့ပါးသက်သာ စေမည်ဖြစ်ပြီး ရေတော်မိုးတော် မိုးစပါးဧကများအဖြစ် ပြောင်းလဲတိုးတက်စိုက်ပျိုးလာနိုင်မည် ဖြစ်ပါကြောင်း၊ ခရာစုရိုးတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အလျား (၄) မိုင်၊ မြေကြီး (၂၅၁၂၀) ကျင်း၊ ခန့်မှန်းကုန်ကျငွေကျပ် (၆၄.၁၅) သန်းအား ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ (RE) တွင် တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ ကျိုက်ပဒိုင်ကြီး-မခိုင်ရိုး၊ ကျိုက်ပဒိုင်ကြီး-မမျိုးရိုးနှင့် ကျိုက်ပဒိုင်ကြီး-လှည်းတန်းရိုးများ တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်ပေးခြင်းဖြင့် ကျိုက်ပဒိုင်ကြီးကျေးရွာအုပ်စုအတွင်းရှိ ကွင်းအမှတ် (၁၁၄၄)၊ (၁၁၄၅)နှင့် ကျိုက်ပဒိုင်လေး ကျေးရွာကွင်းအမှတ် (၁၁၄၂-င)၊ (၁၁၄၃) တို့ရှိ လယ်မြေဧက (၂၃၀၀) ခန့်အား နွေစပါးစိုက်ပျိုးရေ ရရှိမှုအခက်အခဲမှ လျော့ပါးသက်သာလာစေမည် ဖြစ်ပါကြောင်း၊ ၎င်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အလျား (၂) မိုင်၊ မြေကြီး (၁၂၅၆၀) ကျင်း ခန့်မှန်းကုန်ကျငွေ (၂၉.၈) သန်း၊ ကျိုက်ပဒိုင်ကြီး-မခိုင်ရိုး တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် အလျား (၁.၅) မိုင်၊ မြေကြီး (၉၄၂၀) ကျင်းကို ခန့်မှန်းကုန်ကျငွေ (၂၂.၄၁၅) သန်းနှင့် ကျိုက်ပဒိုင်ကြီး-လှည်းတန်းရိုး တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် အလျား (၁.၅) မိုင်၊ မြေကြီး (၉၄၂၀) ကျင်း ခန့်မှန်းကုန်ကျငွေ (၂၂.၄၁၅) သန်း၊ စုစုပေါင်း အလျား (၅) မိုင်၊ မြေကြီး (၃၁၄၀၀) ကျင်းနှင့် ခန့်မှန်းကုန်ကျငွေ (၇၄.၆၃) သန်းအား ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ (BE) တွင် ပထမဦးစားပေးအစီအစဉ်ဖြင့် တင်ပြတောင်းခံ ထားပြီးဖြစ်ပါကြောင်း၊ စဉ့်အိုးဘို-အနောက် တံခွန်တိုင်ရိုးတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြင့် စဉ့်အိုးဘိုကျေးရွာနှင့် အနောက်တံခွန်တိုင်ကျေးရွာ အုပ်စုအတွင်းရှိ ကွင်းအမှတ် (၁၁၅၁-က) ကွင်းအမှတ်ရှိ လယ်မြေဧက (၁၆၀) ခန့်အား ရေကြီးနစ်မြုပ်မှုမှ လျော့ပါးသက်သာစေမည် ဖြစ်ပါကြောင်း၊ စဉ့်အိုးဘို-အနောက်တံခွန်တိုင်ရိုး တူးဖော်ခြင်းလုပ်ငန်းအား တည်ဆောက်ရေး (၁) ဆည်မြောင်း ဦးစီးဌာနမှ ၂၀၁၄-၁၅ ခုနစ် ပဲခူး-စစ်တောင်းတူးမြောင်း အဆင့်မြှင့်တင်ပြုပြင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ရန်ပုံငွေ (သီးသန့်)မှ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကျွန်းကြီး-အောက်သောင်လေးရိုး တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြင့် ကျွန်းကြီးကျေးရွာအုပ်စု အောက်သောင်လေးကျေးရွာ အုပ်စုအတွင်းရှိ လယ်မြေဧက ၂၀၀၀ ခန့်အား ရေကြီးနစ်မြုပ်မှုမှ သက်သာစေမည်ဖြစ်ပါကြောင်း၊ ကျွန်းကြီး-အောက်သောင်လေး တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အလျား (၅) မိုင်၊ မြေကြီး (၂၅၃၃၄) ကျင်း၏ ခန့်မှန်းကုန်ကျငွေ (၆၄.၈၅၇) သန်းအား ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ (RE) တွင် တင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း၊ ဖိုးပဉ္စင်းလှချောင်းနှင့် ဆက်စပ်ချောင်းတူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြင့် သနပ်တန်းကျေးရွာ၊ ကြီးပင်စုကျေးရွာနှင့် ကျုံပါကျေးရွာအုပ်စုအတွင်းရှိ လယ်မြေဧက (၂၀၀၀) ခန့်အား ရေကြီးနစ်မြုပ်မှုမှ လျော့ပါးသက်သာ စေမည်ဖြစ်ပါသည်။ ဖိုးပဉ္စင်းလှချောင်းနှင့် ဆက်စပ်ချောင်းများ တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလျား (၅) မိုင်၊ မြေကြီး (၄၉၉၀၀) ကျင်းနှင့် ခန့်မှန်းကုန်ကျငွေ (၁၂၆.၆၇) သန်းအား ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေ (RE) တွင် တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ ဝဲပြန်-ကျုံပါချောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်ပေးခြင်းဖြင့် ကျုံပါကျေးရွာနှင့် ဝဲပြန်ကျေးရွာ အုပ်စုအတွင်းရှိ လယ်မြေဧက (၂၃၀၀) ခန့်အား ရေကြီးနစ်မြုပ်မှုမှ လျော့ပါးသက်သာစေမည်ဖြစ်ပါကြောင်း၊ ဝဲပြန်-ကျုံပါချောင်းအား (အထက်ပါကျုံပါ-ရွှေလေးစုချောင်း) တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် အလျား (၃) မိုင်၊ မြေကြီး (၂၉၉၄၀) ကျင်းနှင့် ခန့်မှန်းကုန်ကျငွေ (၇၆.၁၂၅) သန်းအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ (BE) တွင် တင်ပြတောင်းခံထားပြီးဖြစ်ပါတယ်။ သာအေးချောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြင့် နတ်ရေကန်ကျေးရွာအုပ်စုအတွင်းရှိ ကွင်းအမှတ် (၉၂၀-၉၂၃)ရှိ လယ်မြေဧက (၁၀၀၀) ခန့်အား ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာစေမည်ဖြစ်ပါကြောင်း၊ သာအေးချောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အလျား (၄) မိုင်၊ မြေကြီး (၃၉၉၂၀) ကျင်းနှင့် ခန့်မှန်းကုန်ကျငွေ (၁၀၁.၃၉၅) သန်းအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ (RE) တွင် တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ မင်းရွာ-တာဝ-လောင်မီးချောင်း-ဉာဏ်ကျွန်း-ကသစ်ဝိုင် (ဘေးပေါက်ဘလောက်ချောင်းမှ မင်းရွာကုက္ကိုလ်ရေနှုတ်မြောင်းအထိ) မြောင်းအဖြစ်၊ လမ်းအဖြစ်၊ တာအဖြစ် (၁၀) မိုင်ခန့် ဆောင်ရွက်ပေးနိုင်ရေးလုပ်ငန်းမှာ ရေရှည်ဆက်သွယ်ရေးလမ်းအဖြစ် အသုံးပြုနိုင်ရန်အတွက် တာထိပ်အကျယ် (၁၄) ပေ ထားရှိရမည်ဖြစ်ပြီး တာလမ်းကြောင်းရွေးချယ်ခြင်း၊ မြေပြင်တိုင်းတာမှုများ ဆောင်ရွက်ရန်လိုခြင်း၊ ဆောင်ရွက်မည့်လုပ်ငန်း ပမာဏတွက်ချက်၍ ဖို့မြေယူရမည့်မြေနေရာ ရွေးချယ်တွက်ချက်ခြင်းတို့ကို ဦးစွာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တာဖို့မည့်နေရာတွင် ပါဝင်သွားမည့် လယ်မြေများအတွက် နစ်နာဆုံးရှုံးသွားမည့် လယ်မြေဧကနှင့် လယ်သမားဦးရေစာရင်းကောက်ခံခြင်းအတွက် ဆွေးနွေးခြင်းတို့ကို သက်ဆိုင်ရာမြို့နယ် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မင်းရွာ-တာဝ-လောင်မီးချောင်းဝ-ကသစ်ဝိုင် တာဖို့ခြင်းလုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်တွင် လောင်မီးချောင်းဝတွင် ရေတံခါးပေါက်တစ်ခုနှင့် ဉာဏ်ကျွန်းချောင်းထိပ်တွင် ရေတံခါးပေါက်တစ်ခု ပြုလုပ်ရမည်ဖြစ်၍ တည်ဆောင်မည့်နေရာများအား အသေးစိတ်ကွင်းဆင်းတိုင်းတာပြီး တွေ့ရှိချက်များပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စွန်ပိချောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြင့် ငါးကြီးဝင်း၊ ကမာဖရန်၊ ဖရဲ၊ စွန်ပိကျေးရွာအုပ်စုအတွင်းရှိ လယ်မြေဧက (၈၀၀၀)ခ န့်အား ရေကြီးနစ်မြုပ်မှုမှ လျော့ပါးသက်သာစေမည်ဖြစ်ပြီး ရေတော်မိုးတော် မိုးစပါးဧကများအဖြစ် ပြောင်းလဲတိုးတက် စိုက်ပျိုးလာနိုင်မည်ဖြစ်ပါကြောင်း၊ စွန်ပိချောင်းလုပ်ငန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အလျား (၁၂) မိုင်၊ မြေကြီး (၁၁၉၇၅၅၀) ကျင်းနှင့် ခန့်မှန်းကုန်ကျငွေ (၃၀၄.၀၉၉) သန်းအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ (RE) တွင် တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ သနပ်ပင်မြို့နယ် နွေစပါးရေ ရရှိရေးအတွက် စွန်ပိကျေးရွာအနီး နွေစပါးချောင်းပိတ်တမံတစ်ခုအား နှစ်စဉ် ဆောင်ရွက်ရပါကြောင်း၊ အဆိုပါတမံမှ ဖို့မြေယူရန်အတွက် မြေရှားပါးလာခြင်းကြောင့် ရေတံခါးပေါက်တစ်ခု ပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်ပါ၍ အသေးစိတ်ကွင်းဆင်းတိုင်းတာပြီး တွေ့ရှိချက်များအပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊  ကျုံသလှရိုးတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြင့် မိုးခိုင်လေးကျေးရွာနှင့် ကျိုက်မဲကျေးရွာအတွင်းရှိ လယ်မြေဧက (၁၀၀၀) ခန့်အား ရေကြီးနစ်မြုပ်မှုမှ လျော့ပါးသက်သာစေမည်ဖြစ်ပါကြောင်း၊ ကျုံသလှရိုးတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အလျား (၆) မိုင်၊ မြေကြီး (၃၇၅၀၀) ကျင်းနှင့် ခန့်မှန်းကုန်ကျငွေ (၉၅.၆၀၆) သန်းအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ (RE) တွင် တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ ယော့ကော်ချောင်းပေါ်တွင် ရေတံခါးငယ်တစ်ခုနှင့် ကျောင်းရိုးတွင် ရေတံခါးငယ် တစ်ခု ပြုလုပ် တပ်ဆင်ပေးခြင်းအားဖြင့် ဒေသခံပြည်သူများမှာ စိုက်ပျိုးစရိတ်သက်သာလာမည်ဖြစ်ပြီး နွေစပါးစိုက်ပျိုးရာတွင် စိုက်ပျိုးရေကို အချိန်နှင့်တပြေးညီ သိုလှောင်ထားရှိနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါ ရေတံခါးငယ်များ တည်ဆောင်နိုင်ရန်အတွက် အသေးစိတ် ကွင်းဆင်းတိုင်းတာပြီး လေ့လာတွေ့ရှိချက်များအပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပဲခူး-စစ်တောင်း တူးမြောင်းတာ၏ ဆန့်ကျင်ဘက်အခြမ်းတွင် ကမ်းပါးပြိုခြင်းနှင့် ရေလွှမ်းသည့် နေရာများဖြစ်သော ငါးချဉ်ဝိုင်းမှ သုံးခွကျေးရွာအထိ (၁.၃) မိုင်၊ သုံးခွပေါင်းကူးတံတားမှ အ.ထ.က အထိ (ဝ.၂) မိုင်နှင့် ခရမ်းစံပြကျေးရွာ မြောက်အစွန်းကမ်းပါးမှ လေးအိမ်စုကမ်းပါးအထိ (၁.၃) မိုင်တို့အား ကာကွယ်ပေးရန် အတွက် တမာကွန်းရိုး၊ ထန်းသုံးပင် လေးအိမ်စုရိုး၊ စက္ခုရိုးတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက် ပေးပြီး ရေလမ်းကြောင်းပြုပြင်ပေးရမည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ကွင်းရေအား ထုတ်နုတ်နိုင်မည်ဖြစ်သဖြင့် ကွင်းရေလွှမ်းမိုးခြင်းမှ လျော့ပါးသက်သာစေမည်ဖြစ်ပြီး ပဲခူး-စစ်တောင်းတူးမြောင်းတာ၏ ဆန့်ကျင်ဘက်ခြမ်းတွင် တာရိုးဖို့မည်ဆိုပါက ရေလမ်းကြောင်းပိတ်ပြီး ကွင်းရေပိုမိုဝင်ရောက်နိုင်မည် ဖြစ်ပါကြောင်း၊ တမာတကွန်ရိုး၊ ထန်းသုံးပင်လေးအိမ်စုရိုးနှင့် စက္ခုရိုး တူးဖောင်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ရန်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ (BE) တွင် တင်ပြတောင်းခံထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းဒေသကြီး ဆည်မြောင်းဦးစီးဌာနအနေဖြင့် ယခင်လွှတ်တော်အစည်းအဝေးများတွင် ကတိကဝတ်ပြုလုပ်ငန်းများအား ပထမဦးစားပေးအနေဖြင့် ဆောင်ရွက်ရန် ကျန်ရှိနေသည်ဖြစ်ရာ အထက်ပါလုပ်ငန်းများအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေ (BE)နှင့် (RE) တို့တွင် ရန်ပုံငွေတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိပါက ဦးစားပေးအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။