(ခ)-ဖွံ့ဖြိုးတိုးတက်မှုအားနည်းသောမြို့ပေါ်ရပ်ကွက် များအတွက်လိုအပ်သောဖွံ့ဖြိုးရေးလုပ်ငန်းများကိုနိုင် ငံတော်မှထောက်ပံ့ကူညီဆောင်ရွက်ပေးရန်အစီ အစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၂၀.၁၀.၂၀၁၄)

ဦးမောင်မောင်တင် (ရေကြည်) မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ဖွံ့ဖြိုးတိုးတက်မှုအားနည်းသော မြို့နယ်များကို ပြန်လည်သုံးသပ်၍ကြည့်ပါက စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု အခွင့်အလမ်းများ အားနည်းခြင်းတို့ကြောင့် ဖြစ်သည် ကို အခြေခံအကြောင်း တရားများအဖြစ် တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကောက်ခံရ ရှိသော အခွန် အကောက်ရန်ပုံငွေအဖြစ် ဆောင်ရွက်ရခြင်းဖြစ်၍ အခွန် အကောက် ပိုမိုရရှိသော မြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုများသည် ထင်သာ မြင်သာရှိကြောင်း တွေ့မြင်နေရသော်လည်း စီးပွားရေး မကောင်းမွန်သော မြို့နယ်များအနေဖြင့် မြို့ပေါ်ရပ်ကွက်ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိခြင်းကို တွေ့မြင်ရမည်ဖြစ် ပါကြောင်း၊ ယခုကဲ့သို့ ချမှတ်ထားသောမူဝါဒအတိုင်း ဆက်လက်ကျင့်သုံးနေမည်ဆိုပါက နှစ်ကာလကြာမြင့်သည်နှင့်အမျှ မြို့နယ် အချင်းချင်း၊ လူနေမှုအဆင့်အတန်းကွာခြားကြမည် ဖြစ်ပါကြောင်း၊  အခွန်အကောက်ရရှိမှု နည်းပါးသော မြို့နယ်များအား လူနေမှုအဆင်‌့အတန်းကွာဟမှုမရှိစေရေး အတွက် နိုင်ငံတော်မှ အတတ်နိုင်ဆုံး ကူညီပံ့ပိုး ဆောင်ရွက်ပေးသင့်ပါကြောင်း၊  သို့ဖြစ်ပါ၍ ဖွံ့ဖြိုးတိုးတက်မှုအားနည်းသော မြို့နယ်များရှိ မြို့ပေါ်ရပ်ကွက် များက အမှန်တကယ်လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကူအညီတောင်းခံ တင်ပြလာပါက နိုင်ငံတော်မှ ထောက်ပံ့ကူညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်လဲ့လဲ့သိန်း
အဖြေ

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်လဲ့လဲ့သိန်း နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်လာပြီဆိုပါက  မည်သည့်ဒေသအတွက်မဆို အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ယခုအချိန်တွင်လည်း မြို့နယ်များအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ် ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ကော်မတီများမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊  ထိုသို့ ဆောင်ရွက်ရာတွင် အခြေခံအားဖြင့် မြို့နယ်အတွင်း ကောက်ခံရရှိသော အခွန်ငွေတွေကို ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၈၈ ဇယား-၂ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အရအသုံးခန့်မှန်း ခြေငွေစာရင်း ကို ထည့်သွင်း ရပါသည့်အပြင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၆ ဇယား-၁ အရ တိုင်းဒေသကြီး/ပြည်နယ်တို့မှ ကောက်ခံ ရရှိသော အခွန်ငွေတွေကို ပြည်ထောင်စုအရအသုံး ခန့်မှန်းခြေ ငွေစာရင်းကို ထည့်သွင်းရပါကြောင်း။ ကောက်ခံရရှိသော အခွန်ငွေများကို အခွန်ဥပဒေအရ ပြည်ထောင်စု မှ တိုင်းဒေသကြီး/ပြည်နယ်များသို့ ခွဲဝေလျာထားပေးသည်ကို တင်ပြအပ်ပါကြောင်း။

မြို့နယ်များက ကောက်ခံရရှိသော မြေယာခွန်၊ ယစ်မျိုးခွန်နှင့် ပွဲခွန်များကို တိုင်းဒေသကြီး/ ပြည်နယ် ဘဏ္ဍာ ရန်ပုံငွေကို ရငွေအဖြစ် ပေးသွင်းရပါကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် မိမိဌာန ရငွေ၊ အခြားရငွေနှင့် အခြားဌာနတွေက ကောက်ခံရရှိသော အခွန်တွေပါရှိပါကြောင်း၊ မိမိဌာနရငွေအနေဖြင့် အကောက်ခွန် ရငွေဖြစ်ပြီး အခြားရငွေများအနေဖြင့် ပစ္စည်းရောင်းရငွေ၊ ဆောင်ရွက်ပေးမှု အတွက် ရငွေ၊ ဌားရမ်းခ ရငွေ၊ ဒဏ်ငွေ၊ အထွေထွေရငွေနှင့် အခြားရငွေတွေ၊ လေလံတင်ရောင်းချ ရငွေများမှ ရရှိသော အခွန်များ ပါဝင်သည့် အပြင် အခြားဌာနများက ကောက်ခံရရှိသော သွင်းကုန်ခွန်၊ ကုန်သွယ်ခွန်၊ လိုင်စင်ခွန်၊ ကြက်ပေါင်စေးခွန်၊ ရှားစေးခွန်နှင့် ဝါဂွမ်းခွန် အစရှိသည်များကို ကောက်ခံပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကို ပေးသွင်းရပါကြောင်း၊ ကောက်ခံရရှိသော အခွန်ငွေကနည်းပါးပြီး ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများ ရှိမည်ဆိုပါက တိုင်းဒေသကြီး/ပြည်နယ်များအတွက် နိုင်ငံတော်သမ္မတ၏ အထူးထောက်ပံ့ငွေ၊ မြို့နယ်ဖွံ့ဖြိုးရေး အတွက် ထောက်ပံံ့ငွေ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊  မြို့နယ်အတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီး၊ လမ်းတံတား စသော ကဏ္ဍဆိုင်ရာစီမံကိန်းများကိုလည်း သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများက ဆောင်ရွက်ပေး လျက်ရှိ သည့်အပြင် လုံလောက်ခြင်း မရှိပါက တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အစီအမံဖြင့် နိုင်ငံတော် က ချေးငွေ ရယူကာ မြို့နယ်များ၏ ဦးစားပေးလိုအပ်ချက်များအရ ဘဏ္ဍာငွေဖြည့်ဆည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊

တိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့်လည်း နိုင်ငံတော်က ခွဲဝေရရှိသော ဘဏ္ဍာငွေအရင်းအမြစ်တွေပေါ် မူတည်ပြီး အမှန်တကယ်လိုအပ်သော နေရာများ ဖွံ့ဖြိုးမှုနောက်ကျနေသော ဒေသများ အတွက် ခွဲဝေ သုံးစွဲလျက်ရှိပါကြောင်း၊ မိမိဒေသအတွင်း ဖွံ့ဖြိုးမှုအလိုက် ဖွံ့ဖြိုးတိုးတက်မှုအားနည်းသော မြို့နယ်များ၊ ရပ်ကွက်၊ ကျေးရွာများကို ဦးစားပေးအစီအစဉ်အလိုက် ရွေးချယ်ခြင်း၊ အချိန်ကာလ ဦးစားပေးမှု သတ်မှတ်ခြင်း များဆောင်ရွက်ပြီး မည်သည့်မြို့နယ်၏ မည်သည်‌့ရပ်ကွက်/ကျေးရွာများမှ မည်သည့်လုပ်ငန်းကို အရင် ဦးစားပေး ဆောင်ရွက်မည်ကို ဖော်ထုတ်ဆောင်ရွက်ရှိပါကြောင်း၊ ထို့နောက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ၁၃-၆-၂၀၁၄ ရက်နှင့် ၁၄-၆-၂၀၁၄ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီးခရီးစဉ်တွင် တိုင်းဒေသ ကြီးအတွင်းတွင်ရှိသော မြို့နယ်စည်ပင်သာယာရေး ကော်မတီ အားလုံးနှင့် ပုသိမ်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော တွေ့ဆုံပွဲအခမ်းအနားတွင်လည်း ဝင်ငွေနည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များအပေါ် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးနိုင်ဖွယ်ရှိသော လုပ်ငန်းများကို ဆွေးနွေး ညှိနှိုင်းပြီး လုပ်ငန်းများကို စာရင်းပြုစုခဲ့ပြီး အဆိုပါလုပ်ငန်းများကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ဖြည်‌့စွက် သို့မဟုတ် ၂၀၁၅-၁၆ ဘဏ္ဍာနှစ် မူလလျာထားချက်တွင် ထည့်သွင်းရေးဆွဲသွား မည်ဖြစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ကိုလည်း တင်ပြထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။