(ခ)-မိမိနိုင်ငံ၏ လမ်းစနစ် နှင့် ကိုက်ညီသော (Brand New) ဘယ်မောင်းကားအသစ်များ နှင့် အခြား နိုင်ငံမှတင်သွင်းမည့် ကားများကို မတင် သွင်းမီ အရည်အသွေး စစ်ဆေးခြင်းလက်မှတ် ပါရှိမှ တင်သွင်းခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၃) ရက်မြောက်နေ့ (၂၄.၁၁.၂၀၁၄)

ဦးစောလှထွန်း (ချောင်းဦး) မိမိအနေဖြင့် မော်တော်ယာဉ်တင်သွင်းမှုနှင့် စပ်လျဉ်းသော အကြောင်းအရာသုံးခုကို မေးမြန်း မည်ဖြစ်ပါကြောင်း၊  ပထမအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သော မော်တော်ယာဉ်တင်သွင်းမှု ကြီးကြပ်ရေး ကော်မတီနှင့် နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံသားများအား အခြားနိုင်ငံများနည်းတူ မိမိနိုင်ငံ၏ လမ်းစနစ်နှင့် ကိုက်ညီသော ပြုပြင်ထိန်းသိမ်းစရိတ်သက်သာသည့် Brand New ကားများကို သက်သာသော အခွန်နှုန်းထားနှင့် ကောက်ခံသုံးစွဲခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း၊ ဒုတိယ အနေဖြင့် နိုင်ငံသားများ ကားဟောင်း/ကားသန့်များကို  ဝယ်ယူသုံးစွဲနိုင်ရေးအတွက် တစ်ပတ်ရစ် ကားများနှင့် ထိခိုက်ပျက်စီး ထားသည့်ယာဉ်များကို လိမ်လည်ရောင်းချမှုများမှ ပပျောက်အောင် ဆောင်ရွက်ပေး နိုင်ခြင်းရှိ/မရှိကို လည်းကောင်း၊ တတိယအနေဖြင့် အခြားနိုင်ငံများနည်းတူ တင်သွင်းလာမည့် ကားများကို တင်သွင်း ခြင်းမပြုမီ နိုင်ငံတကာစံချိန်မီ အရည်အသွေးစစ်ဆေးရေးအဖွဲ့ တစ်ခုခုမှ အရည်အသွေး စစ်ဆေးခြင်း လက်မှတ်ပါရှိမှ တင်သွင်းခွင့်ပြုရန် အစီအစဉ်ရှိ/မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

ဖြေကြားသူ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်
အဖြေ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်  မော်တော်ယာဉ် တင်သွင်းခြင်းနှင့် ပတ်သက်ပြီး အဆင့်ဆင့် ဖြေလျှော့မှုများ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးပါမစ် ထုတ်ပေးခြင်းကိုလည်း  ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်နေ့တွင် ခွင့်ပြုခဲ့ပြီးတော့ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့ တွင် မော်တော်ကားဟောင်းပိုင်ရှင်များ၊ မော်တော်ယာဉ်လွယ်ကူစွာ ဝယ်ယူနိုင်ရေးအတွက် အရောင်းစင်တာများ ဖွင့်လှစ် ခွင့်ပြုပေးလျက်ရှိရာ ကားသစ်၏ရောင်းချသော Show Room များကို ဖွင့်လှစ်ပေးနေသည်မှာလည်း ၁၀ ခု အထိရှိသွားပြီဖြစ်ပါကြောင်း၊ နိုင်ငံခြားငွေ စာရင်းဖွင့်လှစ်ထားသော လူပုဂ္ဂိုလ်တစ်ဦးကို မော်တော်ယာဉ် တစ်စီးပါမစ်ထုတ်ပေးခြင်းကို  ၂၀၁၂ ခုနှစ်၊ မေလ ၇ ရက်နေ့မှ ခွင့်ပြုပေးခဲ့ပါကြောင်း၊

၂၀၁၃ ခုနှစ် ဇူလိုင်လမှ စတင်ကာ အရောင်းပြခန်း(Show Room) များအား ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ရောက်ရှိခုနှစ်နှင့် တစ်နှစ်နိမ့် မော်ဒယ် (ဘယ်မောင်း) Brand New များကိုသာ တင်သွင်းခွင့်ပြုခဲ့ပါ ကြောင်း၊ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းခြင်း များအတွက် ယခုကာလတွင် လူစီးမော်တော်ယာဉ်များကို ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဘယ်မောင်း၊ ညာမောင်း ခွဲခြားခြင်းမပြုဘဲ ခွင့်ပြု ပေးလျက်ရှိပါကြောင်း၊ ရောက်ရှိခုနှစ်နှင့် တစ်နှစ်နိမ့်မော်ဒယ် (ဘယ်မောင်း)တင်သွင်းခြင်းအား ၂၀၁၅ ခုနှစ်တွင် စတင်ကျင့်သုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မော်တော်ယာဉ်တင်သွင်းခြင်းအတွက် သွင်းကုန်လိုင်စင်ပါမစ် ထုတ်ပေးခြင်းသာ ဆောင်ရွက်သည့်ဌာနသာဖြစ်သည့်အတွက်  အကောက်ခွန် နှင့် ကုန်သွယ်ခွန်များကို အကောက်ခွန် ဦးစီးဌာနမှ လည်းကောင်း၊ ကနဦးမှတ်ပုံတင်ခြင်းကို ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှလည်းကောင်း ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် လူတစ်ဦးချင်းအစီအစဉ်ဖြင့် မော်တော်ယာဉ်ပါမစ်ထုတ်ပေးမှုအား ၂၀၁၂ ခုနှစ် မေလမှ စခွင့်ပြုခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာလ အထိ ကားစီးရေ ၁၈၆၅၄၄ စီးအား ခွင့်ပြု‌ပေးခဲ့သည့်အနက် Brand New မော်တော်ယာဉ် ၁၉၈၂ စီးလည်း ပါဝင်ပါကြောင်း။

Reconditioned Vehicle များ တင်သွင်းခြင်းနှင့်ပတ်သက်ပြီး ယခင် ကုန်သွယ်ရေးဝန်ကြီး ဌာန၏ ၁၉၉၆ ခုနှစ် ထုတ်ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ(၆/၉၆)ဖြင့် မော်တော်ယာဉ်များ တင်သွင်းခွင့် ကိစ္စ လုပ်ထုံးလုပ်နည်း သတ်မှတ်ထုတ်ပြန်ရာတွင် ပြုပြင်ပြီး မော်တော်ယာဉ်များကို  တင်သွင်းရာ၌ အချက်ခြောက်ချက်နှင့် ပြည့်စုံရန် ထုတ်ပြန်ဆောင်ရွက်ခဲ့ပါကြောင်း၊

ယင်းအချက် (၆) ကို ဖော်ပြရမည်ဆိုပါက

(က) Engine, tested  and adjusted the complete condition including replacement of necessary parts လိုအပ်သောအစိတ်အပိုင်းများ ပြန်လည်အစားထိုးခြင်းအပါအဝင် အကောင်း ပကတိပြည့်စုံကြောင်း စစ်ဆေးပြီး၊ တပ်ဆင်ပြီးသော အင်ဂျင် ဖြစ်ရန်။

(ခ) Under chassis including brakes, overhauled and repaired to complete safety condition including replacement of necessary parts လိုအပ်သော အစိတ်အပိုင်းများ ပြန်လည် အစားထိုးခြင်းအပါအဝင် အပြည့်အဝဘေးအန္တရာယ်ကင်းရှင်းရန် ဘရိတ်များကအစ အသေးစိတ် စစ်ဆေးပြီး ပြန်လည်တပ်ဆင်ထားသည့် ကားအောက်ပိုင်းဖြစ်ရန်။

 (ဂ) Body repaired to complete condition and be painted ပြည့်စုံသည့်အနေအထားကို ရောက်ရှိသည်အထိ ဆေးသုတ်ပြပြင်ထားသော ကားကိုယ်ထည်ဖြစ်ရန်။

 (ဃ) Room inside, cleaned ကားအတွင်းပိုင်း သန့်ရှင်းရန်။

 (င) New Battery and tyres ဘထရီနှင့် တာယာများ အသစ်ဖြစ်ရန်။

 (စ) Inspection by Government Authorized Inspection Agency အစိုးရအသိအမှတ်ပြုသော ပစ္စည်းစစ်ဆေးရေး အေဂျင်စီမှ စစ်ဆေးချက်ပါရှိရမည်ဖြစ်ရန် တို့ဖြစ်ပါကြောင်း၊

အထက်ပါ အချက်အလက်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လက်ရှိ ကျင်‌့သုံးလက်ရှိသော ထုတ်ကုန်သွင်းကုန်လိုင်စင်များဆိုင်ရာ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ ၂၀၀၈ စာအုပ် အပိုဒ်ခွဲ(၆၄)မှာ ပြုပြင်ပြီး (Reconditioned) မော်တော်ယာဉ်များ တင်သွင်း ခွင့်ပြုခြင်း ခေါင်းစဉ်ဖြင့် လုပ်ထုံးလုပ်နည်း ထပ်မံထည့်သွင်း ဖော်ပြထားရှိခဲ့ပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သွင်းကုန်လိုင်စင်ခွင့်ပြုရာတွင် ကုမ္ပဏီလုပ်ငန်းရှင်များမှ Recondition ယာဉ်တင်သွင်းခွင့်လျှောက်ထားခြင်းအတွက် ၎င်းတို့လျှောက်ထားသော King Pointတွင် Recondition ယာဉ်ဖြစ်ကြောင်း အထက်ဖော်ပြပါအချက်အလက်များ ထည့်သွင်း တင်ပြ လျှောက်ထားမှုအပေါ် ကတိဝန်ခံချက်ရယူပြီးတော့ လုပ်ထုံးလုပ်နည်းနှင့်အညီ သွင်းကုန်လိုင်စင်များ ခွင့်ပြု ထုတ်ပေးလျက်ရှိပါကြောင်း၊ ပစ္စည်းတင်သွင်းလာချိန်တွင်လည်း အကောက်ခွန် ဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးမှတ်ပုံတင် ခွင့်ပြုခြင်းများကိုဆောင်ရွက် လျက်ရှိပါကြောင်း၊  

နိုင်ငံသားများ ကားဟောင်း၊ ကားသစ်များ ဝယ်ယူသုံးစွဲနိုင်ရေးအတွက်လည်း ဆိပ်ကမ်းကို ရောက်ရှိ လာသော မော်တော်ယာဉ်များကို ထိခိုက်၊ တိုက်ကျေမှု ရှိ/မရှိ ကိုဦးစွာစစ်ဆေးခြင်းနှင့် Recondition သတ်မှတ်ချက် ၆ ချက်ပါ အပိုဒ်(စ)ပါအချက်အရ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊  တစ်ပတ်ရစ်ကားများကို ကီလိုမီတာပြန်လျှော့သည့် ကိစ္စများကိုလည်း ပပျောက်အောင်ဆောင် ရွက်ပေးနေပါကြောင်း၊

အကောက်ခွန်ဦးစီးဌာနအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ခွင့်ပြုသော မော်တော်ယာဉ်အမျိုးအစားနှင့် အမှန်တင်သွင်းလာသော မော်တော်ယာဉ်အမျိုးအစား ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပမှ တင်သွင်းသော မော်တော်ယာဉ်များ၏ ၉၀ ရာခိုင်နှုန်းခန့်သည် Export    Certificate ပါရှိပါကြောင်းနှင့် အကောက် ခွန်ဦးစီး ဌာနအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ် ထားသော Recondition အချက်နှင့်ကိုက်ညီမှုမရှိက ဒဏ်ကြေးကျပ် တစ်သိန်းကောက်ခံဆောင်ရွက်ပါကြောင်း၊ သွင်းကုန်လိုင်စင်တွင် လေးမျိုးဖော်ပြပြီး Recondition တင်သွင်းလာပါက ဒဏ်ကြေး ၁/၂ AP ဆောင်ရွက်ပါကြောင်း၊  

ဒဏ်ကြေးကောက်ခံခြင်းအတွက် အကောက်ခွန်ဦးစီးဌာန၏ ရုံးတွင်း ညွှန်ကြားလွှာ အမှတ် (၁၅/ ၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်ကစတင်ပြီးတော့ ကျင့်သုံးဆောင်ရွက်လျက် ရှိပါကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မော်တော်ယာဉ်များ ကနဦးမှတ်ပုံ တင်ခွင့်ပြုရာတွင် မော်တော်ယာဉ်အမျိုးအစား၊ အမျိုးအမည်၊ အတိုင်းအတာ၊ ယာဉ်၏ ထုတ်လုပ်သော ခုနှစ်များကို သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာ၊ အကောက်ခွန်ဦးစီးဌာန၏ တင်ပြချက် သက်ဆိုင်ရာ နိုင်ငံမှ ဖျက်စီးပြီးကြောင်း အထောက်အထားဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းများအပြင် အကောက်ခွန်ဦးစီးဌာနမှပေးပို့သော ဓာတ်ပုံအထောက်အထားများ၊ ကားကတ်တလောက်များနှင့် စစ်ဆေးခြင်းများကို ဆောင်ရွက်ပါကြောင်း၊ မော်တော်ယာဉ်၏ သတ်မှတ်ခုနှစ်ပုံစံ တစ်နှစ်ကွာခြားပါက ဒဏ်ကြေးကျပ်တစ်သိန်းကောက်ခံဆောင်ရွက်ရှိပြီး ယာဉ်၏တင်အား တစ်တန်မှသုံးတန်အထိ ကွဲလွဲခြင်းကို ကျပ်တစ်သိန်းနှင့်  သုံးတန်အထက် ကွဲလွဲခြင်းကို ကျပ်နှစ်သိန်းကောက်ခံပါကြောင်း၊

အခြားနိုင်ငံများနည်းတူ တင်သွင်းမည့် ကားများကို မတင်သွင်းမီ နိုင်ငံတကာစံချိန်မီ အရည်အသွေး စစ်ဆေးရေးအဖွဲ့တစ်ခုခုတွင် အရည်အသွေးစစ်ဆေးခြင်း လက်မှတ် Instruction Certificate ပါရှိမှ တင်သွင်းခွင့်ပြုရန် ယုအချိန်တွင် အစီအစဉ်မရှိသော်လည်း နောက်ရောက်ရှိလာမည့် ကားများ၏ ကြံ့ခံမှုနှင့်  ဘေးကင်းလုံခြုံစိတ်ချရမှုအတွက်ကို သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။