(ခ)-မြန်မာနှိင်ငံမှသယံဇာတများကိုတစ်ဖက်နိုင်ငံ သို့ တရားမဝင် ခိုးထုတ်နေမှုများ နှင့် စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၂၆. ၂.၂၀၁၄)

ဦးမင်းဆွေ (ဒိုက်ဦး)ဤကဲ့သို့သော မေးခွန်းကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက် ပထမ အကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်း အဝေးတွင် တင်ပြမေးမြန်း ခဲ့တာဖြစ်ပါကြောင်း၊ ထို့ပြင် အလားတူ မေးခွန်းမျိုးကိုလည်း မိုးမောက် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထွန်းကလည်း သက်သေ အထောက် အထားများနှင့်  မေးခဲ့ပြီးဖြစ်ပါကြောင်း၊ သို့သော်လည်း ယခုနောက် ပိုင်း ဂျယ်နယ်များတွင် ထပ်မံတွေ့ရှိလာသည့် အတွက် ဆက်လက်မေးမြန်း ရခြင်း ဖြစ်ပါကြောင်း။

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက် နှင့် ၁၁ ရက်နေ့မှာ Volume-3 နံပါတ်-၁၄၇ Hot News ပါ မငြိမ်းချမ်းသော မနောမြေမှာ ငြိမ်းချမ်းနေသော သယံဇာတကုန်ကြမ်း များ ခေါင်းစဉ်ဆောင်းပါးနှင့် ပတ်သက်၍ အောက်ပါမေးခွန်းများ ကို မေးမြန်းလို ပါကြောင်း၊

(၁) ဤကဲ့သို့ မြန်မာနိုင်ငံမှ သယံဇာတများကို တစ်ဖက်နိုင်ငံသို့ တရားမဝင် ထုတ်ယူနေမှုများကို နိုင်ငံတော် အစိုးရက သိပါသလား။

(၂) ယခုဂျာနယ်များတွင် ဖော်ပြချက်များအရ ယခုကဲ့သို နိုင်ငံတော်အရင်းအမြစ်များ ဆုံးရှုံးနေမှုကို နိုင်ငံတော်အစိုး ရမှ မည်သို့ဆောင်ရွက် လျက်ရှိသည်ကို သိရှိလိုပါကြောင်း။

(၃) ဤကဲ့သို့ နိုင်ငံတော်၏ သယံဇာတများကို တရားမဝင်ထုတ်ယူနေမှုများအပေါ် တာဝန်မဲ့ဆောင်ရွက်နေသည့် ဝန်ထမ်းများအား မည်ကဲ့သို့အရေးယူဆောင်ရွက်မည်နည်း။

(၄) ဆုံးရှုံးခဲ့သော နိုင်ငံပိုင်သယံဇာတများနှင့်ပတ်သက်၍ တရုတ်အစိုးရနှင့် ညှိနှိုင်း၍ ထိုက်သင့် သည့် လျော်ကြေးငွေများ ရရှိရေးအတွက် တရားမဝင်ခိုးထုတ် သွားသည့် တရုတ်ကုမ္ပဏီများထံ မှ ပြန်လည်ရ ရှိရေး ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်
အဖြေ

သမ္မတရုံးဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး၊ ဦးစိုးမောင်နိုင်ငံတော်မှ သယံဇာတပစ္စည်းများကို တစ်ဖက်နိုင်ငံသို့ တရားမဝင်ထုတ်ယူမှု မရှိစေရေးအတွက် နယ်မြေခံ တပ်မတော်စစ်ကြောင်းများ၊ ဒေသ အာဏာပိုင်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းပြီါ် ပိတ်ဆို့ရှာဖွေစစ်ဆေး အရေးယူလျက်ရှိပါကြောင်း၊ နယ်စပ်ဒေသတွင် တရားမဝင် လုပ်ကိုင်သယ်ယူပို့ဆောင်မှုများအပေါ် တားဆီး ကာကွယ် အရေးယူမှု များဆောင်ရွက်ခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အနေဖြင်‌့ ၂၀၀၄-၂၀၀၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် စက်တင်ဘာလထိ တရားခံနိုင်ငံသား ၁၁၉၈ ဦး၊ နိုင်ငံခြားသား ၄၁၄ ဦး၊ စုစုပေါင်း ၁၆၁၂ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ကျွန်းသစ်နှင့် အခြား သစ်မာ ၁၄၅၂၈၀.၂၃၁၆ တန်၊ ယာဉ်/ဆိုင်ကယ် အမျိုးမျိုး ၃၁၁၄ စီး၊ တိရစ္ဆာန် ဆင်/လား ၁၁၈ ကောင် သိမ်းဆည်းရမိခဲ့ပါကြောင်း။

ပတ်ဝန်းကျင်ထိန်းသိမ်ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် တရားမဝင် သစ်ခိုးယူမှုများနှင့်ပတ်သက်ပြီး ၂၀၀၄-၂၀၀၅ ခုနှစ်မှ ၂၀၁၃-၂၀၁၄ ခုနှစ်ကာလ များအတွင်း ကချင်ပြည်နယ် အတွင်း အရာထမ်း ငါးဦး၊ အမှုထမ်း ၁၅ ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ အမှုထမ်း လေးဦးတို့ကို ထိရောက်စွာ အပြစ်ပေးအရေးယူ ဆောင်ရွက်ခဲ့ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်အပြစ်ပေးခံရသူ ခြောက်ဦး ရှိခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရမှ သစ်တော၊ သတ္တုနှင့် သယံဇာတ ပစ္စည်းများ ပြည်ပသို့ တရားမဝင် ထုတ်ယူမှုများမရှိအောင် တားဆီးကာကွယ် ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိ ဖြစ်စဉ်များတွင်လည်း တရားဥပဒေ အရ တရားစွဲဆိုခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ၂၀၁၃ ခုနှစ် မတ်လမှ ဧပြီလ အတွင်း နယ်စပ်ဒေသ မှာ တရားမဝင် ရွှေတူးဖော်ခြင်း၊ သစ်မှောင်ခိုနှင့် မြန်မာ့ရေပြင်ပိုင်နက် ငါး ခိုးဖမ်းမှုလုပ်ကိုင်နေသူ နိုင်ငံခြားသား ၃၃ ဦးအား ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း၊ သတ္တုတွင်းဝန်ကြီး ဌာနအနေဖြင့်လည်း ၂၀၁၃ ခုနှစ် ဧပြီလမှ စက်တင် ဘာလအထိ မှောင်ခို တရားခံနိုင်ငံသား ၂၃ ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ကျောက်စိမ်း(အရိုင်း)၊ ဆာပင်တင်း(အရိုင်း)၊ မီးသင့်ကျောက်(အရိုင်း)နှင့် အသွင်းပြောင်းကျောက်(အရိုင်း) စုစုပေါင်း ၂၂၇၅၇.၅၆ ကီလို တန်ဖိုးကျပ်သိန်း ၁၀၅.၅၆၂ သိမ်းဆည်းရမိခဲ့ပါကြောင်း၊

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ်နယ်စပ်မှာ လွယ်ဂျယ်နှင့် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းများကို ဖွင်‌့လှစ်ထားရှိပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို တရားဝင်ကုန်သွယ်မှုပြုနိုင် ရန် ဆောင် ရွက် ပေးလျက် ရှိပါကြောင်း၊ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်သော ဆန်၊ ပြောင်း၊ ရော်ဘာ၊ ဖရဲသီး၊ ပဲပုပ်၊ သစ်တောထွက် ပစ္စည်းဖြစ်တဲ့ ကြိမ်၊ သတ္တု၊ တွင်းထွက်ပစ္စည်းများဖြစ်သော ခဲ၊ သွပ်၊ သတ္တုရိုင်းတို့ကို တရားဝင် လိုင်စင်ဖြင့် ခွင့်ပြုပေးပို့လျက်ရှိပါကြောင်း၊ ကျွန်းခွဲသား၊ တမလန်ခွဲသားများကိုမူ ပို့ကုန်လိုင်စင်ထုတ်ပေး ထားမှုမရှိပါကြောင်း။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သော တရား မဝင်ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီးတော့ ဗဟိုကော်မတီအနေနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုပမာဏ တစ်ရပ်လုံး၏ ၂၀ ရာခိုင်နှုန်းရှိသော နယ်စပ်ကုန်သွယ်မှုလမ်းကြောင်း ၁၅ ခု အနက် အဓိကကျသော မူဆယ်-မန္တလေး လမ်းကြောင်းနှင့် မြဝတီ-ရန်ကုန် လမ်းကြောင်းတို့မှာ Mobile Team နှစ်ခုဖြင့် လည်းကောင်း၊ မူဆယ်၊ တာချီလိတ်၊ တမူးနှင့် ကန်ပိုက်တီးစခန်း ပတ်ဝန်းကျင်များတွင် စခန်းထုတ်နုတ် အင်အားများဖြင့် တရားမဝင် ကုန်သွယ်မှု တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ခုနစ်လ အတွင်း ကျပ် ၆ ဘီလီယံခန့်ကို နိုင်ငံတော်ဘဏ္ဍာသို့ အပ်နှံ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ပထမခြောက်လအတွင်း နယ်စပ် ကုန်သွယ်မှုပ မာဏကျဆင်းသော အခြေအနေများဖြစ်ပေါ်နေရာမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်ကုန်မှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ထက် နယ်စပ်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၈၆.၄၉ သန်း ပိုမိုတိုး တက်အောင် ဆောင်ရွက်နိုင်ခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း။

တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီအနေဖြင့်လည်း သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း ဒေသကြီးအစိုးရအဖွဲ့များအနေဖြင့် မိမိတို့၏ နယ်မြေဒေသအခြေအနေ၊ လမ်းပန်းဆက်သွယ်မှုအခြေ အနေပေါ်မူတည်ပြီး Mobile Team များဖွဲ့စည်းပြီး လှုပ်ရှားရှာဖွေတားဆီးထိန်းချုပ်သွားရန် ခွင့်ပြု ထားပြီးဖြစ်ပါကြောင်းနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း Mobile Team များဖွဲ့စည်းပြီး ဆောင် ရွက်သွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းအရေးယူ ဆောင်ရွက်ခဲ့ရာ ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်းမှာ သစ်တောဥပဒေဖြင့် တရားခံနိုင်ငံသား ၄၀၄ ဦး၊ နိုင်ငံခြား သား ၄ ဦး စုစုပေါင်း ၄၀၈ ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ကျွန်းသစ်နှင့် အခြားသစ် ၃၂၀၉.၉၉၆ တန်၊ တန်ဖိုးအားဖြင့် ကျပ်သိန်း ၁၀၀၄၇.၀၉ သိန်း သိမ်းဆည်းရမိခဲ့ပါကြောင်း၊ ကျောက်မျက်ဥပဒေဖြင့် တရားခံနိုင်ငံသား ၂၁၄ ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ကျောက်စိမ်း ၄၇၀၈၉၂.၆၅၈ ကီလို၊ တန်ဖိုး အားဖြင့် ကျပ်သိန်း ၃၃၉၀၉.၀၉ နှင့် ယူရို ၄၀၉၄၈ သိမ်းဆည်းရမိခဲ့ပါကြောင်း၊ သတ္တုတွင်း အက်ဥပဒေဖြင့် တရားခံနိုင်ငံသား ၂၃၁ ဦး၊ နိုင်ငံခြားသား ၂၉ ဦး စုစုပေါင်း ၂၆၀ ဦးဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး အင်ကြင်းကျောက် ၁၁၉ လုံး တန်ဖိုးအားဖြင့် ကျပ်သိန်း ၆၃၅၉.၆၄၄ နှင့် ယူရို ၁၁၄၇ သိမ်း ဆည်းရမိခဲ့ပါကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေဖြင့် တရားခံ နိုင်ငံသား ၈၉ ဦး ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး တိရစ္ဆာန် (ကျွဲ/ နွား/ မြင်း/လား) ၁၅၀၁ ကောင်၊ တန်ဖိုးအားဖြင့် သိန်း ၅၆၁၀.၂၀ သိမ်းဆည်းရမိခဲ့ပါကြောင်း၊ သဘာဝတောရိုင်း တိရစ္ဆာန်ကာကွယ်ရေး ဥပဒေဖြင့် တရားခံနိုင်ငံသား ၃၆ ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး တိရစ္ဆာန် (ငှက်/ လိပ်/သင်းခွေချပ်/မြွေ) ၂၅၀ ကောင်၊ တန်ဖိုးအားဖြင့် ကျပ်သိန်း ၄၄.၄၄၅ သိမ်းဆည်းရမိခဲ့ပါကြောင်း။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ် ကချင်ပြည်နယ်အတွင်း မြို့နယ်များရှိ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများမှာ တရားမဝင်သစ်နှင့် သတ္တုများ ထုတ်ယူနေမှုနှင့် ပတ်သက်၍ သံတမန်နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ခြင်း၊ ကန့်ကွက်ပြောကြားခြင်းများ အပါအဝင် နှစ်နိုင်ငံ နယ်စပ် ဆွေးနွေးပွဲများမှာ ထည့်သွင်းဆွေးနွေးခြင်းများအား ပုံမှန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ရရှိသော အချက်အလက်များအရ ချီဖွေမြို့နယ်နှင့် ဆော့လော်တွင် တရုတ် နိုင်ငံဘက်မှ တရုတ်လူမျိုးများ တရားမဝင် ဝင်ရောက် လုပ်ကိုင်မှုများနှင့် ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ရရှိထားတဲ့ ဓာတ်ပုံ၊ မြေပုံ၊ စာရွက် စာတမ်းနှင့်တကွ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သံတမန်နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း။

တဖန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ရန်ကုန်မြို့ရှိ တရုတ်သံရုံး၊ သံရုံးတာဝန်ခံ မစ္စတာချန်ချန်ကို ၁၃-၁၁-၂၀၁၃ ရက်နေ့မှာ ဆင့်ခေါ်တွေ့ဆုံပြီး တရားဝင်အသိပေး အကြောင်းကြား ကန့်ကွက်ခဲ့ပါကြောင်း၊ ပေကျင်းမြို့ရှိ မြန်မာသံရုံးမှလည်း မြန်မာသံမှူးကြီး ဦးစိုးဟန်က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာပိုင်ထျန် အား ပေကျင်းမြို့ မှာ နိုင်ငံခြားရေးရေးဝန်ကြီး ဌာနတွင် ၁၈-၁၁-၂၀၁၃ ရက်နေ့မှာ တွေ့ဆုံပြီး ကန့်ကွက်ပြောကြားခဲ့ပါကြောင်း၊ တရုတ်နိုင်ငံဘက်မှာလည်း နှစ်နိုင်ငံဆက်ဆံရေးအတွက် အစဉ်ရှေးရှု ပါကြောင်း၊ သက်ဆိုင်ရာသို့ ဆက်လက် အကြောင်းကြားမည် ဖြစ်ကြောင်းနှင့် အခြားသိရှိရသော အချက်အလက်များ ရှိပါက ထပ်မံ ဆက်သွယ် ပြောကြား စေလိုကြောင်း ပြန်ကြားခဲ့ပါသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော နေရာဒေသများနှင့် ငြိမ်းချမ်းရေးရယူ ရန် ဆောင်ရွက်နေသော ဒေသ များတွင် နိုင်ငံတော်၏ သယံဇာတပစ္စည်းများကို တရားမဝင် ခိုးယူရောင်းချနေမှုများကို ဥပဒေနှင့်အညီ အရေးယူရန် ဆောင်ရွက်ဆဲ ဖြစ်ပြီး မျိုးချစ်စိတ်ခေါင်းပါးပြီး မိမိတစ်ဦးတည်း၊ မိမိတို့ တစ်ဖွဲ့ တည်း ကောင်းစားရေးကိုသာ ရှေးရှုနေသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံတော်ပိုင် သယံဇာတ မျိုးစုံကို သိလျက်နှင့် တရားမဝင်ခိုးယူ၊ ခိုးထုတ်ကာ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရမည့်အစား ဥပဒေကို ချိုးဖောက်ကာ လုပ်ဆောင်မှုကြောင့် နယ်စပ်ချင်းထိစပ်နေတဲ့ နိုင်ငံများမှ မိမိတို့နိုင်ငံရဲ့ သယံဇာတများကို အလွန်နိမ့်ကျသော ဈေးနှုန်းဖြင့်တစ်မျိုး၊ အခမဲ့ရယူနည်းများ ဖြင့်တစ်ဖုံ၊ ရယူနေမှုများရှိနေဦး မှာဖြစ် ပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်လည်း လက်နက်ကိုင်၊ လက်နက်မဲ့ဝန်ထမ်းများဖြင့် နယ်စပ်တစ်လျှောက် စစ်ဆေးတားဆီးခြင်း၊ ပိတ်ပင်ခြင်း၊ ဖမ်းဆီးခြင်း၊ အရေးယူခြင်း၊ ဟောပြော ရှင်းလင်းခြင်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ၏ စည်းကမ်းဖောက်ဖျက်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ တရာမဝင် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် များ၏ စည်းကမ်းဥပဒေချိုးဖောက်မှုများကို လွှတ်တော်ကိုယ်စား လှယ်ကြီး အနေဖြင့် မေးခွန်း ထုတ်ရုံနှင့် မလုံလောက်သေးပါကြောင်း၊ မေးခွန်း၏နောက်ကွယ်တွင် တာဝန်များ ကျန်ရှိနေသေး ပါကြောင်း၊ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ နိုင်ငံရေးအမြင်၊ စီးပွားရေးအသိ၊ လုံခြုံရေးသတိဖြင့် နိုင်ငံတော်၏ သယံဇာတများ လုံခြုံရေးအတွက် ပြည်သူတစ်ရပ်လုံးက တက်တက်ကြွကြွဖြင့် သတင်းပေးခြင်း၊ ဖမ်းဆီးခြင်း၊ တိုင်ကြားခြင်း၊ လိုအပ်လျှင် တရားလိုလုပ်၍ တရားစွဲဆိုခြင်း၊ သက်သေခံပေးခြင်းတို့ဖြင့် ပါဝင်ဆောင်ရွက် လာအောင် လွှတ်တော်ကိုယ်စားလှယများမှ စည်းရုံးခြင်း၊ ပူးပေါင်းတားဆီးခြင်း နှင့် တင်ပြကာကွယ်ကြမှ သာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူတစ်ရပ်လုံးမှ အားမလို အားမရ ဖြစ်နေမှုများ ချုပ်ငြိမ်း သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားချက်နှင့် စပ်လျဉ်း၍ ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးမင်းဆွေက ယခင်တုန်းက မှောင်ခိုသတင်းပေးရာတွင် ဆုပေး၊ ဒဏ်ပေးစနစ်ရှိပါကြောင်း၊ သတင်းပေးတဲ့လူများကို တန်ဖိုး၏ ၁၂ ရာခိုင်နှုန်းခန့် ဆုချီးမြှင်ပါကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူတွေ၊ မိမိတို့၏ မဲဆန္ဒရှင်များကို စည်းရုံးရန်အတွက် သတင်းပေး သူများကို မည်သည့်ဆုများ ပေးအပ်ပြီး မည်ကဲ့သို့ လက်ငယ်ချီးမြှင့်မည်၊ သူတို့၏ လုံခြုံရေးကို မည်ကဲ့သို့ကာ ကွယ်ပေးမည်များကို မိမိတို့အနေဖြင့် အာမခံပေးရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူတစ်ရပ်လုံး ပါဝင်လာစေရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်သကဲ့သို့ နိုင်ငံတော်အစိုးရ ဘက်မှလည်း ထိုက်သင့်သောချီးမြှင့်မှုများ၊ ကာကွယ်မှုများ ဆောင်ရွက်ပေးသင့်ကြောင်း ဆက်လက် တင်ပြပါသည်။