လယ်ယာမြေ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ မူလက တစ်နှစ် သတ်မှတ်ခဲ့ပြီး ဦးသောင်းဟန်(ယင်းမာပင် မဲဆန္ဒနယ်)၏ တင်ပြမှုကြောင့် နောက်ထပ် အချိန်တစ်နှစ် တိုးမြှင့်သတ်မှတ်ခဲ့သော်လည်း ယခုအချိန်ထိ လယ်ယာမြေမှတ်ပုံတင်ကိစ္စများကို ပြီးမြောက်အောင်မြင်အောင် မဆောင်ရွက်နိုင်သည့် ကိစ္စများကို တွေ့ရှိနေရ ဆဲဖြစ်ကြောင်း၊ မိမိမဲဆန္ဒနယ်တွင်လည်း လယ်ယာမြေမှတ်ပုံတင် ခွင့်လုပ်ငန်း ၁၃.၄၁ ရာခိုင်နှုန်းသာ ပြီးမြောက်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးက လယ်ယာမြေမှတ်ပုံတင်ကိစ္စကို အမျိုးသားတာဝန်အဖြစ် ထမ်းရွက်ကြရန် မှာကြားခဲ့သည့်အပြင် ၉-၈-၂၀၁၃ခုနှစ်၊ သမ္မတ အိမ်တော်တွင်လည်း လယ်ယာမြေမှတ်ပုံတင်ခြင်းကိစ္စကို အမြန်ဆုံးဆောင်ရွက်ပေးခြင်းဖြင့် တောင်သူ လယ်သမားများ ရသင့်ရထိုက်သော အခွင့်အရေးများရရှိလာပြီး တောင်သူ လယ်သမားများ၏ စီးပွားရေးဘဝဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ခြင်း တို့ကြောင့် အားလုံး ပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားသွားသည်ကိုတွေ့ရှိရပါကြောင်း။
ထို့အတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး အကြီးအမှူးပြုပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ တောင်သူလယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနှင့် တောင်သူလယ် သမား မြှင့်တင်ရေး ဥပဒေကြမ်းကို လပေါင်းများစွာ ကြိုးစားညှိနှိုင်းဆောင်ရွက်ပြီး အဖက်ဖက်ကပြည့်စုံရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကို အကြိမ်ကြိမ်ဖိတ်ခေါ်၍ ညှိနှိုင်းဆောင်ရွက်ခဲ့သည့်အတွက် ၃-၁၀-၂၀၁၃ ခုနှစ်တွင် ပြည်ထောင်စု လွှတ်တော်ကအတည်ပြုပြီး မကြာခင် တွင် ဥပဒေကြီး ထွက်ပေါ်လာမည် ဖြစ်ပါကြောင်း၊ သို့သော် တောင်သူလယ်သမား များတွင် လယ်ယာမြေ မှတ်ပုံတင်များ မရှိပါက အကျိုးမထိရောက်နိုင်သည့်အတွက် လယ်ယာမြေဥပဒေမှတ်ပုံတင်ခြင်း လုပ်ငန်း မြန်ဆန် စွာပြီးမြောက်ရန် မဖြစ်မနေလိုအပ်ပါကြောင်း၊ ထိုကြောင့် လယ်ယာမြေမှတ်ပုံတင်ခြင်းကာလ ထပ်မံတိုးမြှင့် ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက အချိန်မည်မျှတိုးမြှင့်ပေးပါမည်နှင့် မြေယာမှတ်ပုံတင်မှု မှန်ကန်မြန်ဆန် အောင်မြင်စွာ ပြီးမြောက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများ အသီးသီးမှ စီစဉ်ဆောင်ရွက်မှုများ အား သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လယ်ယာလုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းများကို မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများ၏ လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့များက စိစစ်ဆောင် ရွက်ပေးလျက်ရှိရာတွင် လုပ်ငန်းအခက်အခဲမရှိစေရေးအတွက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲ မှု အဖွဲ့၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင် လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှ မျက်ခြေမပြတ် ကြီးကြပ်ဆောင်ရွက် လျက်ရှိသည့်အပြင် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ အခန်း (၈)၊ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် အယူခံခြင်း၊ ဥပဒေပုဒ်မ ၂၂မှ ၂၅ အထိ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုနှင့် စပ်လျဉ်းပြီး ဖြေရှင်း ဆောင်ရွက်ရန် တိကျစွာပြဋ္ဌာန်းပြီးဖြစ်သည်နှင့်အညီ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ စိစစ်ဖြေရှင်း ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။
လယ်ယာမြေမှတ်ပုံတင်လုပ်ငန်းတွင် အဓိကတွေ့ကြုံရမည့် ပိုင်ဆိုင်မှုအငြင်းပွားခြင်း ကိစ္စရပ်များကိုလည်း စနစ်ကျစွာနှင့် လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၁၇-၅-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၁၂/လယ-၅/(၀၁၈/၂၀၁၃)ဖြင့် အငြင်းပွားမှုဖြေရှင်းဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် အခြေခံအချက်များ၊ ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၁၇-၅-၂၀၁၃ ရက်စွဲပါ စာအမှတ်၊ ၁၂/လယ-၅/(၀၁၉/၂၀၁၃) ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားသော မှုခင်းများ ဖြေရှင်းဆောင်ရွက်ရန် နည်းလမ်း များအား ညွှန်ကြားချက်ထုတ်ပြန်ပေးထားပြီး မှန်ကန်မြန်ဆန်စွာ ဖြေရှင်းနိုင်ရေးကိုလည်း လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ အဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊
လယ်ယာမြေဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအား သိရှိလိုက်နာနိုင်စေရေးအတွက် ဥပဒေ၊ နည်းဥပဒေများပါ စာအုပ်များကို မြေစာရင်းဦးစီးဌာနများနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေဗိမာန်စာအုပ် အရောင်းဆိုင်များတွင် ၇၀၀ ကျပ် နှုန်းဖြင့် ဝယ်ယူနိုင်ကြောင်း ၁-၇-၂၀၁၃ ရက်နေ့ထုတ် ကြေးမုံနှင့် မြန်မာ့ အလင်းသတင်းစာတို့မှ ကြေညာပေးခဲ့ပြီး ဥပဒေ၊ နည်းဥပဒေပါ စာအုပ်များကို အဆိုပါနေ ရာများ၌ ရောင်းချပေးလျက်ရှိပါကြောင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ရာ တွင် ဦးပိုင်တစ်ကွက်ကို ကျပ် ၅၀၀ ကျပ်ပေးသွင်းရန်မှအပ အခြား မည်သည့်အခကြေးငွေမှ ကျခံပေးသွင်းရန်မလိုဘဲ ဆောင်ရွက်ပေးလျက်ရှိပြီး ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ၁၁-၂-၂၀၀၃ ရက်စွဲပါစာအမှတ်၊ ၁၀/လယ-၁၆ (၀၀၆/ ၂၃) ဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးခြင်း လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်အောင် ကြပ်မတ်ကွပ်ကဲဆောင်ရွက်ရန်ကိုလည်း ညွှန်ကြားချက် ထုတ်ပြန်ထား လျက်ရှိပါကြောင်း၊
နိုင်ငံတဝှမ်းလုံး လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများအား ၂၀၁၃-၂၀၁၄ ခုနှစ် တစ်နှစ်တာ ကာလပတ်လုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စနစ်တကျ အောင်မြင်စွာပြီးစီးရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေး လျက်ရှိသည်ကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ၂၈-၂-၂၀၁၃ရက်နေ့ထုတ် သတင်းစာများနှင့် ရုပ်မြင်သံကြား များတွင် ထည့်သွင်း ကြေညာပေးခဲ့ပြီး ဖြစ်ပါကြောင်း၊
လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် လုပ်ပိုင်ခွင့်ပြုလက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ၁-၁-၂၀၁၃ ရက်နေ့မှ စတင် ဆောင်ရွက်ပေးလျက်ရှိရာ ၃၁-၁၀-၂၀၁၃ ရက်နေ့အထိ တောင်သူလယ်သမားများ လက်ဝယ်သို့ ၈၆.၉၁ ရာခိုင်နှုန်း ထုတ်ပေးပြီးဖြစ်ကြောင်းနှင့် ၁၀၀ ရာခိုင်နှုန်း ထုတ်ပေးပြီး နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၆ ခု၊ ၈၀ ရာခိုင်နှုန်းအထက် ၇ ခု၊ ၇၀ ရာခိုင်နှုန်းအထက် ၁ ခုနှင့် ၄၈ ရာခိုင်နှုန်း ရခိုင်ပြည်နယ် တစ်ခုသာလျှင် ကျန်ရှိပြီး ရာနှုန်းပြည့်ပြီးစီးသည်အထိ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှ အထူးအလေးထား ဆက်လက်ဆောင်ရွက် ပေးနေပြီ ဖြစ်ပါကြောင်း၊
လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်များကို တောင်သူလယ်သမားများထံ အလျင်အမြန်ရောက်ရှိစေရေးအတွက် တိုင်း ဒေသကြီးနှင့် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အသီးသီးမှ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ရာနှုန်းပြည့် အကောင် အထည်ဖော် ပြီးစီးသည့်တိုင်အောင် ဥပဒေအရ အငြင်းပွားခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
