(ဃ)-နတ်မောက်မှမကွေးသို့လျာထားပြီးမီးရထား ပိုင်းကို နတ်မောက်မြို့နယ် အနောက်တောင် ဘက်ခြမ်းနှင့်မကွေးမြို့နယ်အရှေ့မြောက်ဘက်ခြမ်း တို့ကိုပြောင်းလဲဖြတ်သန်းဖောက်လုပ်ရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၆.၁၁.၂၀၁၃)

ပျော်ဘွယ်နှင့် မကွေးကို ဆက်သွယ်ဖောက်လုပ်ထားသော မီးရထားလမ်းပိုင်း သည် ပျော်ဘွယ်မြို့နယ်မှ မြန်အောင်၊ နတ် မောက်မြို့နယ်မှ ရွာတော်၊ နတ်မောက်ဘူတာသို့ နေ့စဉ် ပြေးဆွဲလျက်ရှိပါကြောင်း၊ ယခုလက်ရှိလမ်းပိုင်းသည် နတ်မောက် မြို့နယ်အတွင်းရှိ တံခွန်တိုင်ရွာ အနီးနှင့် မကွေးမြို့နယ်အတွင်းရှိ ကြာကန်၊ ညောင်ကန်၊ ကန်ပြားရွာအနီးတို့တွင် လျာထား ပြီးဖြစ်သည်ကို သိရှိရပါကြောင်း၊

၎င်းရွာများသည် ပျော်ဘွယ်က မကွေးကိုဖောက်လုပ်ထားတဲ့ ကားလမ်းမကြီးပေါ်မှာ တည်ရှိပြီးဖြစ်သည့်အတွက် လက်ရှိလျာ ထားသော မီးရထားလမ်းသည် ကားလမ်းနှင့်အပြိုင် ဖြစ်နေခြင်း၊ ချောင်းအကျယ်ကြီးများဖြစ်သော နတ်မောက် ဘက်က ရေဝပ်ချောင်း(တံခွန်တိုင်ချောင်း)၊ မကွေးမြို့နယ်က လိပ်ကန်းချောင်းတို့အပြင် ချောင်းငယ် များစွာ ဖြတ်သန်းရ မည်ဖြစ်၍ တံတားကုန်ကျစရိတ်များစွာရှိခြင်း၊ အကယ်၍ နတ်မောက်မြို့ နယ် အနောက်တောင်ဘက်ခြမ်းဒေသနှင့် မကွေးမြို့နယ် အရှေ့မြောက်ဘက်ခြမ်းဒေသရှိ ကျေးရွာများ ကို ဖြတ်သန်းပြီး ပြုပြင်လျာထားဖောက်လုပ်မည်ဆိုပါက ကုန်ကျစရိတ် သက် သာပြီး ဆက်သွယ်ရေး ခက်ခဲသော ပြည်သူများ သွားလာမှုအဆင်ပြေစေမည် ဖြစ်သည့်အပြင် မီးရထားဌာနအတွက်လည်း ဝင်ငွေတိုးစေမည်ဟု ယူဆရခြင်းတို့ကြောင့် နတ်မောက်မှ မကွေးသို့ လျာထားသည့် မီးရထားလမ်းပိုင်းကို ကားလမ်းနှင့် မယှဉ်စေဘဲ နတ်မောက်မြို့နယ် အနောက်တောင်ဘက်ခြမ်းနှင့် မကွေးမြို့နယ် အရှေ့ မြောက်ဘက်ခြမ်းတို့ကို ဖြတ်သန်း ဖောက်လုပ်သင့်ပါကြောင်းနှင့် ပြောင်းလဲလျာထားရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။   


အဖြေ

ပျော်ဘွယ်-နတ်မောက်-မကွေးရထားလမ်းခရီးမိုင် ၉၄.၇၁ မိုင်ကို ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်က စတင် ဖောက်လုပ်ခဲ့ရာ ပျော်ဘွယ်-ရွာတော်လမ်းပိုင်း ၂၂.၁၂ မိုင်ကို ၁၆-၁-၂၀၁၀ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီးနောက် ပျော်ဘွယ်-ရွာတော်(၃)၊ ပျော်ဘွယ်-ရွာတော်(၄) ရထားများ ပြေးဆွဲလျက်ရှိပါကြောင်း၊   ရွာတော်-နတ်မောက်လမ်းပိုင်း ၃၅.၄၂ မိုင်ကိုလည်း ၁၃-၃-၂၀၁၃ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ပျော်ဘွယ်-နတ်မောက်သစ်(၁)၊ပျော်ဘွယ်-နတ်မောက်သစ်(၂)ရထားများ၊  ကံပြား-မကွေး လမ်းပိုင်း ၇.၆၈ မိုင်ကို ၁၉-၁၂-၂၀၀၉ ရက်နေ့မှာ ဖွင့်လှစ်ပေးခဲ့ပြီး မကွေး (၁)၊ မကွေး(၂)ရထားများ ပြေးဆွဲလျက် ရှိပါကြောင်း၊

နတ်မောက်-ကံပြားလမ်းပိုင်း ၂၉.၄၉ မိုင် လမ်းအူကြောင်းသည် နတ်မောက်-မကွေးကားလမ်းနှင့် နီးကပ်စွာ တည်ရှိနေခြင်း ကြောင့် ၂၀၁၂ ခုနှစ် ဇွန်လကစတင်၍ လုပ်ငန်းရပ်ဆိုင်းထားပြီး လတ်တလောအားဖြင့်တော့ ဆက်လက် ဆောင်ရွက်ရန် အစီအစဉ်မရှိပါကြောင်း၊ သို့သော် နတ်မောက်မြို့နယ် အနောက်တောင်ဘက်ခြမ်းနှင့် မကွေးမြို့နယ် အရှေ့မြောက်ဘက် ခြမ်းရှိ ကျေးရွာတွေ ကို ကွေ့ပတ်ဖောက် လုပ်နိုင်မည့် လမ်းအူကြောင်းသစ်ရှာဖွေ လျက်ဖြစ် မြောက်နိုင်ခြေ လေ့လာမှု ဆောင် ရွက်ပြီး အကျိုး အမြတ်ရှိ/မရှိကို ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။