(က)-ကျောက်ဆည်ခရိုင်၊စဉ့်ကိုင်မြို့နယ်အတွင်းရှိ စက်မှုဝန်ကြီးဌာန၏စီမံကိန်းအပြောင်းအလဲကြောင့် နစ်နာနေကြရသောဝန်ထမ်းများအားအစိုးရဝန်ထမ်း အဖြစ် ဆက်လက်ခန့်ထားရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၆.၁၁.၂၀၁၃)
မေးခွန်း အကြောင်းအရာ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ စက်မှု ဝန်ကြီးဌာန၏ ပလိပ်စက္ကူ စက်ရုံတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ကိုနိုင်ငံတော် Policy အရ ဟုဆိုကာ ဖိအားပေး လျော်ကြေးပင်စင် ယူခိုင်းခြင်း၊ ကုမ္ပဏီဝန်ထမ်းအဖြစ် ဆက်လက် လုပ်ကိုင်စေခြင်း၊ ပွင့်လင်းမြင်သာစွာ ပြော ဆိုခြင်း မရှိဘဲ အခြားဒေသ များသို့ ပြောင်းရွှေ့ ခိုင်းစေခြင်းတို့ ပြုလုပ်နေကြောင်း ကြားသိရပါသည်။

အဆိုပါဝန်ထမ်းများအနေဖြင့် KTK ကုမ္ပဏီနှင့် အစိုးရဝန်ထမ်းအဖြစ်သာ ဆက်လက် တာဝန်ထမ်းဆောင် လိုကြပါကြောင်း၊ ထို့ပြင် ကျောက်ဆည်စက်မှုဇုန်ရှိ စက်ဘီးစက်ရုံ၊ အပ်ချုပ်စက်ရုံ၊ စက်ခေါင်းစက်ရုံ၊ ဖိနပ်စက်ရုံ၊ ပလိပ်အမှတ် (၂) အထည်စက်ရုံ၊ စစ်တောင်းစက္ကူ စက်ရုံ၊ ရေနီစက္ကူစက်ရုံ စသော စက်ရုံများမှ အလုပ်သမားများ မှာလည်း ဝန်ကြီးဌာန၏ စီမံကိန်းအပြောင်းအလဲများကြောင့် အလားတူ ပြဿနာများ၊ ဘဝ မလုံခြုံမှုများ၊ နစ်နာမှုများနှင့် ကြုံတွေ့နေကြရပါကြောင်း။

သို့ဖြစ်ပါ၍ စက်မှုဝန်ကြီးဌာန၏ စီမံကိန်း အပြောင်းအလဲများကြောင့် နစ်နာနေရသောဝန်ထမ်းများကို အခြားဒေသများသို့ မပြောင်းရွှေ့စေဘဲ အစိုးရဝန်ထမ်းအဖြစ် ဆက်လက် အသိအမှတ်ပြု ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် တစ်နိုင်ငံလုံးတွင် နိုင်ငံတော်အတွက် နှစ်ရှည်လများ အနစ်နာခံကာ နိုင်ငံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အလားတူဝန်ထမ်းများ၏ ဘဝကို ငဲ့ညှာထောက် ထားပြီး တရားမျှတမှုရှိစေရန် ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ Policy များချမှတ်ပြီး ဆောင်ရွက်ပေးမယ်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိန်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စက္ကူစက်ရုံခွဲ(ပလိပ်) ကို ၁၉၉၉ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှ စ၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် နိုင်ငံပိုင်စီးပွားရေးကဏ္ဍများကိုလျှော့ချပြီး ပုဂ္ဂလိကပိုင် အခန်းကဏ္ဍ များ မြှင့်တင်ဆောင်ရွက် လျက်ရှိရာ နိုင်ငံတော်မှ ကိုင်တွယ်ရန် လိုအပ်သည့် စက်ရုံ၊ အလုပ်ရုံများမှအပ ကျန်စက်ရုံ၊ အလုပ်ရုံများကို ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ဖက်စပ် ဆောင်ရွက်ခြင်း၊ နှစ်တို/နှစ်ရှည် ငှားရမ်းခြင်းများ ကို ဆောင်ရွက်ခဲ့ပါကြောင်း။

အချို့ အကြီးစားစက်မှုလုပ်ငန်းရှိသော စက်ရုံ၊ အလုပ်ရုံများကို နိုင်ငံတော်မှ ကိုင်တွယ်ထားရမည် ဖြစ်သကဲ့သို့ ကျန်စက်ရုံ၊ အလုပ်ရုံများမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံပိုင်အခန်းကဏ္ဍ လျှော့ချပြီး ပုဂ္ဂလိကအခန်း ကဏ္ဍမြင့် မားရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထို့ပြင် စီးပွားရေးအရ တွက်ချေမကိုက်ပါကလည်း  ပုဂ္ဂလိကကို  ငှားရမ်းဆောင်ရွက် မှသာလျှင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သကဲ့သို့ စီးပွားရေးလုပ်ငန်းများ လည်း မြင့်မားတိုးတက်လာမည် ဖြစ်ကြောင်း၊   စက်မှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်မှ ကိုင်တွယ်ထားရမည့် စက်ရုံများကို နိုင်ငံတော်မှ ကိုင်တွယ်ပြီး ပုဂ္ဂလိကနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်ရမည့် (သို့) ငှားရမ်းဆောင်ရွက်ရ မည့် စက်ရုံ၊ အလုပ်ရုံများကို ဆက်လက်၍ သတင်းစာများတွင် ခေါ်ယူကာ ကျယ်ပြန့်စွာ ဆောင်ရွက်နေပါကြောင်း။

စက္ကူစက်ရုံ(ပလိပ်)ကို ပုဂ္ဂလိကအား လွှဲပြောင်းဆောင်ရွက်နိုင်ရေးအတွက်   ၆-၁-၂၀၁၃ ရက်နေ့တွင် သတင်းစာ မှ ခေါ်ယူ၍ ၁၈-၁-၂၀၁၃ ရက်နေ့တွင် တင်ဒါပိတ်ခဲ့ပါကြောင်း၊ ဈေးနှုန်းအများဆုံး ပေးသွင်းလာ သော KTK Co., Ltd ကို စိစစ်ရွေးချယ်ပြီး မတ်လ ၂၉ ရက်နေ့တွင် စာချုပ်ချုပ်ဆိုကာ ဧပြီလ ၁ ရက်နေ့မှ စ၍ စက်ရုံကို   ငှားရမ်း ဆောင်ရွက်ခဲ့ပြီး ယင်းစက်ရုံတွင် အမှုထမ်းနေသော အရာထမ်း ၄၉ ဦး၊ အမှုထမ်း ၂၆၄ ဦး၊ နေ့စား ၁၃ ဦး၊  စုစုပေါင်းဝန်ထမ်း ၃၂၆ ဦးတို့ အတွက် အခက်အခဲမရှိစေရန် ဝန်ကြီးဌာနအနေဖြင့် စီမံဆောင်ရွက်ထားပါကြောင်း၊ ပုဂ္ဂလိကကုမ္ပဏီကို လိုက်ပါ လုပ်ကိုင်လိုသည့် ဝန်ထမ်းများသည် နိုင်ငံဝန်ထမ်းမှ လက်ရှိ ခံစားရရှိသော လစာ၊ အပိုထောက်ပံ့ကြေးအတိုင်း  ခံစားနိုင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထား ပြီးဖြစ်ပါကြောင်း၊ ကုမ္ပဏီသို့ လိုက်ပါသွားသော ဝန်ထမ်းများကိုလည်း လက်ရှိနေထိုင်သည့် နေရာများတွင် ဆက်လက်  နေထိုင်ခွင့်ရရှိမည် ဖြစ်ပြီး လူမှုဖူလုံရေး အကျိုး ခံစားခွင့်များကိုလည်း ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ အတိုင်း အကျိုးခံစားခွင့်ရရှိမှာ ဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၁၃ ခုနှစ်၊ မတ်လ တွင် ထုတ်ပြန် ထားသော နိုင်ငံ့ဝန်ထမ်းဥပဒေအရ အသက် ၅၅ နှစ်ပြည့်ဝန်ထမ်းများ၊ လုပ်သက် ၃၀ နှစ်ပြည့် ဝန်ထမ်းများကို လုပ်သက်နှစ်ပြည်‌့ပင်စင်များ ခံစားလိုပါက ခံစားခွင့် ပေးမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကုမ္ပဏီတွင် ဆက်လက် အမှုထမ်းဆောင်လိုသော ဝန်ထမ်းများက နိုင်ငံတော်ကချမှတ်ထားသည့် မြို့ပြစည်းမျဉ်းဥပဒေအရ လျော်ကြေးပင်စင် ခံစားရမည်ဖြစ်သကဲ့သို့ ကုမ္ပဏီမှ ပေးသော လုပ်ခလစာများကိုလည်း တစ်ပြိုင်တည်း ရရှိခံစားရမည်ဖြစ်ပါကြောင်း၊ အစိုးရဝန်ထမ်းအဖြစ် ဆက်လက်ဆောင်ရွက်လိုသည် ဆိုပါက ဝန်ကြီးဌာနအတွင်းရှိ ဦးစီးဌာနများ၊ စက်မှုလုပ်ငန်းများတွင် လစ်လပ်ရာထူးများ၊ လစာနှုန်းတူများ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နိုင်ရန်လည်း   ဆောင်ရွက်ပေးထားသည့်နည်းတူ အခြားဝန်ကြီးဌာနများသို့ ကူးပြောင်းလိုသူများအတွက်လည်း ဝန်ကြီးဌာန အချင်းချင်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း။

ထို့ကြောင့် စက္ကူစက်ရုံခွဲ(ပလိပ်)အား နိုင်ငံတော်၏ လိုအပ်ချက်အရ ပုဂ္ဂလိကလုပ်ငန်းရှင်များ သို့ နှစ်ရှည် ငှားရမ်း ဆောင်ရွက်ပြီးဖြစ်သည့်အတွက် အစိုးရဝန်ထမ်းအနေဖြင့် တာဝန်ယူဆောင်ရွက်လိုပါက ဝန်ကြီးဌာန လက်အောက်ရှိ အခြားလစ်လပ်နေရာများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမည် ဖြစ်ပါကြောင်းနှင့် ပလိပ်စက္ကူ စက်ရုံတွင်သာ တာဝန် ထမ်းဆောင်လိုပါက လျော်ကြေးပင်စင်ယူပြီး ပုဂ္ဂလိကကုမ္ပဏီမှ ပေးသောလစာ၊ အပိုထောက်ပံ့ကြေးများ ခံစားနိုင်ကြောင်း၊   ဝန်ထမ်းများ အခက်အခဲမရှိစေရေးအတွက်လည်း ဝန်ကြီးဌာနအနေဖြင့် စီစဉ်ထားရှိပါကြောင်း ဖြေကြားပါသည်။