(ခ)- မြို့နယ်များအတွက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ များအားကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေမှ တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၁၁.၁၁.၂၀၁၃)

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး စီးပွားရေးလုပ်ငန်းကြီးများမရှိဘဲ အဘက်ဘက်က  စီးပွားရေး နိမ့်ကျလျက် ရှိသော ငပုတောမြို့နယ်နှင့် အလားတူ အခြားမြို့နယ်များ၏ စည်ပင်သာယာရေး ရန်ပုံငွေများမှာ နည်းပါးလျက်ရှိပါကြောင်း၊ အဆိုပါနည်းပါးသည့် ရန်ပုံငွေဖြင့်ပင် ဝန်ထမ်းများလစာနှင့် အခြားအသုံးစရိတ်များ ခွဲဝေပြီး ကျန်ရှိရန်ပုံငွေဖြင့် သာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံးစွဲကြပါကြောင်း၊ ထိုသို့သုံးစွဲရာတွင် လမ်းတစ်လမ်း၊ တံတားတစ်စင်းနှင့်သာ ရန်ပုံငွေများ ကုန်သွားခဲ့ရပြီး မိမိတို့မှ ဒေသခံပြည်သူ များ အတွက် မေးခွန်းနှင့် အဆိုများတင်ပြမေးမြန်းရာတွင်လည်း ရန်ပုံငွေလျာထားချက်မရှိခြင်း၊ စည်ပင်သာယာရေး ရန်ပုံငွေမှခွဲဝေသုံးစွဲရန်၊ ရန်ပုံငွေတင်ပြတောင်းခံရရှိပါက ဆောင်ရွက်ပေးမည် စသည်ဖြင့်သာ  ပြန်လည်ဖြေကြား ပါကြောင်း၊ မြို့ပေါ်လမ်းများပျက်ခြင်း၊ တစ်ပိုင်းတစ် စဖြစ်နေခြင်းကြောင့် တာဝန်ရှိသူများကို မေးမြန်းရာတွင် ရန်ပုံ ငွေကုန်သွားခြင်း၊ အခြားလုပ်ငန်းများကို ခွဲပေးရခြင်း စသည့်ဖြင့် ပြန်လည်ဖြေကြားခြင်းတို့ကြောင့် မိမိတို့အနေဖြင့် မည်သည့်အချိန်တွင် ဒေသဖွံ့ဖြိုးရေးအတွက်တင်ပြပြီး ဘဏ္ဍာငွေကို  မည်သို့ ခွဲဝေသုံးစွဲနေကြသည့် လုပ်ငန်းစဉ်များကို သိရမည်ဆိုပါက ပိုမိုအဆင်ပြေနိုင်ပါကြောင်း။

ထို့ကြောင့် နံပါတ် (၁) စည်ပင်သာယာရေးရန်ပုံ ငွေနည်းပါးသော ငပုတောမြို့နယ်ကဲ့သို့ မြို့နယ်များ တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက်များကို စည်ပင်သာယာရေးရန်ပုံငွေ အစား ကျေး လက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေမှ တိုးမြှင့်ဆောင်ရွက် ပေးရန်အစီအစဉ်ရှိ/မရှိ။

နံပါတ်(၂) ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်များသို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရန်ပုံငွေများလျာထားသုံးစွဲရာတွင် မည်သည့် လုပ်ငန်းများကို ဆောင်ရွက်ပေးပြီး ဆောင်ရွက်သည့် ရန်ပုံငွေများ အား မြို့နယ်များသို့ နှစ်အလိုက်မည်ကဲ့သို့ ခွဲဝေ လျာထားပေးမည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


အဖြေ

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ကျေးလက်ဒေသဖွံ့ဖြိုးရေး အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းများအပြင် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရေးအတွက် အသက်မွေး ဝမ်းကြောင်း အထောက်အကူပြု သင်တန်းများကို နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြုငွေနှင့် အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအတွက် ငွေကျပ် ၃၀၄၆.၂၀၂ သန်းဖြင့် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ၊ ငရုတ်ကောင်းမြို့နယ်ခွဲတို့တွင် လမ်းအရှည် ၄ မိုင် ၆ ဖာလုံ မြေသားလမ်းတစ်လမ်း၊ လမ်းအရှည် ၄ မိုင် ၅ ဖာလုံ မြေသားလမ်းတစ်လမ်း၊ လမ်းအရှည် ၁ မိုင် ၆ ဖာလုံ ကွန်ကရစ်လမ်းတစ်လမ်း၊ ရေပြွန်တံတား ၃ စင်း၊ မိုးရေလှောင်ကန်တစ်ကန်၊ အသက်မွေးဝမ်းကျောင်း အ‌ထောက်အကူပြုသင်တန်းများ ဖွင့်လှစ် ဆောင်ရွက် ခဲ့ပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင်လည်း ငွေကျပ် ၃၈၆၁.၁၁၆ သန်းဖြင့် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲနှင့် ငရုတ်ကောင်းမြို့နယ်ခွဲတို့တွင် ငရုတ်ကောင်း- ဆင်မ- ငွေဆောင်လမ်း အရှည် ၅ မိုင် မြေသားလမ်းနှင့် မြို့သစ်- ကန့်ဗလာ- ဘုရားလှလမ်း အရှည် ၁၃ မိုင် ၄ ဖာလုံ မြေသားလမ်းများ ဖောက်လုပ်ခြင်း၊ ဘုရားလှချောင်းကူး တံတားအရှည် ၁၆၀ ပေ၊ ကံဆိပ်- ကွင်းချောင်းလမ်းပေါ်တွင် ရေပြွန်တံတား ၁၀ စင်း၊ ကျောက်ချောင်းကျေးရွာလမ်းပေါ်တွင် ရေပြွန်တံတား ၁၀ စင်းတည်ဆောက်ခြင်းတို့ကို လည်းကောင်း၊ ငပုတောမြို့နယ်၊ ရေချိုကုန်းကျေးရွာ၊ ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ၊ သင်္ဃန်းချောင်းကျေးရွာ၊ ငရုတ်ကောင်းမြို့နယ်ခွဲ၊ ကညင်ချောင်းကျေးရွာတို့တွင် မိုးရေလှောင်ကန်များတူးဖော်ခြင်း လုပ်ငန်းများကို  ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးအတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင်လည်း ငွေကျပ် ၁၉၁၈.၂၀၅ သန်း ခွင့်ပြုရရှိထားပြီး ငပုတောမြို့နယ်၊ သရက်တောကျေးရွာ၊ တောချောင်းကျေးရွာနှင့် ကြာကန်ကျေးရွာတို့တွင် မြေသားမိုးရေလှောင်ကန်များတူးဖော်ပြီး ကျေးရွာ ၃ ရွာ၊ အိမ်ခြေ ၁၈၁ အိမ်တို့ကို ဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊    ထို့ကြောင့် မေးခွန်း(၁) နှင့် စပ်လျဉ်း၍ ကျေးလက်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးလက်လမ်းတံတား၊ ရေပေးရေးနှင့် မီးလင်းရေးလုပ်ငန်းများ လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်ဒေသရန်ပုံငွေလျာထားရာတွင် နိုင်ငံတော်နှင့်ဒေသဆိုင်ရာ အကြီးအကဲများ၏ ဒေသဖွံ့ဖြိုးရေးခရီးစဉ်များတ ဒေသခံပြည်သူများတိုက်ရိုက်တင်ပြသော ဒေသလိုအပ် ချက်များ၊ လွှတ်တော်များမှ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်များ၊ Delivery Unit များနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲမှ ရရှိလာသော လိုအပ်ချက်များကို မြို့နယ်အထောက် အကူပြုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့သို့ စာရင်းပြုစုတင်ပြပြီး ယင်းမှတဆင့် ဦးစားပေးအစီအစဉ်နှင့် စီမံကိန်းပြုလုပ်တင်ပြချက်များကို နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် လျာထား ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားပါသည်။

ငပုတော မဲဆန္ဒနယ်မှ ဒေါ်ခင်သန်းမြင့် (ငပုတော)မှ တစ်ဆက်တစ်စပ်တည်းမေးခွန်းမေးမြန်းရာ သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်းမှ ပြန်လည်ဖြေကြားပါသည်။

ဒေါ်ခင်သန်းမြင့် (ငပုတော)

ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် ရပ်/ကျေးအထောက်အကူပြုကော်မတီမှ  မြို့နယ်၊ ထိုမှတဆင့် တိုင်းဒေသကြီးသို့ အဆင့်ဆင့်တင်ပြဆောင်ရွက်သည်ဟု ဖြေကြားသွားရာ အဆိုပါလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆက်စပ်တင်ပြရမည့်အချိန်နှင့်  မည်သည့်အချိန်တွင် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သိရှိပါမှ ဒေသခံပြည်သူများ အမှန်တကယ်လိုအပ်နေသော လုပ်ငန်းများကို ဖြည့်စွက်ဆောင်ရွက်ပေးနိုင်မည်ဟု ထင်မိပါကြောင်း၊ ထိုသို့မဟုတ်ပါက လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့များက တင်ပြရာတွင် အမျိုးမျိုးကွဲလွဲ ဆောင်ရွက်နေပြီဖြစ်သည့်အတွက် အဆိုပါကိစ္စများကို အပြီးသတ်တင်ပြမည့် အချိန်ကို သိလိုပါကြောင်း၊ ထိုမှသာ ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စများ လျင်လျင်မြန်မြန်နှင့် အစဉ်ချောမွေ့ စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မေးမြန်းတင်ပြပါသည်။

သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း

မေးခွန်းနှင့်စပ်လျဉ်း ကျေးရွာ အထောက်အကူပြုအဖွဲ့ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၊ နှင့် စည်ပင် သာယာရေးကော်မတီတွင်လည်း ဒေသခံမြို့မိမြို့ဖများကို ထည့်သွင်းဖွဲ့စည်းထားပါကြောင်း၊ မိမိတို့ ညွှန်ကြားသည့် အခါတွင်လည်း သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များဆီမှ အကြံ ဉာဏ်တောင်း ယူနိုင်ပါကြောင်း၊  မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ဦးစားပေးလုပ်ငန်း ရွေးချယ်ရာတွင်လည်း လွှတ်တော်ကိုယ်စားလှယ်ကြီးများကို တိုင်ပင်နိုင်ကြောင်း၊  မြို့နယ်အထောက်အကူပြုကော်မတီတွင် မြို့မိမြို့ဖများပါသည့်အတွက် ဒေသလိုအပ်ချက်များကို ဦးစားပေး ၁၊ ၂၊ ၃၊ ၄ ရေးဆွဲပေးမှသာ ရန်ပုံငွေ လျာထားနိုင်မည်ဖြစ်ပါကြောင်း၊ ဘတ်ဂျက်အရ ဘတ်ဂျက်များစသော အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ လများမတိုင်မီ ပေးရန်နှင့် ဒေသဖွံ့ဖြိုးရေး၊ မြို့နယ်ဖွံ့ဖြိုးရေးနှင့် လိုအပ်ချက်များကို စီမံကိန်းတွင် ပါဝင်စေရန် ဆောင်ရွက်ပေးမှသာ ဘတ်ဂျက်လည်း ထည့်သွင်းလျာထားရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် စီမံကိန်းများ အားလုံးမထည့်သွင်းနိုင်အတွက် မြို့နယ်အလိုက် ဦးစားပေး ၁၊၂၊၃၊၄ များ တပ်ပေးရန် လမ်းညွှန်ထားပါကြောင်း ပြန်လည်ဖြေကြားပါသည်။