(ဆ)-နိုင်ငံတော်စီမံကိန်းလုပ်ငန်းများဆောင်ရွက် ရာတွင်(ခွင့်ပြုငွေ၊အတိုင်းအတာ၊တည်ဆောက်ရေး ကာလ၊ တာဝန်ခံ ဆောင်ရွက်သည့် အဖွဲ့အစည်း) စသည့်အချက်အလက်များပါဝင်သောဆိုင်းဘုတ်များ ကို စိုက်ထူပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းသည်

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၁၄.၁၁.၂၀၁၃)

ပြည်သူ့ဘဏ္ဍာများဖြင့် တည်ဆောက်လျက်ရှိသော ဆည်၊ မြောင်း၊ တာတမံ၊ လမ်း တံတား၊ အဆောက်အဦ စသည့် တည်ဆောက်ရေးလုပ်ငန်းများကို ဝန်ကြီးများအနေဖြင့် နှစ်စဉ် ပြည်ထောင်စုလွှတ်တော်သို့ ဘတ်ဂျက်ငွေတောင်း ခံပြီး ဆောက်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ရာတွင်လည်း တချို့လုပ်ငန်းများကို ကန်ထရိုက်၊ တင်ဒါစနစ်နှင့် ပြုလုပ်ကြပြီး တချို့စနစ်များသည် အောက်ခြေ ဌာနဆိုင် ရာဝန်ထမ်းများမှ အကောင်အထည်ဖော်ကြရပါကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် လည်း ခွင့်ပြုငွေအပေါ် အသေးစိတ်တင်ပြ တောင်းခံခြင်း၊ တိကျဆောင်ရွက်ခြင်း၊ စစ်ဆေးလက်ခံခြင်း စသည့်လုပ်ထုံးလုပ်နည်းများလည်း မလွဲမသွေရှိမည် ဖြစ်ပြီး ထိုသို့ပွင့်လင်းမြင်သာမှုမရှိလျှင်  ပြည်သူများက သံသယဖြစ်နိုင်ပါကြောင်း၊ ဥပမာ တစ်ခုအနေဖြင့် မိမိတို့ဒေသမှ လမ်းတစ်လမ်း၏ အစိတ်အပိုင်းတစ်ခုတွင် ၄၂ ကျောက် တစ်ကျင်းကို အပေါ်မှ ၆၈၀၀၀ ချပေးသည်ကို အောက်ခြေ ကန်ထရိုက်ရသည့်သူက ၁၅၀၀၀ ပဲပေးသဖြင့် ကျန် ၅၃၀၀၀ ဘယ်ရောက်သွားမည်နည်း။ ယင်းလမ်းတွင် ကျောက်တစ်ကျင်းကို ၆၈၀၀၀ ဟု သတ်မှတ်ထားရှိပြီး အဆိုပါကိစ္စရပ်များကို ပြည်သူ့ကိုယ်စားလှယ် (သို့) မြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်ရှိသူအဆင့်ဆင့်မှ သိမည်ဆိုပါက ထိုကဲ့သို့ ဖြစ်လာနိုင်မည်မဟုတ်ပါကြောင်း၊ အောက်ခြေလုပ်သားများ ဈေးမရသဖြင့် အခြားအရည်အချင်းရှိသည့်‌ကျောက်များကို မထုတ်လုပ်ပဲ လမ်းဘေးမှ သဲ၊ ကျောက်နှင့် စုပုံပြီးလုပ် ရပါကြောင်း၊ အောက်ခြေတွင် လုပ်သားများက ဈေးနှုန်းမရခြင်း၊ ယင်းလမ်းမှာလည်း မကြာခင် ပျက်စီးနိုင်ပါကြောင်း၊ လုပ်ပိုင်ခွင့်ရှိသော ပုဂ္ဂိုလ်မှ ကျေးရွာတစ်ခုချင်းစီတွင် ကျေးရွာအထောက်အကူပြုကော်မတီ များဖွဲ့စည်းထားပြီး ပြည်သူများတင်ပြရာတွင် (က)အတိုင်းအတာ၊ အလျား၊ အနံ၊ အမြင့်၊ ထုထည်၊ ဧရိယာစသည့် အတိုင်းအတာများ သတ်မှတ်ခြင်းမပြုခြင်း၊ အသုံးပြုသည့်ပစ္စည်းများ အရည်အသွေး အချိန်စံနှုန်းမပြည့်မီခြင်း၊ အရေအတွက်လျော့နည်းခြင်း၊ တည်ဆောက်ပြီး လုပ်ငန်းများ တစ်နှစ်မပြည့်မီ ပြန်လည်ပျက်စီးခြင်း စသည့်ပြည်သူများ၊ ကိုယ်စားလှယ်များထံသို့ တင်ပြလျက်ရှိပါကြောင်း၊  တစ်ဖက်တွင်လည်း တည်ဆောက်ရေး လုပ်ငန်းများကို ကိုယ်တိုင်ကိုယ်ကျဆောင်ရွက်နေသော ဌာနဆိုင်ရာအောက်ခြေဝန်ထမ်းများနှင့် ကန်ထရိုက် လုပ်ပိုင်ခွင့်ရှိသူများကလည်း ဘတ်ဂျက်ခွင့်ပြုငွေအပေါ် သက်ဆိုင်ရာ အဆင့်ဆင့်က ရာခိုင်နှုန်းတချို့ တဝက်ကို ဖြတ်တောက်ရယူပြီးမှ ငွေထုတ်ကြရပြီး ခွင့်ပြုငွေအပြည့်အဝကို လက်မှတ်ထိုးပြီး ထုတ်ကြရကြောင်း တင်ပြလာကြပါသည်။ ယခုအခါ နိုင်ငံတော်အနေဖြင့် ပြည်သူများကို ဗဟိုပြုပြီး ပွင့်လင်းမြင်သာမှုရှိစေရန် ဘဏ္ဍာငွေများ အလဟသမဖြစ်ရေး အဆင့်ဆင့်တာဝန်ခံမှု၊ တာဝန်ယူမှု၊ အဂတိတရားကင်းစေပြီး အစွမ်းကုန်ဆောင်ရွက်၍ ခေတ်သစ်စနစ်သစ်ကို ချီတက်နေသည့်ကာလ မျိုးတွင် ပွင့်လင်းမြင်သာမှု၊ အရေးယူဆောင်ရွက်မှုများမရှိပါက အမြင်မှား၊ အထင်မှားမှုဖြစ်ခြင်းများ ရှိမည်ဖြစ်ကြောင်း၊ လုပ်ငန်းစီမံချက်များနှင့် ပတ်သက်၍ သာမန်ပြည်သူများတွင်မက အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ရှိသော ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူ စသည့် ပုဂ္ဂိုလ်များပင် မသိရှိကြောင်း၊ တင်ဒါပေးသော၊ တင်ဒါလက်ခံသည့်၊ အောက်တွင်စစ်ဆေးမည့်သူများ ညီညွတ်မှုရှိပါက  ပွင့်လင်းမြင်သာမှုသို့ မရောက်ဘဲ  ပြည်သူများအတွက် မှောင်မဲနေမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ အထောက် အကူပြုကော်မတီများနှင့် လက်တွဲပြီးဆောင်ရွက် ရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ ပြည်သူ့ဘဏ္ဍာငွေများ အလဟသမဖြစ်စေရေး၊ အဂတိတရားကင်းရှင်းရေး၊ ဌာနဆိုင်ရာအဖွဲ့အစည်းများကို ပြည်သူများ ယုံကြည် အားကိုးရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ သစ်သို့ အောင်မြင်စွာ ချီတက်နိုင်ရေးအတွက် ရည်ရွယ်ပြီး အောက်ပါမေးခွန်းကို မေးမြန်းလိုပါကြောင်း၊

 (၁) နိုင်ငံတော်၏စီမံကိန်းများအတွက် ခွင့်ပြုငွေအပေါ် အထက်သက်ဆိုင်ရာအဆင့်ဆင့်က ရာခိုင်နှုန်းတချို့ တဝက်ကို ဖြတ်တောက်ခံရခြင်းဆိုသည်မှာ ဟုတ်ပါသလား။

 (၂) စံချိန်စံနှုန်းအရည်အသွေးမပြည့်မီမှုကြောင့် သဘာဝဘေးအန္တရာယ်ကြောင့်မဟုတ်ဘဲ အချိန်စောစီးစွာ ပျက်စီးခြင်းကြောင့် ပြည်သူများထိခိုက်ဒဏ်ရာရ၍ အသက်ဆုံးရှုံးမှုများ ဖြစ်ပွားပါက မည်သို့ အရေးယူဆောင် ရွက်ကြရန် အစီအစဉ်ရှိပါနည်း။

 (၃) ပြည်သူများ ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် အစိုးရဝန်ကြီးဌာနများမှ ဆောင်ရွက်လျက်ရှိသည့် ဆည်၊ မြောင်း၊ တာတမံ၊ လမ်းတံတား၊ အဆောက်အဦစသည့် လုပ်ငန်းခွင်များတွင် ခွင့်ပြုငွေအတိုင်းအတာ၊ တည်ဆောက်ရေးကာလ၊ ပစ္စည်းအမျိုးအစား၊ တာဝန်ခံဆောင်ရွက်သည့် အဖွဲ့အစည်းများကို အချက်အလက် ပြည့်စုံစွာပါဝင်သော ဆိုင်းဘုတ်တစ်ခုကို ထင်တာမြင်သာရှိအောင် စိုက်ထူပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်း များကို ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာမှ တိုက်ရိုက်ဆောင်ရွက်သကဲ့သို့ အချို့လုပ်ငန်းများကို လုပ်ငန်းလိုအပ်ချက်အရ ကုမ္ပဏီအဖွဲ့များနှင့် စာချုပ်ချုပ်ဆိုပြီး လုပ်ကိုင်ဆောင်ရွက်ရသည်များလည် ရှိပါကြောင်း၊ လမ်း၊ တံတားလုပ်ငန်းများကို တိုင်းရင်းသား လုပ်ငန်းရှင်များအား ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကုမ္ပဏီများကို လုပ်ကိုင်ဆောင်ရွက်ခွင့် ပေးထားခြင်းသည် နိုင်ငံတော်၏ ရေရှည်မျှော်မှန်း ချက်ဖြစ်သော Public Private Partnership ဖြစ်အောင် စတင်ထားခြင်းဖြစ် ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုငွေအပေါ် အသေးစိတ်တွက်ချက်ခြင်း၊ ကြီးကြပ်ဆောင်ရွက်ခြင်း၊ စစ်ဆေး လက်ခံခြင်း စသည့် လုပ်ထုံး လုပ်နည်းများနှင်‌့အညီ ကြီးကြပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊       လမ်း၊ တံတားလုပ်ငန်းများ၏ (အလျားx အနံx အမြင့်(ထု)x ဧရိယာ)စသည့် အတိုင်းအတာများ ကို သတ်မှတ်ချက်ပြည့်မီစေရန် အဆင့်ဆင့်စစ်ဆေးပြီး ဆောင်ရွက်ရန်နှင့် ပစ္စည်းများအား တိုင်းတာ လက်ခံ ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများတွင်အသုံးပြုသော တည်ဆောက်ရေး ပစ္စည်းများ အရည်အသွေးပြည့်မီစေရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနရှိ သုတေသနဓာတ်ခွဲခန်းများတွင် စစ်ဆေးပြီး စံချိန်စံညွှန်းမီမှ အသုံးပြုစေခြင်းဖြစ်ပြီး၊  တစ်နှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ပျက်စီးမှုမရှိပါ က ဆောင်ရွက်သည့်ကုမ္ပဏီများကို ပျက်စီးနေမှုများအား ပြန်လည်ပြင်ဆင်ဆောင်ရွက်ရမည်ဟု စာချုပ်ချုပ်ဆိုစဉ် ကပင် အသိပေးထားပြီး ဖြစ်ပါကြောင်း၊ ဌာနမှ ကုမ္ပဏီအဖွဲ့များအား စာချုပ် ပါ ပေးချေရမည့် တန်ဖိုးအား လုပ်ငန်းများဆောင်ရွက်ပြီးပါက ပြီးစီးမှုကို အဆင့်ဆင့်စစ်ဆေးပြီး လုပ်ငန်းတန်ဖိုးအား နိုင်ငံတော်သို့ ပင်ရင်းမှနှုတ်ယူပေးသွင်းရသည့် ကြိုတင်အခွန်ငွေ (Withholding Tax) ၂ ရာခိုင်နှုန်းဖြတ်တောက်၍ သက်ဆိုင်ရာကုမ္ပဏီသို့ ချက်လက်မှတ်ဖြင့် တိုက်ရိုက်ပေးချေပါသဖြင့် အထက်အဆင့်ဆင့်မှရာခိုင်နှုန်း တချို့တစ်ဝက် ဖြတ်တောက်ခြင်းမရှိစေရန် ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း။

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများကို ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် ဘဏ္ဍာငွေများ အလဟဿမဖြစ်စေရန်အတွက် သက်ဆိုင်ရာလုပ်ငန်း တည်ရှိရာဒေသများတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တည်ဆောက်ရေးပစ္စည်းများဝယ်ယူရာတွင် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ် အင်ဂျင်နီယာများ၊ မြို့မိမြို့ဖများ၊ ဆက်စပ်ဌာနဆိုင်ရာများပါဝင်သော ကော်မတီများဖွဲ့စည်းပြီး ပစ္စည်းများဝယ်ယူသည့်အပြင် လုပ်ငန်းများကိုလည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စံချိန်စံညွှန်း မပြည့်ပါက တစ်နှစ်အတွင်း ပျက်စီးမှုရှိလျှင် မူလသတ်မှတ်ထားသည့် စံချိန်စံညွှန်းအတိုင်း ပြန်လည်ပြင်ဆင်ပေး ရန် ညွှန်ကြားထားပြီး ဌာနဆိုင်ရာများအား မိမိတို့တာဝန်ယူသော လမ်းပေါ်တွင် မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း၊ အသက်ဆုံးရှုံးခြင်းများရှိပါက တာဝန်ရှိသူအား ပြင်းထန်စွာ သတိပေးခြင်း၊ နေရာပြောင်းရွှေ့  ခြင်း၊ ရာထူးအဆင့်လျော့ချခြင်းနှင့် ရာထူးမှထုတ်ပယ်ခြင်းစသည့် ထိရောက်စွာ အပြစ်ပေး အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာတွင် အင်ဂျင်နီယာမှူးကြီး၊ ဒုတိယအင်ဂျင်နီယာမှူးကြီး၊ အင်ဂျင်နီယာမှူး၊ လက်ထောက်အင်ဂျင်နီယာများနှင့် အခြားအဆင့်များ ၅၀ ကျော်ခန့် အရေးယူထား ပြီး ဖြစ်ပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသောစီမံကိန်းနှင့် ဆောင်ရွက်နေသော တည်ဆောက်ရေး လုပ်ငန်းများဖြစ်သည့် အဆောက်အဦ၊ လေယာဉ်ကွင်း၊ လမ်း၊ တံတားစသည့် လုပ်ငန်းခွင်များတွင် တာဝန်ယူ ဆောင်ရွက်သော အဖွဲ့အစည်းများဖော်ပြပြီး ဆိုင်းဘုတ်များစိုက်ထူထားပါကြောင်း၊ ရန်ပုံငွေ သုံးစွဲမှုနှင့်ပတ်သက်၍ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့ အကြောင်း ကြား ပေးပို့ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှလည်း ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ ကို ထပ်ဆင့်အသိပေး အကြောင်းကြားလျက်ရှိပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများစိုက်ထူမည့် ဆိုင်းဘုတ်များကို လွှတ်တော်ကိုယ်စားလှယ်ကြီး၏ အကြံပြုချက်အတိုင်း ခွင့်ပြုငွေ၊ အတိုင်းအတာ၊ တည်ဆောက်ရေးကာလ၊ တာဝန်ခံဆောင်ရွက်သည့်အဖွဲ့အစည်းစသည့် အချက်အလက်များ ပြည့်စုံစွာဖြည့် စွက်ပြီး စိုက်ထူသွားမှာဖြစ်ပါကြောင်း၊ ထိုပြင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများသို့လည်း ထပ်ဆင့်အကြောင်းကြားပေးမည် ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားပါသည်။

ရှင်းလင်းဖြေကြားချက်နှင့် စပ်လျဉ်း၍မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းကဆက်စပ်မေးခွန်းမေးမြန်းရာ

ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ရှင်းလင်းပြောကြားချက်ကို ကောင်းစွာနားလည်ပါသော် လည်း  ဆိုင်းဘုတ်ဆိုက်ထူရန်ဆိုသည်ကို မိမိတို့ ပွင့်လင်းမြင်သာမှု၏ အဆင့်တစ်ဆင့်ကို ဆောင်ကြဉ်းပေးနိုင် လိမ့်မည်ဟု ယူဆမိပါကြောင်း၊ အာဏာပိုင်များ၊ မြို့မိမြို့ဖများနှင့် ကော်မတီဖွဲ့ပြီး ဆောင်ရွက်ရန် ညွှန်ကြား ထားခြင်းသည် ထိရောက်မှုရှိသော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးသည် မည်သည်ကိုမျှ မသိသေးပါ ဟု ပြောကြားထားပါကြောင်း၊ ထိုသို့သော ညွှန်ကြားချက်များ ရှိသည်ဆိုပါက မည်သို့သော စာမျိုး၊ ညွှန်ကြား ချက်မျိုးကို မည်သည့်အချိန်တွင် စာအမှတ်မည်မျှနှင့် ညွှန်ကြားထားသည်ကို သိနိုင်မည်ဆိုပါက မိမိတို့အနေဖြင့် ယင်းအချက်များကို ထောက်ပြ၍ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်းကို ထပ်ဆင့် မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်

မိမိတို့အနေဖြင့် ယခင်အချိန်က ထိုကဲ့သို့သော ပစ္စည်းများကို ဝယ်ယူသည့်အခါ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ သတ်မှတ်ထားသော ဈေးနှုန်းအတိုင်း ဝယ်ယူ၍  ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဈေးနှုန်းကြီးကြပ်ရေးကော်မတီကိုလည်း သက်ဆိုင်ရာအင်ဂျင်နီယာအဖွဲ့ များနှင့် ဆက်စပ်သည့် အဖွဲ့များနှင့် ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခု ၂၀၁၃ ခုနှစ် အစတွင် ပြည်ထောင်စုအစိုးရမှ ပစ္စည်းများဝယ်ယူသည့်အခါ တင်ဒါစနစ်၊ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပွင့်လင်းမြင်သာမှုရှိစေရန်  ဝယ်ယူရမည်ဟု ညွှန်ကြားထားရာ မိမိတို့အနေဖြင့် ညွှန်ကြားချက်အရ တစ်နိုင်ငံလုံးရှိ အောက်ခြေမြို့နယ်အဆင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရမှ သတ်မှတ်ဈေးနှုန်းအောက် ပိုပြီးလျှော့သော ဈေးနှုန်းဖြစ်သည့် ပွင့်လင်းမြင်သာသော တင်ဒါစနစ်ဖြင့် ဝယ်ယူရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဝယ်ယူသည့် အခါ သက်ဆိုင်ရာမြို့နယ်အဆင့်တွင် မဟုတ်ဘဲ ဆက်စပ်သည့် မြို့မိမြို့ဖများနှင့် ထပ်မံဖွဲ့စည်းလိုက်သည့် မြို့နယ်ဖွံ့ဖြိုးရေး၊ တိုးတက်ရေးကော်မတီများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများ အထိ ပါဝင်ဖွဲ့စည်းပြီး ဆောင်ရွက်ရမည် ဖြစ်သည်ကို ညွှန်ကြားထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။