(က)-နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသောသားသမီး များကို နိုင်ငံသားကတ်ထုတ်ပေးရန်နှစ်ပေါင်းများစွာ ကြန့်ကြာနေပါသဖြင့် နိုင်ငံသားကတ်အလွယ်တကူ ထုတ်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၇၇)ရက်မြောက်နေ့ (၁၆.၇.၂၀၁၅)

ဦးစိုးဝင်း (ကျောက်တံတား) နိုင်ငံသားဖြစ်ခြင်း/မဖြစ်ခြင်း သက်သေခံလက်မှတ်ကို နိုင်ငံတော်က ၁၉၅၀ ခုနှစ် ပတ်ဝန်းကျင်မှသာ  စတင်လုပ်ကိုင်နိုင်ပြီး ယနေ့အချိန်ထိ တစ်နိုင်ငံလုံး ဆောင်ရွက်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးသည့် နေရာတွင် အဆင့်ဆင့် စစ်ဆေးထုတ်ပေးထားသည့် ဖခင်နိုင်ငံသား၊ မိခင်နိုင်ငံသားနှစ်ဦးမှ မွေးဖွားလာသောကလေးသည် သွေးနှောဖြစ်သည်ဆိုသော အကြောင်းပြချက်ဖြင့် နှစ်နှင့်ချီပြီး စိစစ်နေခြင်း ဖြစ်သင့်/မဖြစ်သင့် ပြန်လည်သုံးသပ်ပေးရန်နှင့် မူလသွေးနှောမိခင်၊ ဖခင်ကတည်းက နိုင်ငံသားဖြစ်သင့်ပါက နိုင်ငံသားကတ်ထုတ်ပေးရန် ငြင်းဆန်ရမည်ဖြစ်သော်လည်း သားသမီးကို ငြင်းဆန်သူ ဖြစ်သင့်/မဖြစ်သင့်နှင့် ၎င်းမိဘနှစ်ဦးမှမွေးဖွားသော သားသမီး ဟုတ်/မဟုတ်သာ စိစစ်သင့်ပါကြောင်းနှင့် သံသယရှိပါက ယနေ့ခေတ် DNA စစ်ဆေးသော နည်းအပါအဝင် နည်းပေါင်းစုံဖြင့် စစ်ဆေးနိုင်ပါကြောင်း။ သို့ဖြစ်ပါ၍ နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော သားသမီးများကို နိုင်ငံသားကတ် ထုတ်ပေးရန် နှစ်ပေါင်းများစွာ ကြံ့ကြာနေပါသဖြင့် နိုင်ငံသားအဖြစ် ဆုံးရှုံးနေခြင်းသည် နိုင်ငံတော်ကို အယုံအကြည်ကင်းမဲ့နေပါသဖြင့် နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများကို အလွယ်တကူ နိုင်ငံသားကတ် ထုတ်ပေးနိုင်ခြင်းရှိ/မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်နှင့် ရှိပါက မည်သည့်ပုံစံဖြင့် ထုတ်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်
အဖြေ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်မြန်မာနိုင်ငံတွင် နေထိုင်ကြသူများ၏ နိုင်ငံသား စိစစ်ခြင်းကို တည်ဆဲဥပဒေဖြစ်သော မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ  စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံသားဥပဒေတွင် နိုင်ငံသားများကို မွေးရာပါ နိုင်ငံသားနှင်‌့ ဥပဒေအရ နိုင်ငံသား ဟူ၍ နှစ်မျိုးသတ်မှတ်ထားပါကြောင်း၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၃ တွင် နိုင်ငံတော်တွင်ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသား ဖြစ်သည်ဟုလည်းကောင်း၊ ပုဒ်မ-၅ တွင် “တိုင်းရင်းသားတိုင်းသည်လည်းကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည် လည်းကောင်း၊ မွေးရာပါ နိုင်ငံသားဖြစ်သည်” ဟု ဖော်ပြထားသဖြင့် တိုင်းရင်းသားများသည် မွေးရာပါနိုင်ငံသားများဖြစ်ပါကြောင်း။

ပုဒ်မ-၅နှင့် အကျုံးဝင်သည့် တိုင်းရင်းသားမွေးရာပါနိုင်ငံသားများသည် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရာတွင် မှားယွင်းမှုမရှိနိုင်သည့်အတွက် အစိုးရသစ်တာဝန်ယူသည့် အချိန်ကာလမှစ၍ မိုးပွင့်စီမံချက် အဆင့်(၁)မှ အဆင့်(၇)အထိလည်းကောင်း၊ ယခု နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာကာလအတွင်း မိုးပွင့်အထူးစီမံချက်ဖြင့်လည်းကောင်း၊ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ရရှိခြင်း မရှိသေးသူတစ်ဦးမှ မကျန်ရှိအောင် ရည်မှန်းပြီး ကွက်ပြည့် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ မွေးရာပါနိုင်ငံသား ၆.၄ သန်းကျော်အား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၆ တွင် “ဤဥပဒေအာဏာတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူသည် နိုင်ငံသား ဖြစ်ပါကြောင်း၊ သို့ရာတွင် ပုဒ်မ-၁၈ ပါပြဋ္ဌာန်းချက်နှင့် ငြိစွန်းလျှင် ယင်းပုဒ်မအရ အရေးယူခြင်းခံရမည်” ဟု ဖော်ပြပါရှိထားပါကြောင်း၊ ပုဒ်မ-၆ ပါ နိုင်ငံသားဖြစ်ပြီးသူဆိုသည့် စကားရပ်သည် မြန်မာနိုင်ငံသားဥပဒေ မပေါ်မီ ယခင်နိုင်ငံသားဥပဒေများအရ နိုင်ငံသားဖြစ်ခဲ့သူများကို ယခုမြန်မာနိုင်ငံသား ဥပဒေက နိုင်ငံသားအဖြစ် ဆက်လက်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ထိုသူများမှာ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး)အက်ဥပဒေနှင့် ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်မှုအက်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံသားအဖြစ်ရရှိထားသောသူများဖြစ်ပါကြောင်း၊ ထိုသူများထဲတွင် နိုင်ငံခြားသားများ၊ နိုင်ငံခြားသား သွေးနှောများမှ ဥပဒေနှင့်အညီလျှောက်ထားပြီး ဥပဒေသတ်မှတ်ချက်များအရ နိုင်ငံသားအဖြစ် ရရှိလာသူများ ဖြစ်ကြပါကြောင်း၊ ထိုသူများမှ မွေးသော သားသမီးများသည် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၇ အရ နိုင်ငံသားများ ဖြစ်ကြပါကြောင်း၊ ထိုသူများကိုလည်း ဥပဒေအရနိုင်ငံသားဟု သတ်မှတ်ထားပါကြောင်း။

မြန်မာနိုင်ငံသားဥပဒေအရ ဥပဒေအရ နိုင်ငံသားအဖြစ် သတ်မှတ်ရမည့် နိုင်ငံခြားသားများမှာ နိုင်ငံသားဖြစ်လာသူများ နိုင်ငံခြားသား သွေးနှောများမှ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကြောင့် နိုင်ငံသားဟုသတ်မှတ် မှတ်ယူရမည့်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းသည် ရုံးမှတ်တမ်းမှတ်ရာ အထောက်အထားများဖြင့် သေချာစွာ တိုက်ဆိုင်စိစစ်ရ၍ မိုးပွင့်စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်မှုတွင် ပါဝင်ဆောင်ရွက်ပေးခြင်း မရှိပါကြောင်း၊ ၎င်းတို့အား သက်ဆိုင်ရာမြို့နယ်ရုံးများတွင်သာ လျှောက်ထားလာပါက စိစစ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ရာတွင် ကြာမြင့်ချိန်နှင့်ပတ်သက်၍ မွေးရာပါ နိုင်ငံသား တိုင်းရင်းသားများ ဖြစ်ပါက အများဆုံး (၂၈) ရက်အတွင်း ထုတ်ပေးရန်နှင့် ဥပဒေအရ နိုင်ငံသားသွေးနှောများဖြစ်ပါက ၎င်းတို့တင်ပြရမည့် အထောက်အထားစုံလင်မှုနှင့် ရုံးမှတ်တမ်းနှင့် တိုက်ဆိုင်စစ်ဆေးနိုင်မှုအပေါ် မူတည်ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူးများထံ တစ်မှုချင်းအလိုက် အထောက်အထားများဖြင့် (Case by case) တင်ပြရခြင်းများကြောင့် ထိုက်သင့်သည့် အချိန်ကြာမြှင့်နိုင်ကြောင်းကိုလည်း ပြည်သူလူထုထံ အသိပေးကြေညာ ထားပြီးလည်းဖြစ်ပါကြောင်း၊ လိုအပ်သည်ထက် ပိုမိုကြာမြင့်ခြင်းမရှိရန်လည်း ဦးစီးဌာန(ရုံးချုပ်)မှ အပတ်စဉ် ဆောင်ရွက်နိုင်မှု အပေါ် (Mornitoring Group) ထားရှိပြီး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း။

နိုင်ငံသားစိစစ်ရေးကတ်ရရှိပြီးသော နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော သားသမီးများအား အလွယ်တကူ ထုတ်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်း၍ အလွယ်တကူ ထုတ်ပေးနိုင်ခြင်းမရှိပါကြောင်း။ မြန်မာနိုင်ငံသားဥပဒေအရ မွေးကတည်းက နိုင်ငံသားအရည်အချင်းရှိသည့် မွေးရာပါနိုင်ငံသား တိုင်းရင်းသားများကိုသာ အလွယ်တကူ ထုတ်ပေးနိုင်မည်ဖြစ်ပြီး ဥပဒေအရ နိုင်ငံသားများအတွက် တင်ပြသော အထောက်အထားများ မှန်ကန်မှုရှိ/မရှိနှင့် မိဘနှစ်ပါးရရှိထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားသည် ဥပဒေနှင့်အညီ မှန်ကန်စွာထုတ်ပေးထားခြင်းရှိ/မရှိ အထောက်အထားများဖြင့် စိစစ်ပြီးမှသာ ထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း။

မိဘနှစ်ပါးရရှိထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြန်လည်စိစစ်ရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားဥပဒေကို ၁၅-၁၀-၁၉၈၂ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ၂၀-၉-၁၉၈၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းအား ၁-၃-၁၉၈၅ ရက်နေ့မှစ၍ စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ စတင်ဆောင်ရွက်စဉ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများအားလုံးကို တစ်ပြိုင်တည်းဆောင်ရွက်ရန် မဖြစ်နိုင်သဖြင့် အသက်(၁၀)နှစ် ပြည့်ပြီး အမျိုးသားမှတ်ပုံတင် မရှိသေးသောသူများ၊ အသက်(၁၈)နှစ်ပြည့်သူများ၊ အသက်(၃၀)နှစ် ပြည့်သူများကို အဆင့်(၃)ဆင့်ခွဲ၍ တစ်ဆင့်ချင်းအလိုက် သေချာစွာစိစစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် လက်မှတ်ရေးထိုး၍ စနစ်တကျ နိုင်ငံသားစိစစ်ကတ်ပြား ထုတ်ပေးခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း။

၁၉၉၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်တင်မြှောက်ပွဲတွင် မဲဆန္ဒပေးခွင့်ရှိသူအားလုံး နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်မဲပေးနိုင်စေရန် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ လမ်းညွှန်ခဲ့သည့်အတွက် ကြောင်‌့ ၁၉၈၉-၁၉၉၀ ပြည့်နှစ်တွင် အထူးစီမံချက်ဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးရေးလုပ်ငန်း ဆောင်ရွက်ခဲ့ရပါကြောင်း၊ အချိန်နှင့်အရေအတွက် မျှတမှု မရှိသဖြင့် သတ်မှတ်ကာလအပြီး ဆောင်ရွက်နိုင်ရန် မိမိဝန်ထမ်းအင်းအားဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ လုပ်အားပေးများစွာဖြင့် ဆောင်ရွက်ခဲ့ရ၍ နိုင်ငံသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူ အချို့သည်လည်းကောင်း၊ တိုင်းရင်းသားမဟုတ်သူများမှလည်းကောင်း၊ လူမျိုးနှင့် ကိုယ်ရေးအချက်အလက်များ ဖုံးကွယ်ပြီး တိုင်းရင်းသားအဖြစ် မဟုတ်မမှန်ဖော်ပြ လျှောက်ထားခဲ့ကြရာ ဥပဒေနှင့်အညီ သေချာစွာစိစစ်နိုင်ခြင်းမရှိဘဲ ရွေးကောက်ပွဲအမီ ကတ်ထုတ်ပေးနိုင်ရေးကိုသာ ဦးတည်ခဲ့ရသဖြင့် မမှန်ကန်သူများလည်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများရရှိခဲ့ခြင်းများကို ပြန်လည်တွေ့ရှိခဲ့ရပါကြောင်း၊ လုပ်ငန်းမြန်ဆန်စေရန်အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား လက်မှတ်ရေးထိုးခွင့်ကို မြို့နယ်ဦးစီးဌာနမှူးများမှ ဆောင်ရွက်ခဲ့ပါရာ ထိုအချိန်က အသက်(၁၈)နှစ်ပြည့်ပြီးသူအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိခဲ့ကြပါကြောင်း၊

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်ကိုင်ဆောင်၍ ပြည်တွင်းနေထိုင်ခွင့်ရှိသူ နိုင်ငံခြားသားများ၊ နိုင်ငံခြားသားမှတ်ပုံတင်ရေး နည်းဥပဒေကို လိုက်နာရန် လိုအပ်သော ၎င်းတို့၏ သားသမီးများ၊ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ရန် ပျက်ကွက်နေသူများ၊ ကိုင်ဆောင်ပြီးသော်လည်း လဲလှယ်မှုပျက်ကွက်နေသူများနှင့် နိုင်ငံခြားမှ နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ရောက်နေထိုင်သူများ၊ ၎င်းတို့နှင့် သွေးနှော၍ မွေးဖွားလာသူများလည်းရှိနေကြရာ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်းမှာ ၎င်းတို့ ရောနှောပါဝင်မှု မရှိစေရေးအတွက် အထောက်အထားများကို တိုက်ဆိုင် စိစစ်နေရခြင်းများရှိပါကြောင်း၊ ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ မြို့နယ်ဦးစီးဌာနမှူးများ လက်မှတ်ရေးထိုးခွင့်ပေးခဲ့ပြီး မှားယွင်းမှုများရှိနေသည့်အတွက် ၂၃-၉-၁၉၉၇ ရက်နေ့မှစ၍ သွေးနှောလူမျိုးများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားကို တိုင်း/ပြည်နယ် ဦးစီးဌာနမှူးများအား စိစစ်လက်မှတ်ရေးထိုးစေခဲ့ပါကြောင်း၊ တဖန် လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံသားဆိုင်ရာ အမှုတွဲများကို သက်ဆိုင်ရာ ခရိုင်များနှင့် ပြည်နယ်/တိုင်းများသို့ အဆင့်ဆင့်တင်ပြနေကြရသဖြင့် မလိုလားအပ်သော နှောင့်နှေးကြန့်ကြာမှုများ ရှိခြင်းနှင့် လုပ်ငန်းအရှိန်အဟုန် မြင့်မားမှုအတွက် အဟန့်အတားသဖွယ် ဖြစ်နေခြင်းတို့ကြောင့် လုပ်ငန်းရပ်များ လျှင်မြန်သွက်လက်မှုရှိပြီး လွယ်လင်‌့တကူဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ထုတ်ပေးနိုင်ရန်ရည်ရွယ်၍ မြို့နယ်ဦးစီးဌာနမှူးများအား လက်မှတ်ရေးထိုး ထုတ်ပေးစေခဲ့ခြင်းဖြစ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်တော်ကြီး တင်ပြသကဲ့သို့ ယခင်က လွယ်ကူလျှင်မြန်စွာ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခဲ့သော်လည်း မြို့နယ်ဦးစီးဌာနမှူးများ၏ မြန်မာနိုင်ငံသားဥပဒေအပေါ် ကျွမ်းကျင်မှု အားနည်းခြင်းကြောင်‌့လည်းကောင်း၊ လျှောက်ထားသူများမှ လိမ်လည်လျှောက်ထားမှုမျာအား စိစစ်မှုအားနည်းခြင်းကြောင်‌့လည်းကောင်း၊ မလွန်ဆန်နိုင်သော အဖွဲ့အစည်းများ၏ ဖိအားများကြောင့်လည်းကောင်း၊ လာဘ်ပေးလာဘ်ယူမှုများကြောင်‌့ လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားကို ဥပဒေနှင့်အညီသေချာစွာ စိစစ်ခဲ့ခြင်းမရှိဘဲ ၎င်းတို့၏ လုပ်ပိုင်ခွင့် အပြင် အလွယ်တကူထုတ်ပေးကြခြင်းကြောင့် မှားယွင်းမှုများ ရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ၁၉-၉-၂၀၀၀ ရက်နေ့မှစ၍ မြို့နယ်မှူး လက်မှတ်ရေးထိုးမည့်အစား တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူးများ လက်မှတ်ရေးထိုးခြင်းကို ယနေ့အထိ ဆောင်ရွက်လျက်ရှိပါကြောင်း။

ယခုအချိန်တွင် စီမံချက်ကာလအပါအဝင် နောက်ပိုင်းကာလများတွင် သေချာစွာစိစစ်မှု အားနည်းသော နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ပြန်လည်စိစစ်နိုင်ရေးအတွက် ကာယကံရှင်မှ နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး ပျက်စီး၍ မိတ္တူလာရောက်လျှောက်ထားလျှင် သော်လည်းကောင်း၊ သားသမီးများမှ နိုင်ငံသားစိစစ်ရေး ကတ်ပြား လာရောက်လျှောက်လားလျှင်သော်လည်းကောင်း၊ ၎င်းတို့၏ နိုင်ငံသားဖြစ်မှုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးထားမှုတို့အား မှန်ကန်မှုရှိ/မရှိ ဥပဒေနှင့်အညီ ပြန်လည်စိစစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ပြန်လည်စိစစ်ခြင်းအားဖြင့် မှန်ကန်စွာ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိသူများအတွက် မည်သည်‌့ပြဿနာမှ မရှိဘဲ ၎င်းတို့၏ နိုင်ငံသားဖြစ်မှု အခြေအနေ ပိုမိုခိုင်မာစေမည်ဖြစ်ပါကြောင်း၊ မဟုတ်မမှန် လိမ်ညာခေါ်ပြ၍ ရရှိထားသူများ၊ ဥပဒေနှင့်အညီသေချာစွာ စိစစ်မှုအားနည်း၍ အလွယ်တကူ ရရှိထားသူများဖြစ်ပါက ပြန်လည်စိစစ်ခြင်းအားဖြင့် အမှန်ကို ပြန်လည်တည့်မတ်နိုင်ပြီး နိုင်ငံသားအရည်အချင်းရှိ/မရှိကိုလည်း ဥပဒေနှင့်အညီ ဖော်ထုတ်သိရှိနိုင် မည်ဖြစ်သည့် အတွက် ပြန်လည်စိစစ်ခြင်းဖြင့် ကာယကံရှင်အတွက်သော်လည်းကောင်း၊ နိုင်ငံတော်အတွက်သော်လည်းကောင်း နှစ်ဦးနှစ်ဘက်အကျိုးရရှိ စေမည်ဖြစ်ပါကြောင်း။

နိုင်ငံသားဖြစ်ခြင်းသည် နိုင်ငံတော်အချုပ်အခြာအာဏာ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်နှင့်အညီ နိုင်ငံတော် လုံခြုံရေးအတွက်လည်း အရေးကြီးသည့်အတွက် နိုင်ငံသားအရည်အချင်း ပြည့်မီခြင်းမရှိသူတစ်ဦးအား နိုင်ငံသားအဖြစ် ခွင့်ပြုခဲ့ပါက နိုင်ငံတော်အတွက် ရေရှည်တွင် အန္တရာယ်များနိုင်ပါကြောင်း၊ မိမိဝန်ထမ်း များအနေဖြင့် မိဘ၊ ဘိုးဘွားများဆိုင်ရာ အချက်အလက်များအား စနစ်တကျ စိစစ်ရေးသည်တာဝန်ရှိ သကဲ့သို့ ကာယကံရှင်များဘက်မှလည်း အထောက်အထားအချက်အလက် ပြည့်စုံမှန်ကန်စွာတင်ပြရန် လိုအပ်ပြီး ဥပဒေနှင့်ညီညွတ်လျှင် နိုင်ငံသားအဖြစ်ရရှိမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ နိုင်ငံသားစိစစ်ရေးကတ် ရရှိရန် သတ်မှတ်ထားသည့် နိုင်ငံသားအရည်အချင်း ပြည့်မီမှုရှိ/မရှိဆိုသည့် အချက်သည် အရေးကြီးပြီး စနစ်တကျ အချိန်ယူစိစစ်ရန် လိုအပ်ကြောင်းကိုလည်း သိရှိနိုင်မည်ဖြစ်ပြီး ကြန့်ကြားမှုများသည် ကာယကံရှင်၏ အထောက်အထား အချက်အလက် ပြည့်စုံမှန်ကန်မှုအပေါ်တွင် မူတည်နေပါကြောင်း။

သို့ဖြစ်ပါ၍ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူများကို အလွယ်တကူ ထုတ်ပေးနိုင်မည်ဖြစ်ပြီး ဥပဒေအရ နိုင်ငံသားများဖြစ်သော နိုင်ငံခြားသား သွေးနှောသူများအတွက် ဥပဒေနှင့်အညီသာ စိစစ်ရသဖြင့် ထိုက်သင့်သည့် အချိန်ကြာမြင့်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးစိုးဝင်း (ကျောက်တံတား) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မေလ ၂၉ ရက်နေ့က ထုတ်ပြန်သော ၂၀၁၄ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူဦးရေကို ၅၁.၄၉ သန်းဟု ဖော်ပြထားပါကြောင်း၊ နိုင်ငံသားစစ်ဆေးရေးကတ် ကိုင်ဆောင်သူဦးရေ ၂၈ သန်းကျော်ရှိပြီး အသက် ၁၀ နှစ်နှင့်အထက် မည်သည့်ကတ်မျှ မကိုင်ဆောင်သူဦးရေသည် ၁၁ သန်းကျော်ရှိပါကြောင်း၊ ၁၁ သန်းကျော်ဦးရေသည် အလွန်များပြားပါကြောင်း၊ မည်သည့်ကတ်မျှမကိုင်ဆောင်သည့် လူဦးရေ ၁၁ သန်းနှင့် စပ်လျဉ်း၍ ဌာနအနေဖြင့် မည်ကဲ့သို့ စိစစ်ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်

မိမိတို့အနေဖြင့် သန်းခေါင်စာရင်းကောက်ခဲ့သည့် အချိန်တွင် သန်းခေါင်စာရင်း ရည်ညွှန်းချိန်ဖြစ်သည့် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် ရှိသည့် စာရင်းကိုသာ ကောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လက်ရှိအနေအထားအားဖြင့် ၂၈ သန်းကျော် ကတ်ကိုင်ဆောင်ထားပြီး ၁၁ သန်းကျော်ကျန်နေသည်ဟု သန်းခေါင်စာရင်းတွင် ဖော်ပြထားရှိပါကြောင်း၊ လက်ရှိအနေအထားအားဖြင့် အစိုးရသစ်ကာလတွင် မိုးပွင့်စီမံချက်နှင့် ပတ်သက်ပြီး ဆောင်ရွက်နေခြင်းမှာ မိုးပွင့်အဆင့်(၁) မှ (၇)အထိ စုစုပေါင်း ၄၂ သိန်းကျော် ကတ်ပေးခဲ့ပြီး မိုးပွင့်အထူးစီမံချက်ကို ဆောင်ရွက်နေသော ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ထိ စာရင်းအရ စုစုပေါင်းကတ် သိန်း ၂၀ ကျော်သည့်အတွက်  နိုင်ငံသားစစ်ဆေးရေးကတ် ၆.၄ သန်းကျော် ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း။ လက်ရှိအနေအထားအရ ပထမရည်ရွယ်ချက်မှာ ဇွန်လကုန်ထိသာ ဆောင်ရွက်ရန်ဖြစ်ပြီး ကျန်ရှိနေသေးသည်ဟု ယူဆသဖြင့် ဇူလိုင်လကုန်အထိ ထပ်မံတစ်လ တိုးချဲ့ပြီး ဆက်လက်ဆောင်ရွက်ပြီး ကွင်းဆင်းစိစစ်ပေးနေပါကြောင်း ရှင်းလင်းဖြေကြားပါသည်။