ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်ရှိ နောင်ဆွမ်းကျေးရွာအုပ်စု၊ ဝမ်စပ်ကျေးရွာအုပ်စု၊ ခေါက်နွဲ့ကျေးရွာအုပ်စုနှင့် ဝိန်းကောင်ကျေးရွာအုပ်စု စသော ကျေးရွာအုပ်စု ၄ အုပ်စု ဆက်သွယ် ထားသောလမ်းသည် နွေရာသီအချိန်တွင်သာ သွားလာနိုင်ပြီး ၎င်းလမ်းသည် ကျဉ်းမြောင်းခြင်း၊ ရေနုတ်မြောင်းများမရှိခြင်း၊ လမ်းဘေးဝဲယာ၏ ရေမျက်နှာပြင်ထက် နိမ့်ခြင်း၊ မိုးရာသီအချိန်တွင် ရွှံ့မြောင်းထဲအတိုင်း သွားလာဖြတ်သန်းရခြင်းစသော အားနည်းချက်များနှင့် ကျေးရွာပြည်သူများ နှစ်စဉ် မိုးရာသီအချိန်ရောက်လာပါက လွန်စွာအခက်အခဲ ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ ကျေးသီးမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၄ အုပ်စု ဆက်သွယ်သွားလာဖြတ်သန်းသော နောင်ဆွမ်း- ခေါက်နွဲ့- နောင်ဆီး-ဝမ်စပ်- ခုန့်လုံ- ဝိန်းကောင်ကျေးလက်လမ်းအား မည်သည့်အချိန်တွင် စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်အတွင်းရှိ နောင်ဆွမ်းကျေးရွာအုပ်စု၊ ဝမ်စပ်ကျေးရွာအုပ်စု၊ ဟိုပုံကျေးရွာအုပ်စုနှင့် ဝိန်းကောင်ကျေးရွာအုပ်စုကို ဆက်သွယ်ထားသော နောင်ဆွမ်း- ခေါက်နွဲ့- နောင်ဆီး- ဝမ်စပ်- ခုန့်လုံ- ဝိန်းကောင် ကျေးရွာချင်းဆက်လမ်း အရှည် ၁၅ မိုင်၊ အကျယ် ၆ ပေရှိသော ဆိုင်ကယ်သွားလမ်းဖြစ်ပြီး ကျေးရွာ ၆ ရွာ၊ အိမ်ခြေ ၁၃၈၁ အိမ်ရှိ ပြည်သူလူထု ၈၄၇၆ ဦးတို့ကို အကျိုးပြုသည့်လမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းအရှည် ၁၅ မိုင်ကို ရာသီမရွေးသွားလာနိုင်သော ၁၈ ပေ အကျယ် မြေသားလမ်း အဖြစ်ဆောင်ရွက်မည်ဆိုပါက ငွေကျပ် ၂၂၅ သန်းခန့် ခန့်မှန်းကုန်ကျမည် ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၆၇၅၈.၄၃၆ သန်းနှင့် ကတ္တရာလမ်း ၁ မိုင်၊ ကျောက်ချောလမ်း ၆၃ မိုင် ၅ ဖာလုံ၊ မြေသားလမ်း ၈၈ မိုင် ၂ ဖာလုံ၊ ကွန်ကရစ်တံတား ၉၄ ပေ၊ သစ်သားတံတား ၈၉၁ ပေနှင့် ရေပြွန် ၄၅ ပေတို့ကို ဆောင်ရွက်ရန် ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ ကျေးသီးမြို့နယ်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၆၄၃.၆၄ သန်းနှင့် ကျောက်ချောလမ်း ၉ မိုင်၊ ကွန်ကရစ်တံတား ၂၀ ပေ၊ သစ်သားတံတား ၅၀ ပေ ဆောင်ရွက်ရန် ခွင့်ပြုပြီးဖြစ်သော်လည်း ကျေးသီးမြို့နယ်အတွင်းရှိ နောင်ဆွမ်း- ခေါက်နွဲ့- နောင်ဆီး- ဝမ်စပ်- ခုန့်လုံ- ဝိန်းကောင် ကျေးရွာချင်းဆက်လမ်းအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တါင် လျာထားတင်ပြထားခြင်း မရှိသေးပါကြောင်းနှင့် လတ်တလောဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
