ကြို့ပင်ကောက်မြို့၏ အနောက်ဘက်ခြမ်းနယ်မြေဒေသရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိက ဖြစ်သည့်အတွက် တောင်ရိုးကွင်း- လယ်တီလမ်းမွန်ရန် လိုအပ်ပါကြောင်း၊ လယ်တီကျေးရွာသည် ကြို့ပင်ကောက်မြို့ အနောက်ဘက်နယ်မြေ၏ ဗဟို အချက်အခြာ ကျသည့်ဒေသဖြစ်ပါကြောင်း၊ တောင်ရိုးကွင်းရွာသည် ကြို့ပင်ကောက်- ဇီးကုန်း- လမ်းကောက်ပေါ်တွင် ရှိသည့်အတွက် တောင်ရိုးကွင်းရွာအထိ သွားလာရေးသည် အဆင်ပြေချောမွေ့ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကြို့ပင်ကောက်မြို့နယ် အနောက်ဘက်ခြမ်း နယ်မြေဒေသရှိ ကျေးရွာများ အမြန်ဆုံးဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်ရိုးကွင်း- လယ်တီလမ်းနှင့် လမ်းပေါ်ရှိ တံတားများ အပါအဝင် အဆင့်မြှင့်ပြုပြင်ဆောင်ရွက်ပေးပါရန်နှင့် မည်သည့်နှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ တောင်ရိုးကွင်း- လယ်တီလမ်းသည် အရှည် ၃ မိုင် ၄ ဖာလုံရှိသည့် မြေသားလမ်းဖြစ်ပြီး ကျေးရွာ ၃၀ ရွာ၊ အိမ်ခြေ ၂၅၁၅ အိမ်၊ ပြည်သူလူထု ၁၀၁၄၇ ဦးကို အကျိုးပြုနေသည့် လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းကို ဆောင်ရွက်ရန် ခန့်မှန်းကုန်ကျငွေမှာ ဂဝံလမ်း ၃ မိုင် ၄ ဖာလုံအတွက် ငွေကျပ် ၁၁၉ သန်း၊ အုတ်ခုံခံတံတားတစ်စင်း ၄၅ ပေအတွက် ငွေကျပ် ၂၇ သန်းနှင့် စုစုပေါင်း ငွေကျပ် ၁၄၆ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၅၃၉၃.၇၇၃ သန်းနှင့် ကွန်ကရစ်လမ်း ၁ မိုင် ၄ ဖာလုံ၊ ကတ္တရာလမ်း ၆ မိုင် ၃ ဖာလုံ၊ ကျောက်ချောလမ်း ၃၂ မိုင်၊ မြေသားလမ်း ၃၉ မိုင်၊ သစ်သားတံတား ၁၇၃၇ ပေ၊ ကွန်ကရစ်ရေကျော် ၁၅၉ ပေ နှင့် Box Culvert ၁၂၅ ပေတို့ကို ဆောင်ရွက်ရန် ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ ကြို့ပင်ကောက်မြို့နယ်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၂၀၃.၅၆ သန်းနှင့် ကျောက်ချောလမ်း ၂ မိုင်၊ သစ်သားတံတား ၁၈ ပေ တို့ကို ဆောင်ရွက်ရန် ခွင့်ပြုပြီးဖြစ်သော်လည်း ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်အတွင်း တောင်ရိုးကွင်း- လယ်တီလမ်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် လျာထားတင်ပြထားခြင်း မရှိသေးပါကြောင်းနှင့် လတ်တလော ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသန့်ဇင် (ကြို့ပင်ကောက်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦး
မိမိတို့အနေဖြင့် ဖြည့်စွက်ရန်ပုံငွေရှိသော်လည်း ဖြည့်စွက်ရန်ပုံငွေဆိုသည်မှာ မူလဘတ်ဂျက် လျာထားစဉ်တွင် ရန်ပုံငွေအရ အပိုင်းလိုက်ခွဲပြီး လျာထားရသည့် လုပ်ငန်းများကို ထည့်သွင်းရခြင်း ဖြစ်ပါကြောင်း၊ ဒေသအတွင်း မဖြစ်မနေ ယင်းနှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများကို ထည့်သွင်းရပါကြောင်း၊ ထို့နောက် လွှတ်တော်များတွင် ပေးထားသည့် ကတိကဝတ်များထဲမှ မူလဘတ်ဂျက်တွင် ထည့်သွင်းရန် ကျန်သည့် လုပ်ငန်းများကို ဖြည့်စွက်တွင် ထည့်သွင်းရပါကြောင်း၊ သို့ဖြစ်ပါ၍ ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းမည်ဆိုပါက ဒေသ၏ ဖော်ပြပါ အချက် ၃ ချက်နှင့် ကိုက်ညီသည့် လုပ်ငန်းများကိုသာ ထည့်သွင်း၍ရမည်ဖြစ်ပါကြောင်း၊ ယခု တင်ပြသည့် အချက်များကို တိုင်းဒေသကြီးနှင့် ညှိနှိုင်းပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အဆိုပြုထားသည်များကို ပေါင်းစပ်ပြီး ဦးစားပေးအစီအစဉ်အလိုက် ထည့်သွင်းမည်ဆိုပါက နောင်လာမည့်နှစ်များအတွက် အကြမ်းဖျင်း လျာထားသည့်အဆင့်သာ မိမိတို့က ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
