ခေတ်အဆက်ဆက် နိုင်ငံတော်အတွက် ဆည်ကြီးများ တည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်သည့် စိုက်ပျိုးရေးအတွက် အထောက်အကူ ဖြစ်နေကြပါကြောင်း၊ ဆည်များရေရှည်တည်တံ့ခိုင်မြဲစေရန် ရေဝပ်ဧရိယာနှင့် ရေလှောင်ပမာဏ မလျော့ပါးရေး အထူးသတိပြုရန် လိုအပ်ပါကြောင်း၊ ဆည်များ၏ ရေဝေရေလဲများတွင် သစ်ပင် များများရှိရန် လိုအပ်သောကြောင့် သစ်တောများ၊ သဘာဝတောများ၊ စိုက်ခင်းများ ထူထောင်ပေးရန် လိုအပ် ပြီး ရေဝေရေလဲဧရိယာများတွင် သဘာဝအတိုင်းရှိစေ၍ အထူးအလေးထား ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ ယခုအခါ ဆည်များစု၏ ရေဝေရေလဲဧရိယာများတွင် သစ်တောသစ်ပင်များနည်းပါးခြင်း၊ နီးစပ်သော ဧရိယာများတွင် ထွန်ယက်စိုက်ပျိုးခြင်းများ များပြားလာခြင်းကြောင့် မိုးတွင်းရေစီးနှင့်အတူ သက်ဆိုင်ရာဆည်များအတွင်းသို့ နုံးမြေများဝင်ရောက်နေပါကြောင်း၊ မိမိတို့ ရမည်းသင်းမြို့သည် ခြောက်သွေ့သော မိုးခေါင်ရေ ရှား ဒေသဖြစ်သည့်အတွက် စိမ်းလန်းစိုပြေစေရန် ဒေသနေပြည်သူများ စိုက်ပျိုးရေ၊ သောက်သုံးရေ ဖူလုံရန် ရည်ရွယ်၍ သစ်ဆုံဆည်ကို တည်ထောင်ပေးခဲ့ပါကြောင်း၊ သစ်ဆုံဆည်သည် မြေသားတမံ အမျိုးအစားဖြစ်ပြီး သစ်ဆုံချောင်းကိုပိတ်ကာ ၁၉၆၀-၁၉၆၁ က တည်ဆောက်ပြီးစီးခဲ့ပြီးသည့် ရမည်းသင်းခရိုင်အတွင်းရှိ လယ်မြေဧက ၂၀၇၀၈ ဧကကို ရေပေးဝေစိုက်ပျိုးရန် တည်ဆောက်ထားသော ဆည်တစ်ခုဖြစ်ပါကြောင်း၊ ယခုအခါ သဲနုံးမြေများရှိလာပြီး နှစ်ကြာလာသဖြင့် ရေလှောင်ပမာဏ တဖြည်းဖြည်း လျော့နည်းလာမည်ဖြစ်ပါကြောင်း၊ ၂၀၁၀-၂၀၁၁ တိုင်းတာချက်အရ ရရှိသော Civility နှင့် ယခင် Civility နှိုင်းယှဉ်ပါက ဆည်များအတွင်း နှစ် ရှည်လာသည်နှင့်အမျှ ရေလှောင်ပမာဏ လျော့နည်းလာပါကြောင်း၊ ဆည်များ ရေလှောင်ပမာဏ လျော့နည်းခြင်း၏ အဓိကအကြောင်းအရင်းမှာ သစ်တောပြုန်းတီးမှုကြောင့် ဖြစ်သည်ကို တွေ့ရှိရပါ သဖြင့် နိုင်ငံတော် အတွင်း ခေတ်အဆက်ဆက် တည်ထောင်ထားခဲ့သောဆည်များ နှစ်ရှည်လများ တည်တံ့ခိုင်မြဲရေးအတွက် ရေဝေရေလဲသစ်တောများ ပြုန်းတီးခြင်းမှ ကာကွယ်ပေးရန်နှင့် နိုင်ငံတော်အနေဖြင့် တန်ဖိုးကြီးမားသော ဆည် များ ရေရှည်တည်တံ့ပြီး အစဉ်ထာဝရ ကောင်းမွန်စေရန် စီမံဆောင်ရွက်ထားရှိနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မိမိတို့နိုင်ငံသည် ရေချိုသယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး၊ နိုင်ငံအတွင်း အဓိကမြစ်ကြီး ၄ သွယ်၊ မြစ်ငယ်ပေါင်း ၃၀ ကျော်နှင့် သဘာဝရေချိုရေကန်ပေါင်းများစွာ တည်ရှိရာ အစိုးရအဆက်ဆက် တည်ဆောက်ခဲ့သည့် ဆည်နှင့် ရေလှောင်တမံ စုစုပေါင်း ၂၈၀ အထိတည်ရှိနေပါကြောင်း၊ မိမိတို့ နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေ စဉ်ဆက်မပြတ်ရရှိရေးသည် အလွန် အရေးကြီးလှ ပါကြောင်း၊ ယနေ့ စွမ်းအင်ကဏ္ဍတွင် လိုအပ်လျက်ရှိသည့် ရေအားလျှပ်စစ်ထုတ်လုပ်ရာ ရေလှောင်တမံကြီးများတွင်လည်း တစ်နှစ်ပတ်လုံး လုံလောက်သော ရေပမာဏစီးဝင်ရန်နှင့် ထိန်းသိမ်းထားနိုင်ရန် လိုအပ် ပါကြောင်း၊ ထိုကဲ့သို့ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရေဝေရေလဲဒေသများတွင် သစ်တောသစ်ပင်များနှင့် သဘာဝတည်ရှိမှုများသည် စဉ်ဆက်မပြတ် ရေရှည်တည်တံ့နေမှသာ ရရှိနိုင်မည်ဖြစ်ပါကြောင်း။
ရေဝေရေလဲသစ်တောများ တည်ရှိခြင်းသည် ရေစီးဆင်းမှုကို ထိန်းညှိပေးခြင်း (Water Flow Regulation)၊ အညစ်အကြေးများ သန့်စင်ပေးခြင်း (Water Purification)၊ မြေဆီလွှာတိုက်စားမှုမှ ကာကွယ်ခြင်း (Erosion Control)နှင့် ရေကြီးရေလျှံမှုအန္တရာယ်မှ ကာကွယ်ပေးခြင်းစသည့် အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ရေ၊ မြေ၊ တောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ခြင်း၊ ထာဝစဉ် တည်တံ့စေခြင်း၊ ပြည်သူလူထု၏ အခြေခံစားဝတ်နေရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ စွမ်းဆောင်ရည်မြင့်မားတိုးတက်စေခြင်း၊ ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်လာစေခြင်း၊ ပြည်သူလူထု အတွင်း နိုင်ငံတော် ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် သစ်တောများအရေးပါမှုကို နိုးကြားတတ်ကြွစွာ အသိဉာဏ်၊ အသိရှင်သန်နေစေခြင်းစသည့် မြန်မာ့သစ်တောမူဝါဒ ပဓာန (၆) ချက်နှင့် အညီ နှစ် ၃၀ သစ်တောကဏ္ဍ ပင်မစီမံကိန်းကို အခြေခံလျက် ၁၀ နှစ်အလိုက် ခရိုင်အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများကို ရေးဆွဲအကောင်အထည် ဖော်လျက်ရှိပါကြောင်း၊ ခရိုင်အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများထဲမှ အလုပ်တိုက်နယ်များ အစုအဖွဲ့ထားရှိပြီး အလုပ်တိုက်နယ် များထဲတွင် ရေဝေရေလဲအလုပ်တိုက်နယ်သည် အဓိကအသက်သွေးကြောပမာ အမြဲတမ်းပါရှိနေခြင်းဖြစ်ပါကြောင်း။
၁၉၉၅ ခုနှစ်က စတင်ပြီး နိုင်ငံအတွင်းရှိ အရေးကြီး ရေဝေရေလဲဒေသများကို ပိုမိုထိရောက်စွာ စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်နိုင်စေရန် ရေဝေရေလဲဒသ အုပ်ချုပ်ရေးဌာနတစ်ခုကို ထူထောင်ခဲ့ပါကြောင်း၊ ဆည်/ရေလှောင်တမံများ ရေဝေရေလဲဒေသများကို စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်ရန်အတွက် ၂၀၀၁ မှ ၂၀၃၀ ခုနှစ်အထိ ရေးဆွဲခဲ့သည့် အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်းတွင် ရေဝေရေလဲများကို စနစ်တကျ စီမံကိန်းများ ရေးဆွဲချမှတ်ခဲ့ပါကြောင်း၊ ယခုအချိန်သည် တတိယ ၅ နှစ် စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ပဲခူးရိုးမစိမ်းလန်းစိုပြေရေး၊ အင်းလေးကန်ရေရှည်တည်တံ့ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ၅ နှစ်စီမံချက် ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အထိ နိုင်ငံတစ်ဝှမ်းလုံးရှိ ရေဝေရေလဲ ဧရိယာများတွင် သစ်တောစိုက်ခင်း ၄၅၁၂၁၁ ဧက၊ သဘာဝတောပြုစုထိန်းသိမ်းခြင်း ၅၁၆၆၅.၃ ဧက ထိန်းသိမ်းစိုက်ပျိုး ထူထောင်ခဲ့ပါကြောင်း၊ ရမည်းသင်းခရိုင်အတွင်းရှိ သစ်ဆုံ ဆည်၏ ရေဝေရေလဲ ဧရိယာသည် ပဲခူးရိုးမစိမ်းလန်းစိုပြေရေး စီမံကိန်းဧရိယာတွင်ပါရှိပြီး ၇၆၈၀၀ ဧက ကျယ်ဝန်းပါကြောင်း၊ ရမည်းသင်းခရိုင်အတွင်း ဆည်နှင့် ချောင်းများ၏ ရေဝေရေလဲဧရိယာအားလုံးပေါင်း တစ်သိန်းကျော် တည်ရှိပြီး သစ်တော ဦးစီးဌာနအနေဖြင့် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး ဦးစီးဌာနနှင့် ပူးပေါင်းကာ ရေဝေရေလဲ စိုက်ခင်းများ ပြန်လည်ထူထောင်ခြင်းနှင့် ထိန်းသိမ်းခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အထိ သစ်ဆုံဆည်၏ ရေဝေရေ လဲဧရိယာအတွင်း၌ စိုက်ခင်းဧက ၄၇၂၀၊ သဘာဝ တောထိန်းသိမ်းပြုစုခြင်းဧက ၆၈၀၀ ကို ဆောင်ရွက်ခဲ့ပါကြောင်း။
ဆက်လက်ပြီး စီမံကိန်းလျာထားချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရေဝေရေလဲ စိုက်ခင်းများ ထူထောင်ခြင်းလုပ်ငန်းသည် ရန်ပုံငွေကန့်သတ်ချက်ဖြင့် ဆောင်ရွက်ရသည့်အတွက် ရေဝေ ရေလဲကို ထိန်းသိမ်းခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးကို ခံစားကြတဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူ းလျက်ရှိသော သက်ဆိုင်ရာဌာနများ၊ နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ရေအရင်းအမြစ်ကို အဓိကထား အသုံးပြုဆောင်ရွက်လျက်ရှိသည့်ဌာနများ၊ ဒေသခံပြည်သူများအနေဖြင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ရေဝေရေလဲဒေသများ ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ယခုထက်ပို၍ ပူးပေါင်းပါဝင် ဆောင်ရွက်လာပါက ယခုထက် ပို၍ ထိရောက်အောင်မြင်မည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအတွင်းရှိ ရေဝေရေလဲထိန်းသိမ်းရေးလုပ်ငန်းကိုလည်း မိမိတို့ဝန်ကြီးဌာန တစ်ခုတည်းတင်မက နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း စဉ်ဆက်မပြတ် ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်းလေးကန်ရေဝေရေ လဲဒေသ ထိန်းသိမ်းရေးလုပ်ငန်းတစ်ရပ်အနေဖြင့် အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (ICIMOD)၊ (AFoCo) အာဆီယံ-ကိုရီးယားသစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြင့် အင်းလေးကန်းရေဝေရေလဲဒေသ များတွင် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း။
ရေဝေရေလဲဒေသ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုသည်မှာ သဘာဝရေသယံဇာတ အရင်းအမြစ်များကို စီမံအုပ်ချုပ်ရာတွင် အဓိကကျသော ရေဝေရေလဲဆိုင်ရာကိစ္စများကို အထူးအလေးထား ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း၊ ရေဝေရေ လဲဒေသ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်ခြင်းအတွက်ဌာနမှ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများသည် မြေဆီလွှာတိုက်စားမှု မဖြစ်စေရေးသည် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနည်းပါးသော ထွန်ယက်စိုက်ပျိုးနည်းစနစ်များကို ပညာပေးသရုပ်ပြခြင်း၊ သစ်တောပြုန်းတီးသော နေရာများတွင် ပြန်လည်အစားထိုး စိုက်ပျိုးခြင်း၊ သဘာဝတောကျန်များ စနစ်တကျ ပြုစုထိန်းသိမ်းခြင်း၊ စားကျက်ချခြင်းကို အလွန်အကျွံမဖြစ်စေရန် ထိန်းချုပ်ပြီး စားကျက်မြေ ဖွံ့ဖြိုးအောင်ဆောင်ရွက်ခြင်း၊ မှန်ကန်သော မြေအသုံးချမှုစနစ်များ ဖော်ဆောင်ကျင့်သုံးခြင်း၊ ဒေသခံပြည်သူများ သဘာဝသယံဇာတအပေါ် အလွန်အကျွံ မှီခိုအားထားနေခြင်းမှ အခြားဝင်ငွေ ရရှိစေသည့် လုပ်ငန်းများ ဖော်ဆောင်ပေးခြင်း၊ ထင်းအစားထိုး လောင်စာသုံးစွဲခြင်းနှင့် စွမ်းအားမြှင့်မီးဖို ဖြန့်ဝေပေးခြင်းစသည့် လုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဒေသခံပြည်သူများနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံအတွင်းရှိ တည်ရှိသော ဆည်၊ ရေလှောင်တမံများ ရေရှည်တည်တံ့ရေး၊ မြစ်၊ ချောင်း၊ အင်းအိုင်များ၏ ရေဝေရေလဲသစ်တောများ ထိန်သိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်သည် သားစဉ် မြေးဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် မိမိတို့ ဝန်ကြီးဌာနတွင်သာမက တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ အကျိုးပါဝင်ပတ်သက်ခံစားသူများ၊ ရေဝေရေလဲဒေသတွင် နေထိုင်ကြသည့် ပြည်သူများအားလုံးက ယခုထက်ပိုမို ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက ပိုမို အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
