(ဂ)-မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်၊ နတ်မှော် ဆိပ်ကမ်းနှင့် မော်လမြိုင် ကလွီဆိပ်ကမ်းသို့ ပြေး ဆွဲနေသော ရေကြောင်း ပို့ဆောင်ရေး ဇက်ရေ ယာဉ်ပြေးဆွဲမှု ရပ်ဆိုင်း ထားခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၆၇)ရက်မြောက်နေ့ (၁၉.၆.၂၀၁၅)

ဒေါ်ခင်ဌေးကြွယ်(မော်လမြိုင်) မော်လမြိုင်-ချောင်းဆုံ-ဘီလူးကျွန်းတံတား ဆောက်လုပ်နေခြင်းသည် ၂၀၁၆-၁၇ ခုနှစ်မှ ပြီးမည်ဟုသိရပါကြောင်း၊ မော်လမြိုင်-ချောင်းဆုံမြို့၊ နတ်မှော်ဆိပ်ကမ်းသို့ ဇက်ရေယာဉ်များဖြင့် တစ်နေ့လေးခေါက် ကလွီဆိပ်ကမ်းသို့ တစ်နေ့လျှင် နှစ်ခေါက် ယခင်က ပြေးဆွဲလျက်ရှိပါကြောင်း၊ သို့သော်လည်း မေလဆန်းမှစ၍ ဇက်ရေယာဉ် ပြေးဆွဲမှု ရပ်ဆိုင်းခဲ့ပါသည်။ ဇက်ရေယာဉ်ပြေးဆွဲမှု ရပ်ဆိုင်းပြီးနောက် ၂၈-၅-၂၀၁၅ ရက်နေ့တွင် ယခုမေးခွန်းကို မေးခဲ့ပါကြောင်း၊ ယခုအခါ ၁-၆-၂၀၁၅ ရက်နေ့မှ စတင်၍ ရေဘဝဲ-၁ ဇက်ရေယာဉ်ကို မော်လမြိုင်မှ အသွားနှစ်ခေါက်နှင့် နတ်မှော်မှ အပြန်နှစ်ခေါက် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်းလည်း သိရပါသည်။ သို့သော် ပြေးဆွဲသည့် အခေါက်ရေ နည်းပါးမှုကြောင့် ခရီးသည်များနှင့် ကုန်စည်များ အထူးများပြားကြပ်တည်းမှု ရှိနေပါကြောင်း၊ မော်လမြိုင်မှ ကလွီဆိပ်သို့ ဇက်ရေယာဉ်ပြေးဆွဲမှုမရှိသေးပါ။ ဇက်ရေယာဉ် ရပ်နားစဉ်ကာလ အတွင်းလည်းကောင်း၊ ဇက်ရေယာဉ်ပြေးဆွဲသည့် ကြားကာလတွင် စက်တပ်ရေယာဉ်များဖြင့်သာ သွားလာနေရပါကြောင်း၊ စက်တပ်ရေယာဉ်ငယ်များသည် ဆိပ်ခံတံတားများ၌သာ အဆင်းအတက် ပြုလုပ်လေ့ရှိပါသည်။ သို့ဖြစ်ပါ၍ မော်လမြိုင်မှ နတ်မှော်နှင့် ကလွီဆိပ်ကမ်းသို့ ရေယာဉ်ပြေးဆွဲမှု ရပ်ဆိုင်းခဲ့ရသည့် အကြောင်း၊ မည်သည့်ကာလမှ ပုံမှန်အခေါက်အရေအတိုင်း ပြေးဆွဲမည်နည်း၊ မော်လမြိုင်မှ ကလွီသို့မည်သည့် အချိန်တွင် ပြေးဆွဲမည်နည်းနှင့် ပြေးဆွဲမည့်ခရီးစဉ်ကို အများပြည်သူများ ထင်သာမြင်သာသိရှိရန် မည်သို့ဆောင်ရွက်ပေးမည်နည်းစသည့် အဆိုပါအချက်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟံစိန်
အဖြေ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟံစိန်ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ သံလွင်ဌာနခွဲ သယ်ယူပို့ဆောင်ရေးဌာနမှာရှိ ဇက်ရေယာဉ်များနှင့် မော်လမြိုင်-နတ်မှော်(ပုံမှန်)၊ မော်လမြိုင်-နတ်မှော်(အထူး)၊ မော်လမြိုင်-ကလွီနှင့် ချောင်းနှစ်ခွ ကူးတို့ခရီးလမ်းများကို ပြေးဆွဲပေးလျက်ရှိပါကြောင်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေးဌာန၊ သံလွင်ဌာနခွဲမှာရှိ မော်လမြိုင်-နတ်မှော် ခရီးလမ်းမှာပြေးဆွဲရန်အတွက် ရေဘဝဲ-၁ ရေယာဉ်ကို ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာနမှ စစ်ဆေးညွှန်ကြားချက်များအရ မေလ ၁ ရက်နေ့ကနေစပြီး သံလွင်သင်္ဘောကျင်းကို ယာယီအမိုးများတပ်ဆင်ခြင်း၊ စက်မကြီး General Old Hall (GOH)ပြုပြင်ခြင်း၊ ရှော်တယ်စစ်ဆေးခြင်းများ ပြုပြင်ဆောင်ရွက်ခဲ့ပြီး ၂၅-၅-၂၀၁၅ ရက်နေ့တွင် Surveyစစ်ဆေးခြင်းခံယူပြီး လူစီးရေယာဉ်အဖြစ်ပြေးဆွဲရန် ခွင့်ပြုချက်ရရှိခဲ့သည့် အတွက်ကြောင့် ဒေါ်ခင်ဌေးကြွယ် ပြောကြားသွားသည့်အကြောင်းအရာကဲ့သို့ ယခုနှစ် ဇွန်လ ၁ ရက်နေ့မှစပြီး မော်လမြိုင်-နတ်မှော် ခရီးလမ်းကို ပြေးဆွဲနေပြီဖြစ်ပါကြောင်း၊

မော်လမြိုင်-ကလွီလမ်း ပြေးဆွဲလျက်ရှိသည့် ရေဘဝဲ-၃ ရေယာဉ်သည် ၃.၆.၂၀၁၅ ရက်နေ့တွင် လိုင်စင်သက်တမ်း ကုန်လွန်ပြီဖြစ်သည့်အတွက် သံလွင်သင်္ဘောကျင်းမှာ လွန်းတင်ပြုပြင်လျက်ရှိပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လ နောက်ဆုံး ပတ်တွင် သင်္ဘောကျင်းကနေ လွန်းချရန်လျာထားပြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာန၏ စစ်ဆေးမှုကိုခံယူပြီး မော်လမြိုင်-ကလွီ ခရီးလမ်းကို ပြေးဆွဲရန်စီစဉ်ဆောင်ရွက်ထားကြောင်း၊ ထို့အပြင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ထားသည့် အတ္တရံမြစ်ကူးချောင်းနှစ်ခွ (ယာဉ်)ကူးတို့လမ်းတွင် ပြေးဆွဲလျက်ရှိသည့် ဇက်-၁၀၁ ရေယာဉ်ကိုယ်ထည်၏ ရှေ့ပိုင်းသုံးပုံတစ်ပုံခန့်သံပြားများ ဆွေးမြေ့နေမှုကို ပြုပြင်ရန်အတွက်နှင့် တခြားလိုအပ်ချက်များပြုပြင်ရန်အတွက် မေလ ၃ ရက်နေ့မှစတင်ပြီး သံလွင်သင်္ဘောကျင်းတွင် လွန်းတင်ပြုပြင်လျက်ရှိရာ ၂၀၁၅ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်တွင် ပြီးစီးနိုင်မည်ဖြစ်သည့်အတွက်ကြောင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမှ ပြည်သူများသွားလာမှု လွယ်ကူစေရေး၊ ကုန်စည်ပို့ဆောင်ရေး အဆင်ပြေချောမွေ့စေရေးနှင့် ဒေသတွင်ကုန်ဈေးနှုန်း တည်ငြိမ်းမှုရှိစေရေးအတွက် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးဌာနက မဟုတ်ဘဲ ကုန်စည်ဌာနမှာရှိသည့် ဇက်-၁၁၄ ရေယာဉ်ကို ခေါ်ယူပြီး ၇.၆.၂၀၁၅ ၊ ရက်နေ့တွင်စတင်ပြီး ပြေးဆွဲနေပါကြောင်း၊ထို့ကြောင့် ဇက်-၁၀၁ ရေယာဉ်ကို ပြင်ဆင်ပြီးမည်ဆိုလျှင် မော်လမြိုင်နှင့် ချောင်းဆုံ၊ နတ်မှော်ခရီးလမ်းနှင့် ကလွီလမ်းများကို အင်အားဖြည့်ပြီး ပြေးဆွဲပေးသွားမည်ဖြစ်ပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး ပို့ဆောင်မှုကြီးကြပ်ရေးဗဟိုအဖွဲ့ အစည်းအဝေးများမှာလည်း မွန်ပြည်နယ်၊ ကရင်ပြည်နယ် ပို့ဆောင်ရေးဝန်ကြီးများနှင့် ပြောကြားပြီးသက်ဆိုင်ရာ သံလွင်ဌာနခွဲတွင် ပြည်တွင်းရေးကြောင်း ပို့ဆောင်ရေး ဌာနမှလည်း အများပြည်သူများသိရှိအောင် ဆောင်ရွက်ပေးရန်ဆိုပြီး ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ဖြေကြားပါသည်။