ကမာရွတ်မြို့နယ်သည် ရန်ကုန်တက္ကသိုလ်၊ အင်းလျားလမ်း၊ အင်းလျားကန်တစ်ဝိုက်တွင် ဝန်းနှင့် ခြံနှင့် အိမ်များ၊ စိတ်ငြိမ်ရပ်ကွက်များရှိပြီး ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်လမ်းနှင့် စိမ်းလန်းစိုပြေသည့် ရပ်ကွက်များ ရှိပါကြောင်း၊ ရန်ကုန်မြို့တော်ကြီး စည်ပင်တိုးတက်လာသည့်အခါ အဆင့်မြင့်၊ အထပ်မြင့်တိုက်ကြီးများ ပေါ်လာပြီးလာပြီး စိတ်ငြိမ်ရပ်ကွက်များတွင် အထပ်မြင့်တိုက်ကြီးများ ဆောက်လုပ်ခြင်းများ ဖြစ်လာပါကြောင်း၊ အထပ်မြင့် တိုက်ကြီးများ ဆောက်လုပ်ခြင်းဖြင့် စိတ်ငြိမ်ရပ်ကွက်များရှိ အိမ်များအတွက် လမ်းပိတ်ဆို့ခြင်း၊ လေကာခြင်း အစရှိသည့် အခက်အခဲများ ကြုံရသကဲ့သို့ ကားရပ်ရန်နေရာများ အခက်အခဲရှိပါကြောင်း၊ မြို့အင်္ဂါအရ တိုက်ကြီးများဆောက်ရမည်ဖြစ်သော်လည်း စိတ်ငြိမ်ရပ်ကွက်များ၏ Environmental Impact, Social Impact များကို ကြည့်ပြီးမှ ခွင့်ပြုပေးသည်ဟု ယူဆပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ သီရိမင်္ဂလာလမ်း ခြံအမှတ်(၅၄)အိမ်တွင် ရပ်ကွက်အတွင်းရှိ နေထိုင်သူများက ကန့်ကွက်ထားသည်ကို လစ်လျူရှုလျက် (၅) ထပ်တိုက်ဆောက်လုပ်မှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ YCDC က ခွင့်ပြုပေးထားပြီး ဆောက်လုပ်ခွင့်ပေးလိုက်ခြင်းအား မျှမျှတတဖြင့် အရေးယူဆောင်ရွက်ပေးပါရန် ပန်ကြားချက်နှင့် ပတ်သက်ပြီး မည်ကဲ့သို့အရေးယူ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကမာရွတ်မြို့နယ်၊ (၈) ရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ အမှတ်(၅၄/အေ)တွင် မြေရှင် ဒေါ်မြင့်မြင့်အုန်း၊ လိုင်စင်အင်ဂျင်နီယာ ဦးစန်းကြူ (LS-၃၁၃)၊ လိုင်စင်ကန်ထရိုက်တာ ဦးစန်းကြူ (LC-၄၀၇) တို့မှ (၅) ထပ်တိုက် အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုရန် တင်ပြမှုအပေါ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အဦ)မှ ၂၆-၉-၂၀၁၄ ရက်စွဲပါစာအမှတ်၊ ၂၉၂၉/၂၈၉၈/စည်ပင်-ယာ(အုံ)ဖြင့် ခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါအဆောက်အဦအား ရှေ့ဘက်၌ မြေချန် ၆၃ ပေ ၆ လက်မ၊ ဝဲဘက်နှင့် ယာဘက်၌ မြေချန် ၃ ပေ ၆ လက်မစီ၊ နောက်ဘက်၌ မြေချန် ၉ ပေ ၆ လက်မ၊ အဆောက်အအုံ၏ စုစုပေါင်းအမြင့် ၅၄ ပေဖြင့် ဆောက်လုပ်ခွင့်ပြုခဲ့ပါကြောင်း။
အဆိုပါ (၅) ထပ်တိုက် အဆောက်အဦ ဆောက်လုပ်ခွင့်ပြုခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါ်ခင်မမ+၁၄ တို့မှ ကန့်ကွက်ခဲ့သဖြင့် ၁၉-၁၁-၂၀၁၄ ရက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အဦ) ၌ ဆောက်လုပ်မည့် အဆောက်အဦ၏ မြေရှင်၊ လိုင်စင်ကန်ထရိုက်တာ၊ လိုင်စင်အင်ဂျင်နီယာနှင့် ကန့်ကွက်သူများအား ခေါ်ယူညှိနှိုင်းပေးခဲ့ပါကြောင်း၊ ယင်းညှိနှိုင်းအစည်းအဝေးတွင် လိုင်စင်ကန်ထရိုက်တာမှ ဆောက်လုပ်မည့်ပုံစံကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး ဘေးနှစ်ဖက်၌ မြေချန် ၃ ပေ ၆ လကမစီအစား ၅ ပေ ဆောက်လုပ်မည်ဖြစ်ကြောင်း တင်ပြခဲ့ရာ ကန့်ကွက်သူများမှ ဝဲ/ယာနှစ်ဘက်တွင် မြေချန် ၅ ပေချန်၍ ဆောက်လုပ်ပါက ကန့်ကွက်ရန်မရှိကြောင်းနှင့် (၅) ထပ်တိုက် ဆောက်လုပ်ခြင်းကို လက်ခံခဲ့ခြင်းမှာ ရှေ့မြေချန် ၆၃ ပေ ၆ လက်မဖြစ်ပြီး၊ အမြင့် ၅၄ ပေဖြင့် ရုံးခန်းဆောက်လုပ်မည်ဖြစ်သဖြင့် လက်ခံခဲ့ခြင်းဖြစ်ပါကြောင်း။
အထက်ပါအတိုင်း ညှိနှိုင်းသဘောတူခဲ့ကြသော်လည်း အဆောက်အဦဆောက်လုပ်သည့် မြေရှင်နှင့် ကန်ထရိုက်တာတို့မှ လက်ရှိဆောင်ရွက်ထားသည့် Pile များအရ ဘေးနှစ်ဘက်တွင် ၅ ပေ စီ ချန်၍မရကြောင်း ပြန်လည်တင်ပြလာသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အဦ) မှ ၂၈-၁၁-၂၀၁၄ ရက်စွဲပါစာအမှတ်၊ ၄၆၉၄/ပြင်ပ/စည်ပင်-ယာ/အုံ(စစ်)ဖြင့် လုပ်ငန်းရပ်ဆိုင်းရန်နှင့် လမ်းသူ/လမ်းသားများနှင့် ပြေလည်မှုရရှိစေရေး ညှိနှိုင်းဆောင်ရွက်ရန် မြေရှင်နှင့် ကန်ထရိုက်တာတို့ထံ အကြောင်းကြားခဲ့ပါကြောင်း။
ကန့်ကွက်သူ ဒေါ်ခင်မမမှလည်း အဆိုပါ (၅) ထပ်တိုက် အဆောက်အဦဆောက်လုပ်ခြင်းကို ထပ်မံကန့်ကွက်နေသဖြင့် နှစ်ဦးနှစ်ဖက်အား ၈-၁၂-၂၀၁၄ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အဦ)တွင် ထပ်မံညှိနှိုင်းပေးခဲ့ရာ ကန့်ကွက်သူများ ဘက်မှ (၅) ထပ်တိုက် ဆောက်လုပ်ရန် သဘောမတူကြောင်းနှင့် (၃) ထပ်ခွဲတိုက် ဆောက်လုပ်ရန်သာ သဘောတူကြောင်း တင်ပြသဖြင့် ညှိနှိုင်းပြေလည်ခြင်းမရှိခဲ့ပါကြောင်း။
သို့ရာတွင် အဆိုပါ အဆောက်အဦသည် တည်ဆဲအဆောက်အဦဆိုင်ရာ သတ်မှတ်ချက်များဖြစ်သည့် သတ်မှတ်မြေချန်များ ကိုက်ညီပြီး Road Building Ratio နှင့် Slenderness Ratio များ ကိုက်ညီမှုရှိခြင်း၊ မြေကွက်ရှေ့ဘက်မြေချန် (၄၄x ၆၃'-၆") တွင် ယာဉ်ရပ်နားရန် လုံလောက်မှုရှိခြင်း၊ အဆောက်အဦ၏ ဧရိယာအား မြေကွက်ဧရိယာ၏ ၃၁ ရာခိုင်နှုန်းသာ ဆောက်လုပ်မည်ဖြစ်၍ Building Coverage Ratio သည် ဝ.၃၁ သာရှိခြင်း၊ အဆောက်အအုံ၏ စုစုပေါင်းကြမ်းခင်းဧရိယာသည် မြေကွက်ဧရိယာ၏ နှစ်ဆသာရှိသဖြင့် Floor Area Ratio မှာလည်း (၂) သာရှိခြင်းတို့ကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အဦ)မှ ၃၁-၁၂-၂၀၁၄ ရက်နေ့တွင် အဆိုပါ အဆောက်အဦအား ဆက်လက်ဆောက်လုပ်ခွင့်ပြုခဲ့ပါကြောင်း။
သို့ဖြစ်ပါ၍ ကမာရွတ်မြို့နယ်၊ (၈)ရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ အမှတ်(၅၄/အေ)တွင် ဆောက်လုပ်လျက်ရှိသည့် (၅) ထပ်တိုက်အဆောက်အဦသည် ရပ်ကွက်အတွင်းရှိ နေထိုင်သူများက ကန့်ကွက်ထားသော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ တည်ဆဲအဆောက်အဦဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်းကြောင့် ဆောက်လုပ်ခွင့်ပြုထားခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါက်တာစိုးရင် (ကမာရွတ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
စိတ်ငြိမ်ရပ်ကွက်နေသူများအနေဖြင့် အဆင့်မြင့်၊ အထပ်မြင့်အဆောက်အဦများ ဆောက်ခြင်းများသည် စိတ်ငြိမ်ရပ်ကွက် Environmental Impact, Social Impact ပျက်စီးသွားမည်ကို စိုးရိမ်နေကြပါကြောင်း၊ ထို့ကြောင့် YCDC အနေဖြင့် အထပ်မြင့်အိမ်များ ဆောက်ခွင့်ပြုသည့်နေရာတွင် စိတ်ငြိမ်ရပ်ကွက်များ၏ အခြေအနေပျက်ပြားသွားမှုပေါ် မူတည်ပြီး ထည့်သွင်းစဉ်းစားဆောင်ရွက်မှု ရှိ/မရှိနှင့် ဆောင်ရွက်မည်ဆိုပါက ရပ်ကွက်နေပြည်သူများကို ပွင့်လင်းမြင်သာစွာ မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း
မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ကိုယ်စားလှယ်တော်ကြီး မေးမြန်းသွားသော အချက်အလက်များကိုလည်း အားလုံး ထည့်သွင်းစဉ်းစားထားပါကြောင်း၊ သို့ရာတွင် ယခုမေးခွန်းနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် သက်ဆိုင်ရာမြို့တော်စည်ပင်သာယာရေးကော်မတီကို ဆက်လက်ပြီး အကြောင်းကြားပေးမည်ဖြစ်ပါကြောင်း၊ နောက်ပိုင်းကိစ္စများ ပေါ်ပေါက်လာပါက ခိုင်လုံသည့်အထောက်အထား၊ အချက်အလက်၊ ပွင့်လင်းမြင်သာမှုရှိအောင် ကြေညာပြီး ပြုလုပ်ရန်၊ ၎င်းတို့ သတ်မှတ်သည့် အချက်အလက်များလည်း ပြင်သင့်သည်များကို ပြင်ရန်၊ လိုအပ်သည်များကိုလည်း ထပ်၍ ဆောင်ရွက်မည်ဟု သက်ဆိုင်ရာကို ထပ်မံအကြောင်းကြားပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
