(ခ)-ဝန်ကြီးဌာနကခွင့်ပြုထားသောဆက်သွယ်ရေး Operatorအရေအတွက် နှင့်ဝန်ကြီးဌာနသို့ နှစ်အ လိုက်ပေးသွင်းငွေပမာဏ၊ခွင့်ပြုထားသည့်သဘော တူညီချက်များ၊အခွန်ကင်းလွတ်ခွင့်၊သက်သာခွင့်ပေး သည်တို့နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၇၃)ရက်မြောက်နေ့ (၁၀.၇.၂၀၁၅)

ဒေါက်တာဝင်းမြင့် (လှိုင်)မကြာမီကပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆက်သွယ်ရေးအော်ပရေတာ များက ကောက်ခံရရှိသော ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို ဆိုင်းငံ့ထားပြီးဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါကိစ္စမှာ ဆက်သွယ်ရေးလုပ်ငန်းအော်ပရေတာ လုပ်ငန်းလိုင်စင်ရရှိသော ကုမ္ပဏီများမှ ဆက်သွယ်ခ ကြိုတင်ပေးသွင်းငွေကို ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဖြတ်တောက်ပြီးမှ ကျန်ရှိသည့် ငွေပမာဏကိုသာ ဆက်သွယ်ခပေးရန် စာရင်းထည့်သွင်းပေးမှု၊ ဥပမာ ငွေကျပ် ၁၀၀၀ ထည့်ပါ က ၉၅၀ ကျပ်ဖိုးသာ ပြောခွင့်ရမည်ဖြစ်သည့်အတွက် ပြည်သူလူထုမှ မကျေနပ်ချက်များ ဖြစ်ပေါ်ပြီး သက်ဆိုင်ရာကုမ္ပဏီများကို ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံမှုအား ဆိုင်းငံ့ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းမှာ သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် လက်ရှိ ကောက်ခံနေသော နှုန်းထားများအရ စီးပွားရေးအခက်အခဲရှိနေမည်လားဟု စဉ်းစားစွာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယနေ့ နိုင်ငံတော်တော်များများတွင် ကြိုတင်ငွေပေးစနစ်ဖြင့် ဆက်သွယ်ရေးစနစ်များ ရှိပါကြောင်း၊ ထိုနိုင်ငံများတွင် မိမိအနေဖြင့် မိမိ၏တယ်လီဖုန်းငွေစာရင်းသို့ ဒေါ်လာ ၁၀၀ ထည့်သွင်းလိုက်ပါက မိမိ၏ တယ်လီဖုန်းတွင် ဒေါ်လာ ၁၀၀ လက်ခံရရှိပြီး စာရင်းပေးသွင်းသည်ကို တွေ့ရှိရပါကြောင်း၊ ယခု မြန်မာနိုင်ငံတွင် ဤကဲ့သို့ ၁၀၀၀ သွင်းလျှင် ၉၅၀ သာ စာရင်းသွင်းပေးခြင်းမျိုးမဟုတ်ပါကြောင်း၊ သို့ပါ၍ မိမိနိုင်ငံရှိ အော်ပရေတာများသည် ပြည်သူများထံမှ ကောက်ခံရရှိငွေကို ၁၀၀ ရာခိုင်နှုန်းအပြည့် ပေးသွင်းပြီး ၎င်းရရှိငွေမှ ၅ ရာခိုင်နှုန်းကိုသာ နိုင်ငံတော်သို့ အခွန်ဖြင့်ပေးသွင်းသင့်သည်ဟု ယူဆပါကြောင်း။

သို့ဖြစ်ပါ၍ လွှတ်တော်မှ စဉ်းစားဆွေးနွေးပေးခဲ့သော သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် ရင်းနှီး မြှုပ်နှံထားရှိမှုနှင့် ဝင်ငွေစီးပွားရေး တွက်ချေကိုက်ညီမှုရှိ/မရှိ စသည်တို့ကို သိရှိရန်လိုအပ်ပါသဖြင့် (၁) ဝန်ကြီးဌာနမှ ခွင့်ပြုထားသော ဆက်သွယ်ရေး အော်ပရေတာမည်မျှရှိသည်ကို သိရှိလိုပါကြောင်း၊ (၂) ၎င်းအော်ပရေတာတစ်ခုစီမှ ဝန်ကြီးဌာနသို့ ပေးသွင်းရသော ငွေကြေးပမာဏနှင့် မည်သည့်နှစ်ကာလ အတွက်ဖြစ်သည်ကို ဖော်ပြပေးစေလိုပါကြောင်း၊ (၃) ၎င်းအော်ပရေတာများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု အခြေခံအဆောက်အအုံအတွက် မည်မျှရှိသည်နှင့် တင်သွင်းပြီး နိုင်ငံ မည်မျှရှိသည်ကို သိရှိလိုပါကြောင်းနှင့် ၎င်းအော်ပရေတာများအနေဖြင့် SIM ကဒ်နှင့် ငွေဖြည့်ကဒ်တစ်ခုစီအတွက် ကုန်ကျစရိတ်မည်မျှရှိသည်ကို သိရှိလိုပါကြောင်း၊ (၅) သက်ဆိုင်ရာအော်ပရေတာများမှ လုပ်ငန်းစတင်သည်မှ ယနေ့အထိ ရောင်းချပြီးသော SIM ကဒ်များ၏ ရောင်းချရငွေ၊ ငွေဖြည့်ကဒ် ရောင်းချရငွေ မည်မျှရှိသည်၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများမှ ရရှိငွေမည်မျှရှိသည်နှင့် ၎င်းရရှိသော မြန်မာငွေများကို အမေရိကန်ဒေါ်လာအဖြစ် မည်မျှပြောင်းလဲပြီး မည်မျှကို နိုင်ငံခြားသို့ ပြန်လည်ပေးပို့ပြီးသည်ကို သိရှိလိုပါကြောင်း၊ (၆) ၎င်းကုမ္ပဏီများကို  ခွင့်ပြုထားသည့် သဘောတူညီချက်သည် မည်သည့်နှစ်ကာလအတွက် ဖြစ်သည်ကိုသိရှိလိုပါကြောင်းနှင့် (၇) ၎င်းကုမ္ပဏီများအနေဖြင့် မည်သို့သော အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များရရှိထားသည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်း
အဖြေ

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်းဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ မြန်မာနိုင်ငံတစ်ဝှမ်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ရာတွင် Nationwide Telecommunication License ကို  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Ooredoo Myanmar Limited နှင့် Telenor Myanmar Limited တို့ကို လိုင်စင်များ ချထားပေးပြီး တယ်လီဖုန်းဝန်ဆောင်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ အော်ပရေတာများအနေဖြင့် ဝန်ကြီးဌာနကို ပေးသွင်းရန် ငွေကြေးပမာဏများမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် KSGM Co.,Ltd တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (Joint Operation Agreement) စာချုပ်အရ ၁-၉-၂၀၁၄ ရက်နေ့တွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၀၃၃.၀၅ သန်း ၂.၀၃၃ ဘီလီယံကို  KSGM Co.,Ltd ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းရင်းနှီးမြှုပ်နှံမှု ငွေအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နှစ်အလိုက် အချိုးကျပြန်လည်ပေးဆပ်သွားမည်ဖြစ်ပါကြောင်း။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် SIM ကဒ်တစ်ခု၏ ထုတ်လုပ်မှု ပျမ်းမျှကုန်ကျစရိတ်သည် ၂၅၀ ကျပ်ခန့် ဖြစ်သော်လည်း ဖြန့်ဖြူးမှုကုန်ကျစရိတ်၊ ကဒ်၏အရည်အသွေးနှင့် မှတ်ဉာဏ်ပမာဏ အပေါ်မူတည်ပြီး ၈၅၀ ကျပ်ခန့်မှ ၁၁၅၀ ကျပ်ခန့်အထိ ကုန်ကျမည်ဖြစ်ပြီး ငွေဖြည့်ကဒ်တစ်ခုအတွက် ထုတ်လုပ်မှုပျမ်းမျှကုန်ကျစရိတ်က ၅၀ ကျပ်ခန့်ဖြစ်သော်လည်း အရောင်းကော်မရှင်ခနှင့် ဖြန့်ဖြူးမှု ကုန်ကျစရိတ်များအပါအဝင် ၁၀၀ ကျပ်ခန့်မှ ၂၅၀၀ ကျပ်ခန့်အထိ ကုန်ကျပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် KSGM Co.,Ltd နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလမှ ၂၀၁၅ ခုနှစ် ဇွန်လအထိ SIM ကဒ်ပေါင်း ၈၆၆၉၀၀ ကျော်  ရောင်းချထားပြီး ကော်မရှင်ကထုတ်နှုတ်၍ ရောင်းရငွေကျပ် ၉.၁၅၄ ဘီလီယံရရှိခဲ့ပါကြောင်း၊ မိုဘိုင်းတယ်လီဖုန်း ပြောဆိုခနှင့် အင်တာနက်သုံးစွဲမှုအတွက် ကြိုတင်ငွေဖြည့်ကဒ်ရောင်းချရခြင်းမှ ၅၇၄.၉၆၇ ဘီလီယံ ရရှိခဲ့ပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လှိုင်းနှုန်း အခွန်အခ ပေးသွင်းရခြင်း မရှိပါကြောင်း၊ ကျန်အော်ပရေတာများဖြစ်သည့် Ooredoo Myanmar Limited သည် ၁၅ နှစ်တာ ကာလအတွက် လှိုင်းနှုန်းအခွန်အခပေးသွင်းရမည့် ငွေကြေးပမာဏဟာ  အမေရိကန်ဒေါ်လာ ၁.၀၁ ဘီလီယံကို သုံးရစ်ပေးသွင်းရမည်ဖြစ်ပြီး ၇၅ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၇၅၇.၅ သန်းနှင့် ညီမျှသော ကျပ် ၇၄၁.၆၅၃ ဘီလီယံကို ရရှိထားပြီး ကျန် ၂၅ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ  ၂၅၂.၅ သန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရရှိမည်ဖြစ်ပါကြောင်း၊ Telenor Myanmar Limited ကလည်း ပေးသွင်းရမည့် ငွေကြေးပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀၀ အနက် ၇၅ ရာခိုင်နှုန်းဖြစ်သော အမေရိကန်ဒေါ်လာ ၃၇၅ သန်းနှင့်ညီမျှသည့် ကျပ် ၃၆၇.၁၅၅ ဘီလီယံကို ရရှိထားပြီး ကျန် ၂၅ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၂၅ သန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရရှိမည်ဖြစ်ပါကြောင်း။

 ၂၀၁၄-၂၀၁၅ ခုနှစ်အတွက် လိုင်စင်းနှစ်စဉ်ကြေးများအပြင် Telenor Myanmar Limited ထံမှ နှစ်စဉ် သက်ဆိုင်ရာဝင်ငွေ (Relevant Revenue) ၏ ၂ ရာခိုင်နှုန်းဖြစ်သော ၂၅၂.၈ ကျပ်သန်းအား ရရှိထားပြီး Ooredoo Myanmar Limited ထံမှ နှစ်စဉ်သက်ဆိုင်ရာ ဝင်ငွေ (Relevant Revenue) ၏ ၂ ရာခိုင်နှုန်းဖြစ်သော ကျပ်သန်း ၁၃၇.၄၃၇ အား ရရှိထားပြီး ဖြစ်ပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဝင်ငွေ (Relevant Revenue) ၏ ၂ ရာခိုင်နှုန်းကို  ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစပြီး နှစ်စဉ် ပေးသွင်းသွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အော်ပရေတာ သုံးဦးထံမှ လိုင်စင်ပထမနှစ်အတွက် လိုင်းနှုန်း စီမံခန့်ခွဲမှု အခွန်အခများနှင်‌့ ဆက်သွယ်ရေးနံပါတ် သုံးစွဲမှုများအတွက် အခွန်အခများကိုလည်း သက်ဆိုင်ရာကာလများအလိုက် အချိန်နှင့်တစ်ပြေးညီ ကောက်ခံမှု စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု (Infrastructure) အခြေခံအဆောက်အဦများအတွက် Ooredoo Myanmar Limited သည် ကျပ်သန်း (၆၉.၅၄၃) ဘီလီယံအား ရင်းနှီးမြှုပ်နှံထားပြီး Telenor Myanmar Limited သည် ကျပ်သန်း (၂၀၃.၁၂၅) ဘီလီယံကို ရင်းနှီးမြှုပ်နှံထားရှိပြီး အခြေခံအဆောက်အအုံများ တည်ဆောက်ဆဲကာလပင်ဖြစ်ပါကြောင်း၊ Ooredoo Myanmar Limited နှင်‌့ Telenor Myanmar Limited အနေဖြင့် SIM Card တစ်ခုအတွက် ကုန်ကျစရိတ်က ပျမ်းမျှ ၂၅၀ ကျပ်နှင်‌့ ငွေဖြည်‌့ကတ်တစ်ခုအတွက် ကုန်ကျစရိတ်မှာ ပျမ်းမျှ ၅၀ ကျပ်ရှိသော်လည်း အရောင်းကော်မရှင်ခနှင်‌့ ဖြန့်ဖြူးခ ကုန်ကျစရိတ်တို့ ထည့်သွင်းတွက်ချက်ပါက ယခုထက် ပိုမိုကုန်ကျမည်ဖြစ်ပါကြောင်း။

Ooredoo Myanmar Limited  သည် SIM Card ပေါင်း ၃၃၂၉၀၀၀ ကျော် ရောင်းချထားပြီး ငွေဖြည့်ကတ်ရောင်းချရမှုမှာ ကျပ် (၆၄.၁၅၄) ဘီလီယံဖြစ်သည့်အတွက်  Telenor Myanmar Limited အနေဖြင့် SIM Card ပေါင်း ၇၄၄၉၀၀၀ ကျော် ရောင်းချထားပြီး ငွေဖြည့်ကတ်ရောင်းချမှုမှာ ကျပ်သန်း (၉၂.၈၃၅) ဘီလီယံ ဖြစ်ပါကြောင်း၊ SIM Card ရောင်းရငွေ၊ ငွေဖြည့်ကတ်ရောင်းရငွေနှင်‌့  အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများမှရငွေ မည်မျှရရှိပြီး၊  အမေရိကန်ဒေါ်လာအဖြစ် မည်မျှပြောင်းလဲ၍ နိုင်ငံခြားသို့ မည်မျှပေးပို့သည်နှင်‌့စပ်လျဉ်းပြီး ကုမ္ပဏီများအနေဖြင့် ယခုအချိန်တွင် အဆိုပါရငွေ (ပြည်တွင်းကျပ်) များကို သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအသီးသီးမှ ပြန်လည်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ Ooredoo Myanmar Limited နှင်‌့ Telenor Myanmar Limited တို့မှ ရငွေများနှင့် သုံးငွေများကို နှစ်စဉ်အစီရင်ခံ တင်ပြရာတွင် ယခုအချိန်အထိ အရင်းကြေကာလ မရောက်ရှိသေးဘဲ ကုမ္ပဏီများ အနေဖြင့် အရင်းစိုက်ထုတ်လုပ်ကိုင်ဆောင်ရွက်ဆဲကာလသာ ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး၊ သတင်းအချက်နှင့် နည်းပညာဝန်ကြီးဌာနကအနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို  ၂၄-၃-၂၀၁၄ ရက်နေ့မှ ၂၃-၃-၂၀၃၀ ရက်နေ့အထိ ၁၅ နှစ်၊ Ooredoo Myanmar Limited ကို ၅-၂-၂၀၁၄ ရက်နေ့မှ ၄-၂-၂၀၂၉ ရက်နေ့အထိ ၁၅ နှစ်၊  Telenor Myanmar Limited ကို ၅-၂-၂၀၁၄ ရက်နေ့မှ ၄-၂-၂၀၂၉ ရက်နေ့အထိ ၁၅ နှစ် အသီးသီး လုပ်ငန်းဆောင်ရွက်ခွင်‌့ကို ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများအရ လုပ်ကိုင်ခွင့်ပြုထားပြီး ဥပဒေ၊ နည်းဥပဒေ၊ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီပါက ဆက်လက်သက်တမ်းတိုး ဆောင်ရွက်ခွင့်ပြုသွားပေးမည်ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသော ကုမ္ပဏီများအနေဖြင့် ဆက်သွယ်ရေးအခြေခံအဆောက်အအုံ (Infrastructure) များကို ဝန်ဆောင်မှု ပိုမိုကောင်းမွန်စေရန်အတွက် အစဉ်အမြဲဆောင်ရွက်နေရသည့် လုပ်ငန်းအမျိုးအစားဖြစ်ပါကြောင်း၊ အခွန်ကင်းလွတ်သက်သာခွင့်နှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အော်ပရေတာများအတွက် အခွန်ကင်းလွတ်ခွင့်ကို သုံးနှစ်မှ ငါးနှစ်အထိ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။