(င)-ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဖဒိုဒေသရှိကျးရွာတို့သည် မြို့နှင့်အလှမ်းကွာဝေးပြီး လျှပ်စစ်မီးမရရှိနိုင်သည့်ဆင်းရဲနွမ်းပါးသောကျေးရွာ များဖြစ်သဖြင့် နိုင်ငံတော်မှဆိုလာမီးချထားပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၆၆)ရက်မြောက်နေ့ (၁၇.၆.၂၀၁၅)

ဒေါက်တာခင်မောင်ဆွေ(ကျောက်တံခါး)ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အတွင်း ပဲနွယ်ကုန်းဒေသအရှေ့ဘက်တွင်ရှိသည့် ဇရပ်ခင်ကျေးရွာအုပ်စု သဲဖြူရွာသစ်တွင် အိမ်ခြေ ၁၀၀ ရှိပါကြောင်းနှင့် သဲဖြူရွာသစ်ဟောင်းသည်လည်း အိမ်ခြေ ၁၂၀ ရှိပါကြောင်း၊ ဇရပ်ခင်ကျေးရွာအုပ်စု ဇရပ်ခင်ရွာဟောင်းတွင်လည်း အိမ်ခြေ ၁၇၀၊ ဇရပ်ခင်ရွာသစ်မှာ အိမ်ခြေ ၇၁၊ နံဇလေကျေးရွာ အိမ်ခြေ ၄၂၊ ပေါက်ကုန်းကျေးရွာ အိမ်ခြေ ၄၀၊ နောက်ဇရပ်ခင်ကျေးရွာ အုပ်စုရှိ အောက်တဲစုကျေးရွာက အိမ်ခြေ ၁၃၅ ရှိပါကြောင်း၊ ထို့နောက် ကျောက်တံခါးမြို့နယ်၊ ဖဒိုဒေသမြောက်ပိုင်းရှိ မိမိတို့ မီးတိုင်တောဒေသ အိမ်ခြေ ၁၂၅ နှင့် ကျောက်တံခါးမြို့နယ် ဖဒိုဒေသတောင်ပိုင်းတွင်ရှိသည့် ဗောဓိကွင်းနှင့် မိုးမခကျေးရွာအိမ်ခြေ ၁၃၅ အိမ်ရှိကြပါကြောင်း၊ ၎င်းတို့သည် မြို့နှင့် အလှမ်းကွာဝေးပြီး လျှပ်စစ်မီးမရရှိနိုင်သည့် ဆင်းရဲနွမ်းပါးသော ကျေးရွာများဖြစ်သည့်အတွက် နိုင်ငံတော်မှဆိုလာမီး ချထားပေးပါရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေ
အဖြေ

ဦးတင်ငွေကျောက်တံခါးမြို့နယ်အတွင်းရှိ ဇရပ်ခင်ကျေးရွာအုပ်စု၊ သဲဖြူရွာသစ်၊ သဲဖြူရွာဟောင်း၊ ဇရပ်ခင်ရွာဟောင်း၊ ဇရပ်ခင်ရွာသစ်၊ နံဇလေး၊ ပေါက်ကုန်း၊ အောက်တဲစုနှင့် ဖဒိုဒေသမှာရှိသည့် မီးတိုင်တော၊ ဗောဓိကွင်း- မိုးမခကျေးရွာ စုစုပေါင်းကျေးရွာ (၉)ရွာရှိပါကြောင်း၊ ထိုအချိန်တွင်  အိမ်ခြေပေါင်း  ၈၃၄ အိမ်ရှိပြီး  ၎င်းတို့ကို ဆိုလာစနစ်ဖြင့် မီးလင်းစေရန်အတွက် ဆောင်ရွက်မည်ဆိုလျှင် ခန့်မှန်းကုန်ကျငွေ ၁၆၆.၈ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီးတစ်ခုလုံး လျှပ်စစ်မီးသွယ်တန်းရေးနှင့် ပတ်သက်၍ ကျပ်သန်းပေါင်း ၄၁၇၄.၂၁ သန်းဖြင့် ကျေးရွာပေါင်း ၈၀ ကို  မိမိတို့ National  Grid တွင် လည်းကောင်း၊ ဆိုလာစနစ်ကို ကျေးရွာပေါင်း ၂၂၂ ရွာ စုစုပေါင်းကျေးရွာ ၃၀၂ ရွာကို ဆောင်ရွက်ရန် ငွေအားဖြင့် တင်ပြလာသည့် ၄၁၇၄.၁ သန်းဖြင့် ခွင့်ပြုထားပါကြောင်း၊ ကျောက်တံခါးမြို့နယ်အနေဖြင့် တင်ပြမည်ဆိုပါက ၂၀၁၅-၁၆ တွင် ကျောက်တံခါးမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၇ ရွာကို ဆိုလာစနစ်ဖြင့် မိမိတို့ ခွင့်ပြုထားပါကြောင်း၊ ကျေးရွာများမှ  ၇ ရွာသည် အိမ်ခြေအားဖြင့် ၈၂၇ အိမ် ကျပ်ငွေအားဖြင့် ခွင့်ပြုငွေ ၁၆၅.၄ သန်းနှင့် မိမိတို့ ဆိုလာစနစ်ကို ခွင့်ပြုထားပါကြောင်း၊ ယခုနှစ် ၂၀၁၅-၁၆ တွင် လျှပ်စစ်ဓာတ်အားလိုင်း National  Grade  မှ ကျေးရွာ ၁၀ ရွာ ရွာအမည်များမှာ သင်္ဃန်းကျွန်းချောင်း၊ ဗောဓိကွင်း၊ စဉ့်အိုးလှ၊ မင်းတန်း၊ အလယ်ကျွန်း၊ ကျွန်းကုန်း၊ တိုက်ကြီးစု၊ အုန်းနှဲပင်၊ ညောင်ပင်ဝိုင်းအလယ်စု၊ ညောင်ပင်ဝိုင်းအရှေ့ စုတို့ဖြစ်ပါကြောင်း၊ ခန့်မှန်းအားဖြင့် ၁၃၆.၇၁ သန်း ခွင့်ပြုထားပါသည်။ ဆိုလာနှင့် မိမိတို့ National  Grid  တို့ပေါင်းလျှင် ၎င်းရွာအားလုံး ပေါင်းလိုက်ရင် ၃၀၂.၁၁ သန်း ကို ယခုနှစ်တွင် ခွင့်ပြုထားပါကြောင်း၊

မိမိတို့ ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာ ဆိုလာမီးရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေထည့်သွင်း ခွင့်ပြုထားခြင်း မရှိပါကြောင်းနှင့် နောင်လာမည့်နှစ်များတွင် နှစ်အလိုက်ဦးစားပေး အစီအစဉ်အတိုင်း လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။