(က)-အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာများတိုးမြှင့် သတ်မှတ်ရာတွင်အဘယ်ကြောင့်တိုးမြှင့်သတ်မှတ် သည့်လစာ၄၅၀၀ဝိ/-အပေါ်တွင်မူတည်၍တွက်ချက် သည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၈၄)ရက်မြောက်နေ့ (၂၀.၈.၂၀၁၅)

ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ဝန်ထမ်းများ၏ လစာနှုန်းကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဝန်ကြီး ရုံး၏  ၁-၄-၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၅၄/၂၀၁၃)ဖြင့်လည်းကောင်း၊ ၄-၄-၂၀၁၄ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၅၈၇/၂၀၁၄)ဖြင့် လည်းကောင်း အသီးသီးတိုးမြှင့်ပေးခဲ့ပါကြောင်း၊   ထိုစဉ်က အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို ဝန်ထမ်းများအား လစာနှုန်းထားများ တိုးမြှင့်ခွင့်ပြုသည့်နည်းတူ လက်ရှိပင်စင်ခံစားနေရသော အငြိမ်းစားများ လက်ရှိပင်စင်လစာအပြင် တိုးမြှင့်ခွင့်ပြုသည့်လစာအပေါ် ပင်စင်နည်းဥပဒေနှင့်အညီ တွက်ချက်တိုးမြှင့်ခွင့်ပြုခဲ့ပါကြောင်း၊

ယခုအချိန်တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၂၅-၃-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၈၇/၂၀၁၅)ဖြင့် နိုင်ငံံံ့ဝန်ထမ်းများ၏ အဆင့်(၁)မှ (၁၃)အထိ လစာနှုန်းထားများကို တိုးမြှင့်သတ်မှတ် ပေးခဲ့ခြင်းသော်လည်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏  ၁၀-၄-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၁၀၅၉/၂၀၁၅)ဖြင့် နိုင်ငံတော်အတွင်းနေထိုင်ကြသော ပင်စင်ခံစားနေကြသည့် နိုင်ငံံ့ဝန်ထမ်း အငြိမ်းစားများ အနိမ့်ဆုံးဝန်ထမ်း၏ တိုးမြှင့်လစာ ၄၅၀၀၀ိ/- အပေါ်မူတည်ပြီး တည်ဆဲပင်စင်နည်းဥပဒေနှင့် အညီတွက်ချက်၍ တိုးမြှင့်ပင်စင်လစာအဖြစ် ၁-၄-၂၀၁၅ မှစ၍ ခံစားခွင့်ပြုသည်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ တိုးမြှင့်သတ်မှတ်သည့်လစာ ၄၅၀၀၀ိ/- သည် အောက်ဆုံး အဆင့်(၁) ဝန်ထမ်း၏ မူလလစာနှုန်း (၇၅၀၀ဝိ-၁၀၀ဝိ-၈၀၀၀ဝိ)နှင့် တိုးမြှင့်လစာနှုန်း(၁၂၀၀၀ဝိ- ၂၀၀ဝိ- ၁၃၀၀၀ဝိ)တို့မှ ကနဦးလစာ ခြားနားငွေ(၁၂၀၀၀ဝိ-၇၅၀၀၀ဝိ)=၄၅၀၀၀၀ိ/- ဖြစ်သည်ကိုလည်း တွေ့ရှိရပါကြောင်း၊

ထို့ကြောင့် မေးခွန်း(၁) အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့်သတ်မှတ်ရာတွင် အဘယ်ကြောင့် တိုးမြှင့်သတ်မှတ်သည့်လစာ ၄၅၀၀၀ိ/- အပေါ်တွင် မူတည်ပြီး တည်ဆဲပင်စင်နည်းဥပဒေနှင့်အညီ တွက်ချက်၍ တိုးမြှင့်ခွင့်ပြုသည်ကိုလည်းကောင်း၊  မေးခွန်း(၂) ၃၁-၃-၂၀၁၅ အထိ တာဝန် ထမ်းဆောင်ခဲ့ကြသော လက်ရှိနိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ၁-၄-၂၀၁၅ ရက်နေ့မှစ၍ နောက်ပိုင်း အငြိမ်းစားယူမည့် အငြိမ်းစားဝန်ထမ်းများနည်းတူ ထပ်မံတိုးမြှင့် လစာနှုန်းထားများအပေါ် တည်ဆဲ ပင်စင်ဥပဒေများနှင့်အညီ တွက်ချက်၍ ပင်စင်လစာများခံစားခွင့်ပြုရန် အစီအစဉ်ရှိ/မရှိကိုလည်းကောင်းသိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
အဖြေ

မေးခွန်း (၁)နှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁၀-၄-၂၀၁၅ ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ် (၁၀၅၉/၂၀၁၅)ဖြင့် ပင်စင်ခံစားနေကြသူများကို လက်ရှိပင်စင်လစာအပြင် ထပ်တိုး ကျပ် ၄၅၀၀၀ အပေါ် မူတည်ပြီး တည်ဆဲပင်စင်နည်းဥပဒေနှင့်အညီ တွက်ချက်၍ တိုးမြှင့်ပင်စင်လစာအဖြစ် ၂၀၁၅ ခုနှစ်၊ ဧပြီလမှစ၍ ခံစားခွင့်ပြုခဲ့ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၅၂ နည်းဥပဒေခွဲ(ဇ)အရ ဝန်ထမ်း တစ်ဦး၏ ပင်စင်အကျိုးခံစားခွင့်ကို ယင်းဝန်ထမ်းပင်စင်ယူသည့်အချိန်၌ တည်ဆဲနည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၄၆ နည်းဥပဒေခွဲ(ခ)တွင် သက်ပြည့်ပင်စင်၊ နာမကျန်းပင်စင်၊ လျော်ကြေးပင်စင်များ ရယူရာတွင် ပင်စင် အကျိုးခံစားခွင့်ရှိသော လုပ်သက် ၁၀ နှစ်နှင့်အထက်ရှိသည့် ကိစ္စရပ်များနှင့် နှစ်ပြည့်ပင်စင်၊ လျှော့ပေါ့ပင်စင်ယူ သည့်ကိစ္စများတွင် ပင်စင်လစာနှင့် လုပ်သက်ဆုငွေကို ဖော်ပြပါအတိုင်း တွက်ချက်ခွင့်ပြုရန် ပြဋ္ဌာန်းခဲ့ပါ ကြောင်း၊  အဆိုပါနည်းလမ်းကို ဖော်ပြရမည်ဆိုပါက လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာ x ၁.၅ ရာခိုင်နှုန်း သည် ပင်စင်လစာဖြစ်၍ လုပ်သက်ဆုငွေအတွက် လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာ x ၅၀ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊

၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ စာရင်းအရ နိုင်ငံတော်က လုံးဝတာဝန်ယူထောက်ပံ့ပေးလျက်ရှိသော  နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ အင်အားအခြေအနေသည် စုစုပေါင်း ၈၀၇၀၅၃ဦးခန့်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ကမ္ဘာ့နိုင်ငံများစွာအနက် နိုင်ငံတော်အစိုးရက တာဝန်ယူထောက်ပံ့သော နိုင်ငံ့ဝန်ထမ်း ပင်စင်စနစ်ကို ကျင့်သုံးသည့် နိုင်ငံများ များစွာကျန်ရှိခြင်းမရှိဘဲ ပင်စင်ရန်ပုံငွေထူထောင်ပြီး ကျင့်သုံး နေကြသောနိုင်ငံများသာ ပိုမိုများပြားပါကြောင်း၊  အချို့နိုင်ငံများတွင် သက်ဆုံးတိုင်ပင်စင်ပေးခြင်း မျိုးမရှိ တော့သော်လည်း မိမိတို့နိုင်ငံတွင် နိုင်ငံတော်အစိုးရအဆက်ဆက်က နိုင်ငံ့ဝန်ထမ်းများအပေါ် စေတနာ အရင်းခံဖြင့် အသက်ထက်ဆုံး ပင်စင်လစာခံစားခွင့်ပြုထားခြင်း၊ မိသားစုပင်စင်ကို ဥပဒေနှင့်အညီ ခံစားစေခြင်း တို့ကို ကျင့်သုံးဆောင်ရွက်ခဲ့ကြသည့်နည်းတူ တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများအတွက် စဉ်းစားသုံးသပ် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အငြိမ်းစားဝန်ထမ်းများအတွက်လည်း အစဉ်အမြဲ ထည့်သွင်းစဉ်းစား သုံးသပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာတိုးစဉ် ပင်စင်လစာငွေ အတွက် ငွေကျပ်  ၁၁၁.၉၀၅ ဘီလီယံ၊ ၂၀၁၃ ခုနှစ် နိုင်ငံ့ဝန်ထမ်း များ၏လစာနှင့် အငြိမ်းစားများ၏ ပင်စင်လစာကို ကျပ် ၂၀၀၀၀ တိုးစဉ်က ငွေကျပ် ၁၁၄.၉၉၆ ဘီလီယံ နှင့် ၂၀၁၄ ခုနှစ် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့် အငြိမ်းစားများ၏ပင်စင်လစာကို ကျပ် ၂၀၀၀၀ တိုးစဉ်က ငွေကျပ် ၁၁၇.၁၆၄ ဘီလီယံ အသီးသီးတိုးမြှင့်သုံးစွဲခဲ့ရပါကြောင်း၊  နိုင်ငံ့ဝန်ထမ်းများ၏ လစာ နှုန်းထားကို ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင် ရာထူးအဆင့်အတန်းအားလုံးကို ကျပ် ၂၀၀၀၀ စီ တစ်ပြေးညီတိုးမြှင့်ခဲ့ပြီး အငြိမ်းစားရယူထားသူများကိုလည်း လက်ရှိပင်စင်လစာအပြင် တိုးမြှင့်ခွင့်ပြုသော လစာကျပ် ၂၀၀၀၀ အပေါ် ပင်စင်နည်းဥပဒေနှင့်အညီ တွက်ချက်ခံစားခွင့်ပြုခဲ့ပါကြောင်း၊

 ၂၀၁၅ ခုနှစ် လစာနှုန်းတိုးချိန်တွင် အားလုံးတစ်ပြေးညီတိုးမြှင့်ခြင်းမဟုတ်ဘဲ ရာထူးအဆင့်အလိုက်ကို လစာ တိုးမြှင့်မှု အနည်းငယ်စီကွာခြားမှုတွေရှိပါတယ်။ ရာထူးအဆင့် အနိမ့်ဆုံးဝန်ထမ်း၏ မူရင်းလစာ ၇၅၀၀၀ ကို ကျပ် ၄၅၀၀၀ တိုးမြှင့်ပြီး့ ကျပ် ၁၂၀၀၀၀ သတ်မှတ်ခဲ့ခြင်းဖြစ်သည့်အတွက် ၁-၄-၂၀၁၅ ရက်နေ့မတိုင်ခင်က ပင်စင်ယူခဲ့တဲ့သူများအတွက် ပင်စင်လစာတိုးမြှင့်သတ်မှတ် ပေးနိုင်ရန်သည် နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေ အခြေအနေပေါ်မူတည်ပြီး ရာထူးအဆင့် အနိမ့်ဆုံးဝန်ထမ်း အတွက် တိုးမြှင့်ငွေကျပ် ၄၅၀၀၀ ကိုအခြေခံလျက် တွက်ချက်သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်းနှင့် ထိုသို့ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းကြောင့် ငွေကျပ် ၂၂၅. ၀၆၀ ဘီလီယံ တိုးမြှင့်သုံးစွဲရမည်ဖြစ်ပါကြောင်း၊

မေးခွန်း (၂)နှင့် စပ်လျဉ်း၍ ၂၀၁၅ ခုနှစ် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများတိုးမြှင့်စဉ် နိုင်ငံတော်အနေဖြင့် တစ်နှစ်စာအတွက် လစာအသုံးစရိတ်စုစုပေါင်း ကျပ်၂၉၀၁ ဘီလီယံ သုံးစွဲခဲ့ရပြီး ပင်စင်လစာနှင့် ဆုကြေး (ပြည်ထောင်စုအတွက်)ကို ကျပ် ၇၉၈ ဘီလီယံ သုံးစွဲခဲ့ရပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ အရအသုံး အနေအထားအရ ပင်စင်စားဟောင်းများကို လက်ရှိပင်စင်လစာအပြင် ရာထူးအဆင့် အနိမ့်ဆုံးဝန်ထမ်း အတွက် ထပ်မံတိုးမြှင့်သတ်မှတ်လစာ ကျပ် ၄၅၀၀၀ ပေါ်မူတည်ပြီး တည်ဆဲပင်စင် နည်းဥပဒေနှင့်အညီ တွက်ချက် ခံစားခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေအရအသုံး အခြေအနေပေါ် မူတည်ပြီး စဉ်းစားသုံးသပ်ရခြင်းဖြစ်သည့်အတွက် အသုံးစရိတ်ခွဲဝေမှုများကို ပြုလုပ်ရခြင်းဖြစ်သည့်အတွက် ပင်စင်စား ဟောင်းများ၏  ပင်စင်လစာကို ၁-၄-၂၀၁၅ နောက်ပိုင်း အငြိမ်းစားဝန်ထမ်းများနည်းတူ ခံစားခွင့်ပြုပေးဖို့ အစီအစဉ်မရှိသေးကြောင်းနှင့် နိုင်ငံတော်၏ ဘတ်ဂျက်အခြေအနေ ကောင်းမွန် တိုးတက်လာပါက နိုင်ငံ့ ဝန်ထမ်း လစာများ၊ အငြိမ်းစားဝန်ထမ်းလစာများကိုပါ တိုးမြှင့်ခံစားနိုင်ရေးအတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။