နိုင်ငံတော်အစိုးရ၏ မူဝါဒအပြောင်းအလဲနှင့် ပွင့်လင်းမြင်သာသည့် ဆောင်ရွက်ချက်များကြောင့် ပြည်ပ သင်္ဘောလိုင်းများတွင် အလုပ်လုပ်နိုင်ရန်၊ သင်္ဘောသားလက်မှတ်ရရှိရန် လွယ်ကူမြန်ဆန် လာပါကြောင်း၊ နိုင်ငံတွင်သင်္ဘောသား လက်မှတ်ရရှိထားသူ တစ်သိန်းကျော်ခန့်ရှိနေပြီး အလုပ်အကိုင် ရရှိထားသော သင်္ဘောသားအရေအတွက်မှာ ၂၀၀၀၀ ခန့်သာ ရှိနေသေးပါကြောင်း၊ မြန်မာ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) ၏ သတင်းများအရ သိရှိရပါကြောင်း၊ သက်ဆိုင်ရာ ပညာအရည်အချင်း သတ်မှတ်ချက်အရ ပင်လယ်ကူးသင်္ဘောသားများ သင်တန်းများတက်ရောက် ကြပြီး အောင်လက်မှတ်များကို ရယူနိုင်ပြီး သင်္ဘောသားမှတ်ပုံတင်ရရှိရေးကိုလည်း လွယ်ကူစွာလျှောက် ထားနိုင်ကြပါကြောင်း၊ မြန်မာသင်္ဘောသားအများစု၏ ရိုးသားမှု၊ ကြိုးစားမှု၊ အမိန့်နာခံမှုတို့ကြောင့် ပြည်ပဈေးကွက်တွင် ကောင်းသတင်း ကျော်ကြားပြီး နေရာ ရနေပါကြောင်း၊ သို့သော် အလုပ်လက်မဲ့သင်္ဘောသား အရေအတွက်သည် ပို၍များပြားလာပါကြောင်း၊ မြန်မာသင်္ဘောသားအများစုကို အလုပ်အကိုင် အများဆုံးပေးလိုသော အဖွဲ့အစည်းမှာ ထိုင်ဝမ်အလုပ်သမားအဖွဲ့ချုပ်ဖြစ်ပြီး ယင်းအဖွဲ့အစည်းက မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)နှင့် စာချုပ်ချုပ်ဆိုကာ သင်္ဘောသားများ ခေါ်ယူလိုကြောင်း ကမ်းလှမ်းထားသည်ဟု သိရှိရသော်လည်း မြန်မာပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) အနေဖြင့် နိုင်ငံတော်အစိုးရက တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်ပတ်သက်၍ တစ်ပြည်ထောင်မူဝါဒကို လက်ခံကျင့်သုံးနေရာ ထိုင်ဝမ်နှင့် တရားဝင်ဆက်သွယ်ဆောင် ရွက်လုပ်ကိုင်ခြင်းသည် အဆိုပါမူဝါဒနှင့် ဆန့်ကျင်မှုဖြစ်/မဖြစ် မဆုံးဖြတ်နိုင်ခြင်းကြောင့် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ အလုပ်လက်မဲ့ မြန်မာသင်္ဘောသားများ တရားဝင်စာချုပ်ချုပ်ဆိုစေလွှတ်ရန် အလုပ်အကိုင်အခွင့်အလမ်းနှင့်သာ သက်ဆိုင်နေပါကြောင်း၊ အမျိုးသားအကျိုးစီးပွားအရ လုပ်ဆောင်သင့်ကြောင်း MSF အဝန်းအဝိုင်းကလည်း ဝေဖန်ငြင်းခုံမှုများ ဖြစ်ပေါ်နေပါကြောင်း။
အခြားစီးပွားရေးနယ်ပယ်တစ်ခုဖြစ်သော စက်မှုဇုန်အထည်ချုပ်လုပ်ငန်းများတွင် ထိုင်ဝမ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံများသည် အသွင်အမျိုးမျိုးဖြင့် လာရောက်ရင်းနှီးမြှုပ်နှံသည့်အတွက် ရာပေါင်းများစွာသော မြန်မာအလုပ်သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေတာကိုလည်း တွေ့မြင်နေရသည့်အတွက် အလုပ်လက်မဲ့ မြန်မာသင်္ဘောသားများ၊ အလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိရန် မြန်မာပင်လယ်ကူးသင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ် (MSF) အနေဖြင့် ထိုင်ဝမ်အလုပ်သမားအဖွဲ့ချုပ်နှင့် တရားဝင် ဆက်သွယ်စာချုပ်ချုပ်ဆိုဆောင်ရွက်ခွင့်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် အလုပ်လုပ်နိုင်သော လူငယ်၊ လူရွယ်များ အတွက် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်များရရှိစေရေး၊ ကျွမ်းကျင်မှုလေ့ကျင့်ပေးရေး၊ အလုပ်သမားများ၏ ရပိုင်ခွင့်များအတွက် အခွင့်အရေးများကာကွယ်ပေးရေး၊ လူမှုဘဝကာကွယ်ပေးရေး၊ စဉ်ဆက်မပြတ် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်ပေးနေပါကြောင်း၊ ထို့ကြောင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ရည်မှန်းချက်တစ်ခုဖြစ်သော ပြည်တွင်းပြည်ပ အလုပ်အကိုင်ရရှိရေးအတွက် အလုပ်သမားမှတ်ပုံတင်ပေးခြင်း၊ အလုပ်ရှာဖွေပေးခြင်း၊ ခန့်ထားပေးခြင်း စသည့် လုပ်ငန်းများကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခရိုင်နှင့် မြို့နယ်ရုံး ၇၇ ရုံး ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး သွားလာရေးခက်ခဲပြီး ရုံးဖွင့်လှစ်နိုင်ခြင်းမရှိသော ဒေသများတွင် Mobile Team ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် အလုပ်အကိုင်အခွင့်အလမ်း ပြပွဲ (Job Fair) များ ပြုလုပ်ဆောင်ရွက်ပေးခြင်းနှင့် ပြည်တွင်းပြည်ပ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း ဆောင်ရွက်လိုသော ကုမ္ပဏီများကို အကျိုးဆောင်လိုင်စင်များ ထုတ်ပေးခြင်းများကို အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ကြီးကြပ်ဆောင် ရွက်ပေးနေပါကြောင်း၊ မြန်မာအလုပ်သမားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် ၁၉၉၀ ပြည့်နှစ်က စတင်ခွင့်ပြုခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်အစိုးရက ရွှေ့ပြောင်းအလုပ်သမားရေးရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်ပတွင် အလုပ်အကိုင်ကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းပြီး ပြည်ပကို မြန်မာအလုပ်သမားများ စနစ်တကျ သွားရောက်လုပ်ကိုင်နိုင်ရေး၊ အလုပ်သမားအခွင့်အရေးများ အပြည့်အဝ ရရှိရေးအတွက် ရွှေ့ပြောင်းသွားလာမှုစီမံခန့်ခွဲရေး လုပ်ငန်းကိစ္စများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ ပင်လယ်ကူးသင်္ဘောသားများ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စများ၊ အလုပ်အကိုင်ဆိုင်ရာကိစ္စများ၊ မှတ်ပုံတင်မြန်မာပင်လယ်ကူး သင်္ဘောသားများ တာဝန်ထမ်းဆောင်နိုင်ရန် လေ့ကျင့်သင်ကြားခြင်းနှင့် သက်ဆိုင်ရာကျွမ်းကျင်မှု လက်မှတ် (Certificate of Competency- CoC) နှင့် တတ်ကျွမ်းမှုလက်မှတ် (Certificate of Proficiency- CoP) ထုတ်ပေးရေးကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေပါကြောင်း။
မြန်မာပင်လယ်ကူးသင်္ဘောသားများ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ယခင်က သင်္ဘောသား လုပ်သက်မှတ်တမ်းစာအုပ် (Continuous Discharge Certificate- CDC) ထုတ်ပေးပြီး မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နေရာမှ ၁-၁-၂၀၁၅ ရက်နေ့မှစ၍ မြန်မာပင်လယ်ကူးသင်္ဘောသား မှတ်ပုံတင်စာအုပ် (Seafarer Identification and Record Book- SIRB) ကို ထုတ်ပေးကာ မှတ်ပုံတင်ခြင်းကို ပြောင်းလဲဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၈-၄-၂၀၁၅ ရက်နေ့အထိ SIRB စာအုပ်ထုတ်ယူပြီး မှတ်ပုံတင်ထားသော မြန်မာပင်လယ်ကူးသင်္ဘောသား စုစုပေါင်း ၅၅၅၀၈ ဦးရှိပြီး ၂၀၁၅ ခုနှစ် ဧပြီလတွင် SIRB စာအုပ်ထုတ်ယူပြီး မှတ်ပုံတင်ထားသော မြန်မာပင်လယ်ကူးသင်္ဘောသား ၂၉၀၀၀ ဦးခန့် အပြည်ပြည်ဆိုင်ရာသို့ သွားလာနေသော သင်္ဘောများတွင် တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် နိုင်ငံခြားကုမ္ပဏီများ၏ သင်္ဘောများတွင် သွားရောက်တာဝန်ထမ်းဆောင်မည့် မြန်မာပင်လယ်ကူး သင်္ဘောသားများကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (International Labour Organization- ILO) ၏ Maritime Labour Convention- 2006 (MLC-2006) သတ်မှတ်ချက်များနှင့်အညီ သင်္ဘောသားများ စုဆောင်းခြင်းနှင့် အလုပ်နေရာများချထားခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် (Seafarer Recruitment and Placement Services- SRPS) ထုတ်ပေးထားသော ကုမ္ပဏီများကို ကြီးကြပ် ဆောင်ရွက်ပေးနေပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့အထိ SRPS လိုင်စင်ထုတ်ပေးထားသော ကုမ္ပဏီပေါင်း ၁၆၈ ခု ရှိပြီး SRPS လိုင်စင်ရ ကုမ္ပဏီများသည် မြန်မာပင်လယ်ကူးသင်္ဘောသားများကို နိုင်ငံခြားကုမ္ပဏီများသို့ သင်္ဘောများ စေလွှတ်ရာတွင် MLC 2006 သတ်မှတ်ချက်နှင့်အညီ ပင်လယ်ကူးသင်္ဘောသားများ စေလွှတ်ခြင်းဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆို၍ သင်္ဘောသားစေလွှတ်ခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအချိန်တွင် SRPS လိုင်စင်ရကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုထားသော နိုင်ငံခြားကုမ္ပဏီပေါင်း ၁၇၄ ခုရှိပြီး သင်္ဘော စုစုပေါင်း ၂၆၃၁ စီးကို ပင်လယ်ကူးသင်္ဘောသားများ စေလွှတ်ပေးနေပါကြောင်း၊ စာချုပ်ချုပ်ဆိုထားသော နိုင်ငံခြားကုမ္ပဏီများတွင် ထိုင်ဝမ်ကုမ္ပဏီ ၂ ခု ပါဝင်ပြီး သင်္ဘောစုစုပေါင်း ၂၄ စီးတွင် မြန်မာပင်လယ်ကူးသင်္ဘောသားများကို စေလွှတ်တာဝန် ထမ်းဆောင်စေလျက်ရှိသောကြောင့် လက်ရှိအချိန်တွင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် SRPS လိုင်စင်ရကုမ္ပဏီများက ထိုင်ဝမ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုပြီး မြန်မာပင်လယ်ကူးသင်္ဘောသားများ စေလွှတ်ခွင့်ပြုထားပြီးဖြစ်ပါကြောင်း။
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် မြန်မာပင်လယ်ကူးသင်္ဘောသားများ အလုပ်အကိုင် ရရှိရေးအတွက် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် (International Maritime Organization- IMO) နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (International Labour Organization- ILO) တို့၏ Convention များပါ သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာသွားသော သင်္ဘောများတွင် တာဝန်ထမ်းဆောင်သည့်အခါ သင်္ဘောမှတ်ပုံတင်ထားသော နိုင်ငံ၏ ရေကြောင်းဌာနက ထုတ်ပေးထားသော ကျွမ်းကျင်မှုလက်မှတ်များကို ပြောင်းလဲကိုင်ဆောင်ရခြင်းဖြစ်သည့်အတွက် ကျွမ်းကျင်မှုလက်မှတ် အပြန်အလှန်လဲလှယ်ရေး နားလည်မှုစာချွန်လွှာ (Memorandum of Understanding for Certificate of Recognition) ရေးထိုးထားသော နိုင်ငံများတွင် မှတ်ပုံတင်ထားသော အပြည်ပြည်ဆိုင်ရာသွားသည့် မည်သည့်သင်္ဘောများတွင်မဆို မြန်မာပင်လယ်ကူးသင်္ဘောသားများကို တာဝန်ထမ်းဆောင်ရန် စေလွှတ်ခွင့်ပြုထားပါကြောင်း၊ မြန်မာပင်လယ်ကူးသင်္ဘောသားများအနေဖြင့် ထိုင်ဝမ်မှတ်ပုံတင်ထားသော အပြည်ပြည်ဆိုင်ရာသွားသင်္ဘောများတွင် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ထိုင်ဝမ်ရေကြောင်းဌာနတို့အကြား ကျွမ်းကျင်မှု လက်မှတ်အပြန်အလှန်လဲလှယ်ရေး နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာပင်လယ်ကူးသင်္ဘောသားအလုပ်သမားအဖွဲ့ချုပ် (Myanmar Seafarers Federation-MSF) နှင့် ထိုင်ဝမ်အလုပ်သမားအဖွဲ့ချုပ်တို့အကြား တရားဝင် စာချုပ်ချုပ်ဆိုမည့်ကိစ္စသည် IMO နှင့် ILO တို့၏ Convention ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီပြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက စီမံကြီးကြပ်မှုအပေါ် အဟန့်အတားမဖြစ်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတွင် မြန်မာပင်လယ်ကူးသင်္ဘောသားများအဖွဲ့အစည်း မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) သည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက မှတ်ပုံတင်ခွင့်ပြုထားသော ပင်လယ်ကူး သင်္ဘောသားများအဖွဲ့အစည်းများအနက် အသင်းအဖွဲ့တစ်ခုဖြစ်ပါကြောင်း၊ ၎င်းအသင်းအဖွဲ့သည် ၁၁-၁၀-၂၀၁၁ ရက်နေ့က ပြဋ္ဌာန်းခဲ့သော အလုပ်သမားအဖွဲ့အစည်းဥပဒေအရ ဖွဲ့စည်းခွင့်ပြုထားသော အဖွဲ့အစည်းများဖြစ်ပြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသော မြန်မာပင်လယ်ကူး သင်္ဘောသားများသည် ယင်းအဖွဲ့အစည်းအသီးသီးတွင် အဖွဲ့ဝင်များ ဖြစ်ကြပါကြောင်း။
ထို့ကြောင့် ထိုင်ဝမ်ကုမ္ပဏီများ၏ သင်္ဘောများတွင် တာဝန်ထမ်းဆောင်မည့် မြန်မာပင်လယ်ကူး သင်္ဘောသားများကိစ္စကို ထိုင်ဝမ်အလုပ်သမားအဖွဲ့ချုပ်နှင့် ဆက်သွယ်ဆောင်ရွက်သွားရန်လိုအပ်ပြီး အခြားပင်လယ်ကူးသင်္ဘောသား အဖွဲ့အစည်းများ သည်လည်း မြန်မာပင်လယ်ကူးသင်္ဘောသား အလုပ်သမားအဖွဲ့ချုပ် (MSF) ကဲ့သို့ တရားဝင်ဆက်သွယ် စာချုပ်စာချုပ်ဆိုပြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသော မည်သည့်ပင်လယ်ကူးသင်္ဘောသားကိုမဆို ထိုင်ဝမ် ကုမ္ပဏီ၏ သင်္ဘောများတွင် တာဝန်ထမ်းဆောင်ခြင်းများကို အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
