ယနေ့အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီလုပ်ငန်းဆောင်ရွက်ခွင့်မရှိသော်လည်း ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေများတွင် ပါတီလုပ်ငန်းများဆောင်ရွက်ခွင့်ရှိနေခြင်းသည် ယခုကျင်းပမည့် ရွေးကောက်ပွဲနှင့် အတူ နောင်အနာဂတ် မြန်မာနိုင်ငံအရေးအတွက် အလွန်တရာမှ အရေးကြီးပြီး အဖြေရှာပေးရမည့် ကိစ္စဖြစ်သည့်အတွက် မိမိတို့ အနေဖြင့် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊
(၁) ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄ တွင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့် နေ့မှစ၍ မိမိ တို့ ရာထူးသက်တမ်းတွင် ယင်းပါတီအဖွဲ့အစည်းများ၏ ပါတီလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရဟုလည်းကောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂(ဋ)မှာ ပြည်ထောင်စု ဝန်ကြီး သည် နိုင်ငံရေးပါတီတစ်ခုခု၏အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်း ခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းတွင် ယင်းပါတီအဖွဲ့ အစည်း၏ ပါတီ လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်းမပြုရဟုလည်းကောင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့၏ဥပဒေ ပုဒ်မ ၇(ခ)နှင့် ၁၇(ဃ)တို့အရ ပါတီ စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုထားသည်ကိုတွေ့ရှိရပါကြောင်း၊
(၂) ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၅(ဆ)တွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်တစ်ဦးဦးသည် နိုင်ငံရေးပါတီတစ်ခုခု၏အဖွဲ့ဝင်ဖြစ်လျှင် ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည့်နေ့မှစ၍ မိမိ ရာထူး သက်တမ်းတွင် ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းထားသော်လည်း နေပြည်တော်ကောင်စီဥပဒေပုဒ်မ ၆ ပုဒ်မခွဲ(ခ)တွင် ပါတီစည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုထားသည်ကို တွေ့ရှိရပါကြောင်း၊
(၃) ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၀၀(က)တွင် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများသည် ပါတီနိုင်ငံရေး ကင်းရှင်းရဟု ဖော်ပြထားသော်လည်း ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၂၉(ခ)တွင် ပါတီစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုထားသည်ကို တွေရှိရပါကြောင်း၊
(၄) ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၃၃(င)တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်၏ အရည်အချင်းတွင် နိုင်ငံရေးပါတီဝင်မဟုတ်သူဟု ပြဋ္ဌာန်း ထားသော်လည်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၁၁ တွင် ပါတီ စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုထား တာကို တွေ့ရပါကြောင်း၊
(၅) ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၇(ဇ)တွင် ပြည်ထောင်စုရှေ့နေချုပ်သည် နိုင်ငံရေးပါတီတစ်ခုခု၏အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုရှေ့နေချုပ် အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့်နေ့မှစ၍ မိမိ ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့ အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းထားသော်လည်း ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ ပုဒ်မ ၇(ခ)တွင် ပါတီစည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုထားသည်ကိုတွေ့ရှိရပါကြောင်း၊
(၆) ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၂(ဆ)တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စု စာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယ စာရင်းစစ်ချုပ်အဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီ လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းထားသော်လည်း ပြည်ထောင်စုစာရင်းစစ် ချုပ်ဥပဒေ ပုဒ်မ ၇တွင် ပါတီစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုထားသည်ကို တွေ့ရှိရပါကြောင်း၊
(၇) ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၆(ခ)(၆)တွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင် များသည် နိုင်ငံရေးပါတီဝင်မဟုတ်သူဟု ပြဋ္ဌာန်းထားသော်လည်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဥပဒေ ပုဒ်မ ၇(ခ)တွင် ပါတီစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုထားသည်ကို တွေ့ရှိရ သည့်အတွက် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းခုနစ်ခု၏ ဥပဒေပြဋ္ဌာန်းချက်များ ဆန့်ကျင်နေသည်ကို တွေ့ရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါဥပဒေပုဒ်မ (၇)ခုသည် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံနှင့် ကိုက် ညီမှုရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။
မိမိတို့အဖွဲ့အစည်းခုံရုံးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၂ နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၁၂ ပါတာဝန်များကိုသာ ဆောင်ရွက်ခွင့်ရှိပါကြောင်း ကို ပထမဦးစွာ ဖြေကြားလိုပါကြောင်း၊ ဥပဒေများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ညီညွတ်မှုရှိ/မရှိ စိစစ်ခြင်းနှင့် စပ်လျဉ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၂ (ခ)ပြဋ္ဌာန်းချက်ချက်ကို တင်ပြလိုပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်၊ တိုင်း ဒေသကြီးလွှတ်တော်၊ ပြည်နယ် လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့နှင့် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသည့်ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ ညွတ်ခြင်းရှိ/မရှိ စိစစ်ခြင်းဟူ၍ ဖော်ပြကန့်သတ်ထားသည့်နည်းတူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပုဒ်မ ၁၂ တွင်လည်း ပြဋ္ဌာန်းထားပါကြောင်း၊ အထက်ဖော်ပြပါဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၂(ခ) ပြဋ္ဌာန်း ချက်အရ မိမိတို့ခုံရုံးက စိစစ်ခွင့်ရှိသည့်ဥပဒေများသည် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းထားသော ဥပဒေများသာဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာသက်ရောက်ခြင်းမရှိမီက အတည်ပြု ပြဋ္ဌာန်းခဲ့သောဥပဒေများကို ဤ ခုံရုံးက စိစစ်ခွင့်မရှိဟူ၍ ဆိုရမည်ဖြစ်ခြင်းကြောင့် အထက်ဖော်ပြပါ ဥပဒေ ခုနစ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီ/မညီဆိုသည်ကို ခုံရုံးကစိစစ်ခွင့်မရှိပါကြောင်း။
ခုံရုံးသည် တင်ပြလာသောပြဿနာများကို တရားစီရင်ရေးနည်းလမ်းဖြင့်သာ နှစ်ဖက်ကြားနာပြီး ဆုံးဖြတ်ရခြင်းဖြစ်သည့်အတွက် ပြဋ္ဌာန်းဥပဒေတစ်ရပ်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ညီ/မညီ ဆိုသည်ကို သက်ဆိုင်သူများကို တင်ပြခွင့်ပေးခြင်း၊ ကြားနာခွင့်ပေးခြင်းတို့များ ပြုလုပ်ပြီးမှ သာလျှင် ဆုံးဖြတ်နိုင်မည်ဖြစ်ပါကြောင်း၊ ပါတီလုပ်ငန်း၊ ပါတီစည်းရုံး ရေးလုပ်ငန်းဆိုသည့် စကားရပ်များသည်လည်း ယေဘုယျ အဓိပ္ပာယ်ကိုသာဆောင်သော စကားရပ်များဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုလွယ်ကူစေရန်နှင့် လိုက်နာရသူများအတွက် ရှင်းလင်းလွယ်ကူမှုရှိစေရန် အဆိုပါဥပဒေကို စီမံခန့်ခွဲသည့် အဖွဲ့အစည်းက စကားရပ်များ၏အဓိပ္ပာယ်အတိုင်းအတာ စသည်တို့ကို ဖွင့်ဆိုထားရန် လိုအပ်မည်ဟု ယူဆပါကြောင်း ပြန်ဖြေကြားပါသည်။
ဦးတင်မောင်ဦး(ရွှေပြည်သာ) ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈(ဃ)အရ နိုင်ငံသားတိုင်းသည် ဥပဒေ နှင့်အညီ ရွေးကောက် တင်မြှောက်ပိုင်ခွင့်ရှိသည်မှာ မှန်သော်လည်း အစိုးရအဖွဲ့အသီးသီး၏ ဆောင်ရွက်ခွင့်နှင့် ပတ်သက်ပြီးထုတ်ပြန်ထားသည့် အမိန့်များအရ ပါတီစည်းရုံးရေးဆောင်ရွက်ခွင့်ရှိကြောင်း ဖော်ပြထားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၂၂(က)တွင်ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆို ပေးရန်ပါရှိသည့်အတွက် ယခုမေးမြန်းခဲ့သော ဥပဒေပုဒ်မများနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုထားမှု၊ လေးနက်မှုတို့ကို ပြန်လည်ဖြေကြားပေးစေလိုပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၂(က)တွင် ဖွဲ့စည်းပုံတွင် ပါဝင်သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပါယ်ဖွင့်ဆိုခွင့်ရှိပါကြောင်း၊ ထို့ကြောင့် အနက်အဓိပ္ပါယ် ဖွင့်ဆို၍ ဆန့်ကျင်နေသည်ဆိုပါက ဥပဒေအရ အလိုအလျောက် ပျက်ပြယ်သည်ဟု မိမိတို့အနေဖြင့် နားလည်ပါကြောင်း၊ အနာဂတ်ကာလနိုင်ငံတော်၏ ရွေးကောက်ပွဲများအပါအဝင် ထုတ်ပြန်ထားသည့် ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မျှတမှာသာလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာရာ ရောက်ပြီး ထုတ်ပြန်ထားသည့် အမိန့်များကိုလည်း ပြည်သူများက လေးစားမည်ဖြစ်ပါကြောင်း၊ ဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်မျှတမှုမရှိခြင်းများသည် ဥပဒေပြုရာ လွှတ်တော်များတွင်လည်း တာဝန် ရှိသည်ဟု ခံယူသည့်အတွက် ဥပဒေ ၇ ခု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေသည်ဟု ယူဆရသော အမိန့်များကို မည်သို့ဆောင်ရွက်ရန် အစီအစဉ်ရှိသည်ဆိုသည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ဥက္ကဋ္ဌ ဦးမြသိမ်း
မိမိတို့အနေဖြင့် အဓိပ္ပာယ်ဖွင့်ဆိုရန် ပေါ်လာသည့် တစ်ခုချင်းအပေါ် မူတည်ပြီး အဆိုပါကိစ္စရပ်၊ အဆိုပါအပြုအမူသည် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားခြင်းနှင့် ညီညွတ်ခြင်း ရှိ/မရှိဆို သည်ကိုသာ ဖြေဆိုခွင့်ရှိပါကြောင်း၊ ထို့ကြောင့် ပေါ်ပေါက်လာသောပြဿနာအပေါ် မိမိတို့ ခုံရုံးထံသို့ တင်ပြလာ၍ သတ်မှတ်ချက်များနှင့်ကိုက်ညီပါက ဖြေကြားပေးနိုင်မည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်
မိမိတို့အနေဖြင့် ယခုမေးမြန်းခဲ့သော ဥပဒေ ၇ ခုနှင့် စပ်လျဉ်းပြီး လေ့လာခဲ့ရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်နေသည်ကို တွေ့ရှိရသည့်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၄၆ ပြဋ္ဌာန်းချက်နှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်အောင် ပြင်ဆင်ရန် လိုအပ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က မှတ်ချက်ပြုပြောကြားပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည့် ဥပဒေများကို ပြင်ဆင်ဆောင်ရွက်ရာတွင် ဥပဒေပြု လွှတ်တော်များနှင့် သက်ဆိုင်သည့်အတွက် သက်ဆိုင်ရာ ကော်မတီနှင့် သက်ဆိုင်ရာ ဥပဒေများပြင်ဆင်နိုင်သည့် အဖွဲ့အစည်းများက ဆက်လက် ဆောင်ရွက်သွားဖို့လိုကြောင်း မှတ်ချက်ပြုပြောကြားပါသည်။
