(စ)-လွိုင်ကော်-မော်ချီးကားလမ်းမကြီးတစ်လျှောက် စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက်များအားစနစ် တကျ စွန့်ပစ်စေရေးအတွက် စည်းကမ်းလိုက်နာမှု မရှိသူများအားမည်သို့အရေးယူ ဆောင်ရွက်မည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၈၃)ရက်မြောက်နေ့ (၁၉.၈.၂၀၁၅)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များအနက် မိုင်းဖြတ်မြို့အပါအဝင် လယ်သမား တောင်ယာခြံနှင့် နှစ်ရှည်ပင်စိုက်ပျိုးပြီး အသက်မွေးဝမ်း ကျောင်းပြုလုပ်စားနေသူ ၇၀ ရာခိုင်နှုန်းကျော်ခန့် ရှိပါကြောင်း၊ ယခုအခါ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးသည့် အစိုးရသစ်လက်ထက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းအောင်မြင် ဖူလုံစေသည့်အပြင် ပိုလျှံနိုင်ရေးအတွက် ငွေအား၊ ပစ္စည်းအား၊ နည်းပညာများပါမကျန် ကူညီဆောင်ရွက်လျက် ရှိပါသည့်အတွက် တောင်သူလယ်သမားများ၊ လက်လုပ်လက်စားသမားများအားလုံး ဝမ်းသာကြည်နူး ကျေးဇူးတင်လျက်ရှိပါကြောင်း၊ အထူးသဖြင့် လယ်ယာကဏ္ဍသည် လက်မှုလယ်ယာဘဝမှ စက်မှုဘဝသို့ အရှိန်အဟုန်ဖြင့် တွန်းအားပေး ဆောင်ရွက်နေသည်နှင့်အမျှ ထွက်ကုန်များလည်း လုံလောက်သည့်အပြင် ပိုလျှံထွက်ရှိလျက်ရှိပါကြောင်း၊ မိုင်းဖြတ်မြို့အပါအဝင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မြို့များ၏ ပိုလျှံနေသော လယ်ယာထွက်ကုန် ဆန်စပါး၊ ပြောင်း၊ ငှက်ပျော၊ ဖရဲ၊ ဖရုံ၊ ‌ရော်ဘာစသည့် အခြားသီးနှံများကို ဝယ်လိုအားကောင်းပြီးမှ မဟာဈေးကွက်ကြီးဖြစ်သည့် တရုတ်နိုင်ငံ သို့ မိုင်းလား၊ မိုင်းယုလမ်းကြောင်းဖြင့် တစ်ပိုင်တစ်နိုင် နှစ်စဉ် သွားရောက် ရောင်းချကြပါကြောင်း၊ ၎င်းမှ ရသောဝင်ငွေဖြင့် သာရေးနာရေး၊ ပညာရေး၊ ပြန်လည်စိုက်ပျိုးရေး အရင်းအနှီးများပါ ရရှိပါသဖြင့် ပုံမှန်လည်ပတ်နေပါကြောင်း၊ သို့သော် လွန်ခဲ့သော ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ စတင်ပြီး မြန်မာ့တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်များ တိုက်ပွဲဖြစ်ခဲ့ရာ အစိုးရအဖွဲ့မှ အဆိုပါ လယ်ယာထွက်ကုန်ပစ္စည်း သွားရောက်ရောင်းချရန် စည်းကြပ်တားမြစ်ခဲ့ပါကြောင်း၊ စစ်ရေးအမြင်ဖြင့် ကြည့်လျှင် မှန်ကန်သည့်အပြင် ပါဝင်ဆောင်ရွက်ရမည့် တာဝန်လည်းရှိပါကြောင်း၊ တခြားတစ်ဖက် ဈေးကွက်ဖြစ်သော ယိုးဒယားကို ချိန်ထိုးရောင်းချသော်လည်း လက်ခံဝယ်ယူခြင်း မရှိပါကြောင်း၊ ယခုကဲ့သို့ စိုက်ပျိုးချိန်ရာသီနှင့် လာမည့် ရိတ်သိမ်းရာသီများတွင် တောင်သူလယ်သမားများ အားလုံးနီးပါး အခက်ကြုံတွေ့နေရပါကြောင်း၊  ရှမ်းပြည်နယ်(အရှေ့ပိုင်း) အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေလည်း ယနေ့အချိန်အထိ ထုတ်ပေးနိုင်သည့် အစီအစဉ် မရှိသေးပါကြောင်း၊ သို့ဖြစ်ပါ၍ ဇွန်လ ၁၀ ရက်နေ့တွင် တစ်ဖက်သတ် အပစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့ပြီးဖြစ်သည့်အတွက် တရုတ်နိုင်ငံအနေဖြင့်လည်း ကြိုဆိုကြောင်း သတင်းများအရ သိရှိရပါကြောင်း၊ ထို့ကြောင့်  ယခင်နှစ်များအတိုင်း တရုတ်နယ်စပ်သို့ လယ်ယာထွက်သီးနှံများ သွားရောက် ရောင်းချခွင်‌့ ရ/မရ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စီးပွားရေးနှင်‌့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း
အဖြေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဖြတ်ခရိုင်များမှ စိုက်ပျိုးထွက်ရှိသော စပါး၊ ဆန်များသည် ဒေသထွက်ရှိမှု၊ စားသုံးမှုစာရင်းဇယားများအရ ပိုလျှံမှုရှိသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ ခွင့်ပြုထားခဲ့ပါကြောင်း။

ထို့အတူ ဒေသထွက် ပဲ၊ ပြောင်း၊ နှမ်းတို့ကိုလည်း ရှမ်းပြည်နယ်ရှိ တာချီလိတ်၊ ကျိုင်းတုံ စခန်းများမှ တစ်ဆင်‌့ မိုင်းလားထွက်ပေါက်မှ တရုတ်နိုင်ငံသို့ တင်ပို့ခွင်‌့ပြုထားခဲ့ပါကြောင်း၊ ယင်းဒေသရှိ ကုန်သည်လုပ်ငန်းရှင်များ၏ တင်ပြချက်အရ မိုင်းလားမှတစ်ဆင်‌့ တင်ပို့လိုသော ဒေသထွက် ရော်ဘာ၊ ဝဥခြောက်၊ လက်ဖက်ခြောက်၊ မျှစ်‌ခြောက်၊ တစ်သျှူးငှက်ပျော်၊ ဖရဲသီး၊ မြေပဲဆံ၊ ဖရုံသီး တို့ကိုလည်းကောင်း၊ ဒေသသုံးအဖြစ် တင်သွင်းလိုသည့် သွင်းကုန်ပစ္စည်းများကိုလည်းကောင်း တင်ပို့/တင်သွင်းခွင့် ပြုထားခဲ့ပြီးဖြစ်ပါကြောင်း၊ သို့သော် ဆန်တင်ပို့မှုနှင်‌့ ပတ်သက်၍ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း၌ တာချီလိတ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဝမ်းကောင်းမူကျေးရွာသို့ သယ်ဆောင်ရန် အကြောင်းပြု၍ ဆန်တင်ယာဉ်များ ဝင်ရောက်မှုရှိလာသဖြင့် စိစစ်သုံးသပ်ရာတွင် တာချီလိတ်ဒေသသည် ဆန်ပိုဒေသမဟုတ်သည်‌့အပြင် ပြည်တွင်းမှ ဆန်များဝယ်ယူ စားသုံးနေသော ဒေသဖြစ်ခြင်း၊ တာချီလိတ်မှ ဆန်ကို အဆိုပါရွာများသို့ ယခင်က သယ်ဆောင်လေ့ မရှိခြင်း၊ ၎င်းသယ်ဆောင်လာသည့် ဆန်များသည် ဝမ်ကောင်းမူမှ ကျိုင်းတုံ၊ မိုင်းလာဒေသများသို့ သယ်ဆောင်မည်ဟု သတင်းများရရှိပြီး လောက်ကိုင်းဒေသအတွက် ရိက္ခာစုဆောင်းသည်ဟု သံသယ ရှိခြင်း၊ အဆိုပါ ယာဉ်အုပ်စုဖြင့် စုဆောင်းသယ်ဆောင်လာသော ဆန်များကို မဲခေါင်မြစ်ကြောင်း အတိုင်း ဆွပ်ပလွေ(မိုင်းလား)သို့လည်းကောင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းယုမှတစ်ဆင့် ဝ နယ်မြေ သို့လည်းကောင်း၊ မိုင်းလားသို့လည်းကောင်း သယ်ဆောင်မှုပြုနိုင်ပြီး ၎င်းနေရာများမှတစ်ဆင့် မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် သယ်ဆောင်နိုင်သည့် အနေအထားများဖြစ်ကြောင်း သုံးသပ်တွေ့ရှိရ သဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခဲ့ပြီး လမ်းညွှန်ချက်အရ မိုင်းလားမှတစ်ဆင့် ဆန်တင်ပို့မှုအား ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပါကြောင်း။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် စုစုပေါင်း စပါးစိုက်ဧက ၃၁၄၈၄၅ ဧကမှ စပါးတင်းပေါင်း ၂၄၁.၅၅ သိန်း ထွက်ရှိပြီး မျိုး၊ အလေအလွင့်၊ စားသုံးမှုအပါအဝင် သုံးစွဲမှုစပါးတင်းပေါင်း ၁၆၄.၃၂ သိန်း နုတ်ပယ်ပါက ပိုလျှံစပါးတင်း ၇၆.၂၃ သိန်းခန့် (ညီမျှဆန်တန်ချိန် ၇၆၀၀၀ ခန့်)ရှိကြောင်း၊ ဒေသ ထွက်ဆန်များ တရုတ်နိုင်ငံသို့  တင်ပို့မှုမှာ ၂၀၁၂-၁၃ ခုနှစ်၌ ဆန်တန် ၆၀၀၀၊ ၂၀၁၃-၁၄ ခုနှစ်၌ ၁၀၃၁၃ တန်၊ ၂၀၁၄-၁၅ ခုနှစ်၌ ၁၆၅၄၇ တန် ရှိသည်ကို  တွေ့ရှိရပါကြောင်း။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  အနေဖြင့် ပို့ကုန်အမယ်ဖြစ်သော ဆန်အား မူအားဖြင့် တင်ပို့ခွင့်ပြုထားပြီးဖြစ်သဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံဒေသထွက် ဆန်များ ပြန်လည်တင်ပို့နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရတို့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသထွက် ပိုလျှံသည့်ဆန်တင်ပို့မှုအား ၎င်းဒေသ နိုင်ငံရေး၊ လုံခြုံရေးအခြေအနေများအပြင် ယခုလက်ရှိ ကြုံတွေ့ခံစားနေရသော သဘာဝဘေးအန္တရာယ်များကြောင့် ဆန်စပါးစိုက်ပျိုး ထွက်ရှိမှု အပေါ် မူတည်၍ နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဒေသထွက် ရော်ဘာ၊ သစ်သီးဝလံနှင့် အခြားဒေသထွက်ပစ္စည်းများကိုမူ ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများနှင့်အညီ လွတ်လပ်စွာရောင်းဝယ်ခွင့် ပြုထားလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးစိုင်းကျောက် (မိုင်းဖြတ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဇွန်လ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာထဲတွင်လည်း ပါရှိပါကြောင်း၊ မိမိတို့ ကျိုင်းတုံဒေသတွင် ထွက်ရှိသော စပါးများ ယခုကဲ့သို့ ပိတ်ဆို့မှုခံရသည့်အတွက် စပါးတစ်တင်းကို ကျပ်လေးထောင်သာ ရရှိကြောင်းကို ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် လယ်စိုက်တစ်ဧကကို ကျပ်ရှစ်သောင်းခန့် နစ်နာဆုံးရှုံးနေပါကြောင်း၊ ထွက်ရှိသော စပါးများကို ယခင် အစိုးရသစ်လက်ထက်မှ ယနေ့ လောက်ကိုင်အရေးအခင်း မဖြစ်ခင်ကာလအတွင်း အခြေအနေကို ဖြေလျော့ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း

ယာယီဆန်တင်ပို့မှုကို တရုတ်နိုင်ငံကို ပိတ်ပင်ထားခြင်းမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် သာမက မူဆယ်ဒေသမှာ ထွက်သည့်လမ်းကြောင်းမှတစ်ဆင့် တင်ပို့မှုကိုလည်း ယာယီ ဆိုင်းငံ့ထားပါကြောင်း၊ တစ်လ၊ နှစ်လခန့် စောင့်ကြည့်ပြီး လက်ရှိဖြစ်ပေါ်နေသော သဘာဝ ဘေးအန္တရာယ်များကြောင့် စပါး၊ ဆန်စပါးစိုက်ပျိုးထွက်ရှိမှုများကို ပြန်လည်သုံးသပ်ပြီး နောက်နှစ်တွင် ပိုလျှံမည့်အနေအထား ရှိမည်ဆိုပါက ပြန်လည် ခွင့်ပြုသွားရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်တော်ကြီး၏ ဒေသတွင်လည်း စိုက်ပျိုးထွက်ရှိမှုနှင့် ဒေသစားသုံးမှုတို့ကို ပြန်လည်တွက်ချက်ပြီး ပိုလျှံမှုရှိပါက ဒေသ၊ နိုင်ငံလုံခြုံရေး အခြေအနေပေါ် မူတည်ပြီး ဆက်လက်ပြီး ခွင့်ပြုဆောင်ရွက်သွားရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။