(ခ)-တရားဝင်တင်သွင်းလာသော မော်တော်ဆိုင် ကယ်များကိုလိုင်စင်(ဝှီးတက်)၊ အုံနာဘုတ်ပေးရာ တွင်ကြန့်ကြာနေပါသဖြင့်ယာဉ်တိုက်မှုများ ဖြစ်ပွား ပါကလိုင်စင်မဲ့(သို့)လိုင်စင်ရှိကိုမည်သို့သတ်မှတ်ပြီး၊ မည်သို့ ဆောင်ရွက်မည်ကိုသိလိုခြင်း နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၈၂)ရက်မြောက်နေ့ (၁၈.၈.၂၀၁၅)

ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော ခေတ်စနစ်နှင့်အညီ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုများပါမကျန် မော်တော်ဆိုင်ကယ်စီးနင်းမှုများလည်း တိုးမြင့်လာလျက်ရှိ၍ ထိုကဲ့သို့တိုးတက်များပြားလာသော ဆိုင်ကယ်စီးနင်းမှုများနှင့်အတူ ယာဉ်တိုက်မှုများမှာလည်း နေ့စဉ်နှင့်အမျှကြားသိနေရပါကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားပါက မော်တော်ဆိုင်ကယ် လိုင်စင် ရှိ/မရှိကို အရင်ဆုံးဖြေရှင်းဆောင်ရွက် ရပါ ကြောင်း၊ ယခုအခါ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တရားဝင်အခွန်ဆောင်ပြီး တင်သွင်း လာသော မော်တော် ဆိုင်ကယ်များကို အရောင်းကိုယ်စားလှယ်များက ပုဂ္ဂလိကဘဏ်များနှင့်ချိတ်ဆက်ပြီး လက်ငင်း သို့မဟုတ် အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိမေးမြန်းလိုသည်မှာ (၁) နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တရားဝင်တင်သွင်း လာသော မော်တော်ဆိုင်ကယ်များကို လိုင်စင် ၊ ဝှီးတက်၊  Owner Bookများ ထုတ်ဝေရာတွင် ၂ လနှင့်အထက် ကြန့်ကြာနေသည်မှာ မည်သည့် အတွက်ကြောင့် ဖြစ်သည်ကိုလည်းကောင်း၊ (၂) ထိုကာလအတွင်း မတော်တဆယာဉ်တိုက်မှုဖြစ်ပွားပါက လိုင်စင်မဲ့ သို့မဟုတ် လိုင်စင်ရှိဟု သတ်မှတ်ပါပြီလား။(၃) လိုင်စင်မဲ့ဟု သတ်မှတ်မည်ဆိုပါက တရားဝင်မော်တော်ဆိုင်ကယ်ဝယ်ယူစီးနင်းသော အများပြည်သူများအတွက် နိုင်ငံတော်မှ မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။ 


အဖြေ

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မှတ်ပုံတင်ထားသောမော်တော် ဆိုင်ကယ်စီးရေ စုစုပေါင်း ၃၆၅၄၃၂ ရှိပါကြောင်း၊ မှတ်ပုံတင်ဆောင်ရွက်ရသည်ကတော့ ၁ လတွင် ပဲခူးတိုင်းရှိ ပျမ်းမျှစီးရေ ၃၀၀၀ လောက်ရှိပါကြောင်း၊ တိုင်းဒေသကြီးရုံးနှင်‌့ခရိုင်ရုံးများမှာ မော်တော် ဆိုင်ကယ်ကနဦး မှတ်ပုံတင်ရန် အတွက် ဝယ်ယူသူကိုယ်တိုင်လာရောက်မှုနည်းပြီး ကုမ္ပဏီများကသာ လာရောက်ဆောင်ရွက်ခြင်းဖြစ်ပြီး တစ်ကြိမ်လျှင်အနည်းဆုံး ၁၀ စီးမှ အများဆုံးအစီး ၁၀၀ လောက်အထိ ရှိခဲ့ပါကြောင်း၊ မော်တော်ဆိုင်ကယ်ကနဦးမှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်မှုလုပ်ငန်း အဆင်‌့ဆင့်နှင့် ကြာမြင့်သည့် အချိန်ကို အပိုင်း ၃ ပိုင်းဖြင့် တင်ပြသွားမည်ဖြစ်ပါကြောင်း၊  အပိုင်း(၁)အနေဖြင့် မှတ်ပုံတင်ပေးရမည့် မော်တော်ဆိုင်ကယ်နှင့် ကုမ္ပဏီများကတင်ပြသည့် သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာ၊ Custom Statement စသည့် အထောက်အထားစာရွက်စာတမ်းများနှင်‌့ တိုက်ဆိုင်စစ်ဆေးခြင်း၊ မူသေနံပါတ်သတ်မှတ်ပေးခြင်း၊ ယာဉ်စစ်ဆေးခြင်း၊ မှတ်ပုံတင်ခငွေပေးသွင်းရန် တွက်ချက်ခြင်းတို့ကို ဆောင်ရွက်ရပြီး စီးရေအနည်းအများပေါ်မူတည်၍ ၁ ရက်မှ ၃ ရက်ခန့် ကြာပါကြောင်း၊ အပိုင်း(၂)အနေဖြင့် မြန်မာ့အာမခံလုပ်ငန်းကိုသွားရောက်၍ အာမခံပေးဆောင်ရန် အတွက် အကြောင်းကြားစာထုတ်ပြန်ခြင်းသည် အချိန်တစ်ရက်လောက်ကြာပါကြောင်း၊ မော်တော် ဆိုင်ကယ်ပိုင်ရှင်က မြန်မာ့အာမခံလုပ်ငန်းတွင် သူတစ်ပါးထိခိုက်မှုအာမခံကြေးပေးသွင်းပြီး နောက် ပေးသွင်းပြီးကြောင်းအထောက်အထားအား က.ည.န ကို ပြန်လည်အပ်နှံရမှာဖြစ်ပါကြောင်း၊ အပိုင်း(၃) အနေဖြင့် အမှုတွဲပြည့်စုံတဲ့အချိန်တွင် မှတ်ပုံတင်ခနဲ့ ဖောင်းကြွနံပါတ်ပြားဖိုးငွေပေးသွင်းပြီး နောက် အုံနာဘုတ်နဲ့ဝှီးတက်ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ စီးရေအနည်းအများပေါ်မူတည်ပြီး သုံးရက်ခန့်ကြာတက် မြင့်ပါကြောင်း၊ ဆိုင်ကယ် ကနဦးမှတ်ပုံတင်လုပ်ငန်းဆောင်ရွကရန်အတွက် က.ည.န အနေဖြင့် လုပ်ဆောင်ရသည့် လုပ်ငန်းများအနေနှင့်ကတော့ စုစုပေါင်းကြာချိန် လုပ်ဆောင်ရက် Working Day (၇)ရက်လောက်သာ ကြာတာဖြစ်ပါကြောင်း၊ မော်တော်ဆိုင်ကယ်အရောင်းပြခန်းကုမ္ပဏီများ အနေနှင့် မူသေနံပါတ်ရယူခြင်း၊ ယာဉ်စစ်ဆေးခြင်းများကိုဆောင်ရွက်ကြသော်လည်း မြန်မာ့အာမခံရုံး သို့ အာမခံပေးသွင်းခြင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မှတ်ပုံတင်ခနှင့် ဖောင်းကြွ နံပါတ်ပြားဖိုးငွေပေးသွင်းခြင်းမရှိသည့်အချိန်မှာတော့ ဌာနအနေဖြင့် အုံနာဘုတ်နဲ့ဝှီးတက်ကို မိမိတို့တင်ပြသည့် ရက်ကန့်သတ်ချက်အတိုင်းထုတ်ပေးနိုင်မှာမဟုတ်ကြောင်း၊ မေးခွန်း (၁) နှင့်စပ်လျဉ်းပြီး မော်တော်ဆိုင်ကယ်များရောင်းချသည့်ကုမ္ပဏီတွေအနေဖြင့် မူသေနံပါတ်ရယူပြီး ယာဉ်စစ်ဆေးပြီးသော်လည်း မှတ်ပုံတင် ပေးသွင်းမှုနောက်ကြသဖြင့်လည်းကောင်း၊ အထောက်အထားပြည်‌့စုံမှုမရှိသဖြင့်လည်းကောင်း၊ ကြန့်ကြာမှုရှိသည် ကို စစ်ဆေးတွေ့ရှိရပါကြောင်းနှင့် ကညန အနေနှင့် မော်တော်ဆိုင်ကယ် ကနဦးမှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ရာတွင် စီးရေအနည်းအများပေါ်မူတည်ပြီး ၇ ရက်အတွင်း ဆောင်ရွက်ပြီးစီးမှုရှိအောင် ကြိုးစားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မေးခွန်း (၂)နှင့်ပတ်သက်ပြီး ပြည်ထဲ ရေးဝန်ကြီးဌာန၏ ဖြေကြားချက်ကို ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် တရားဝင်တင်သွင်းလာသည့် မော်တော်ဆိုင်ကယ်များကို ၁၉၈၉ ခုနှစ်၊ မော်တော်ယာဉ်နည်းဥပဒေ ၄ အရ ဗဟိုမှတ်ပုံတင်အဖွဲ့၌ မှတ်ပုံတင်ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ ၁၉၆၄ ခုနှစ်၊ မော်တော်ယာဉ် ဥပဒေပုဒ်မ ၃ အရ မည်သည်‌့မော်တော်ယာဉ်မဆို မှတ်ပုံတင်မထားသော မော်တော်ယာဉ်ဖြစ်လျှင် လည်းကောင်း၊ မှတ်ပုံတင်သက်သေခံ လက်မှတ်ကိုပြသ မထားသော ပြည်သူတို့ ဆိုင်ရာနေရာများတွင် မည်သူမျှမမောင်းနှင်ရဟု ပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် မှတ်ပုံတင်သက်သေခံ လက်မှတ်ကို မော်တော်ဆိုင်ကယ်နှင့်အတူပြသထားနိုင်မှသာလျှင် အများပြည်သူဆိုင်ရာနေရာများတွင် မောင်းနှင်စီးနင်းနိုင်ပါကြောင်း၊ မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းသူများအနေဖြင့် ယာဉ်မတော်တဆထိခိုက်မှုဖြစ်ပွားပါက ဖြစ်စဉ်အပေါ်တွင် မူတည်၍ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က (ယာဉ်မဆင် မခြင်မောင်းနှင်မှု/သာမာန် နာကျင်စေမှု/ အပြင်းအထန်နာကျင်စေမှု/ လူသေစေမှု)စသည့် သက်ဆိုင်ရာပုဒ်မများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယာဉ်မတော်တဆ ထိခိုက်ဖြစ်ပွားသည့် သက်သေခံယာဉ်သည် ဗဟိုမှတ်ပုံတင်အဖွဲ့တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိ၊ ယာဉ်မှတ်ပုံတင်သက်သေခံ လက်မှတ်နှင့် မှတ်ပုံတင်စာအုပ်များ မှန်ကန်မှုရှိ/မရှိ၊ သက်ဆိုင်ရာ ကညနကို စာဖြင့် မေးမြန်းစိစစ် ဆောင်ရွက်ရပါကြောင်း၊  မှတ်ပုံတင်ထားခြင်းမရှိကြောင်း တွေ့ရှိပါက ၁၉၆၄ ခုနှစ် မော်တော် ယာဉ်ဥပဒေပုဒ်မ ၃ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ရသည့်အတွက် ယင်းဥပဒေပုဒ်မ ၂၁ အရ ထပ်မံ အရေးယူဆောင်ရွက်ရပါကြောင်း၊ တရားဝင်အခွန်ဆောင် တင်သွင်းလာသော မော်တော်ဆိုင်ကယ်များ ယာဉ်တိုက်မှုဖြစ်ပွားပါက အုံနာဘုတ်နှင့်(ဝှီးတက်)  မတင်ပြနိုင်လျှင် လိုင်စင်ရှိ မော်တော်ဆိုင်ကယ်စီးနင်း အသုံးပြုသူများအနေနှင့် ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေနှင့် ၁၉၈၉ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သင့်ပါကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ဖြေကြားမှုကို ပြန်လည်တင်ပြပါကြောင်း၊ မေးခွန်း (၃)နှင့် စပ်လျဉ်း၍  မော်တော်ဆိုင်ကယ် ကနဦးမှတ်ပုံတင်ပြု လုပ်လိုသူများအနေဖြင့် တရားဝင်တင်သွင်းထားသည့် စာရွက်စာတမ်းအထောက်အထားများကို ကညနရုံး တွင်တင်ပြပြီး မူသေနံပါတ်ရယူခြင်း၊ ယာဉ် စစ်ဆေးခြင်း၊ မြန်မာ့အာမခံလုပ်ငန်းတွင် သူတစ်ပါးထိခိုက်မှုအာမခံပေးသွင်းပြီးကြောင်း အထောက် အထားများ နှင့်အတူ ကနဦးမှတ်ပုံတင်ခနှင့် ဖောင်းကြွနံပါတ်ပြားဘိုးငွေ ပေးသွင်းပြီး နောက်တစ်ရက်တွင် ဝှီးတက် ထုတ်ပေးရေးစီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။