ပြည်ထောင်စုလွှတ်တော်၏ ဥပဒေအမှတ် (၈/၂၀၁၅)ဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ၂၄-၂-၂၀၁၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီးက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ ပြီးဖြစ်ပါကြောင်း၊ ၎င်းဥပဒေ၏ အခန်း(၄) ပုဒ်မ ၆ တွင် နိုင်ငံတော်သမ္မတသည် တိုင်းရင်းသားလူမျိုးများ ရေးရာကိစ္စရပ်များကို အလေးထား ဆောင်ရွက် နိုင်ရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ပြည်ထောင်စုလွှတ်တော်၏ သဘော တူညီချက်ဖြင့် ဖွဲ့စည်းရမည်ဟု ဖော်ပြထားပြီး ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(ဃ)တွင် နိုင်ငံတော် သမ္မတက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းရမည် ဟုလည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးဌာနများကို ပြည်ထောင်စု အစိုးရအဖွဲ့က မည်ကဲ့သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြဋ္ဌာန်းပြီးဖြစ်သည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေတွင် ဖော်ပြပါရှိသော အချက်အလက်များကို လေ့လာသုံးသပ်မည်ဆိုပါက အဆိုပါဥပဒေကို အခန်း(၉)ခန်းဖြင့် ဖွဲ့စည်း ထားပြီး ဥပဒေ၏ ရည်ရွယ်ချက်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ ဝန်ကြီးဌာနဖွဲ့စည်းခြင်း၊ ပြည်ထောင်စုဝန်ကြီးခန့်အပ်ခြင်း၊ ဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းအပိုင်း ဖော်ပြချက်များ၊ တားမြစ် ချက်နှင့် ပြစ်ဒဏ်များနှင့် အထွေထွေဖော်ပြချက်များဟူ၍ ပါရှိပြီး ဥပဒေ တစ်ခုလုံးကို ခြုံငုံ၍ လေ့လာကြည့်ပါက အဓိကအချက်အနေဖြင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကို စနစ်တကျဖွဲ့စည်းပြီး သတ်မှတ်ထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အသုံးပြု၍ ဥပဒေတွင် ဖော်ပြပါရှိသည့်အတိုင်း တိုင်းရင်းသားလူမျိုးများ၏ အကျိုးစီးပွားကို အကောင်အထည် ဖော်ဆောင်ရွက်သွား ရန်ဖြစ်ပါကြောင်း၊
ဥပဒေ၌ ဖော်ပြပါရှိသော ပြဋ္ဌာန်းချက်များအရ တိုင်းရင်းသားလူမျိုးများရေးရာကိစ္စများနှင့် စပ်လျဉ်းသည့် ဝန်ကြီးဌာနများ ဖွဲ့စည်းအကောင်အထည်ဖော်ရေးကိစ္စတွင် ဝန်ကြီးဌာနဖွဲ့စည်းခြင်းအပိုင်းနှင့် ဝန်ကြီးဌာန ဖွဲ့စည်းပြီးပါက ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း တိုင်းရင်းသားလူမျိုးများရေးရာကိစ္စရပ်များကို ဆက်လက်အကောင်အထည်ဖော်ရမယ့်အပိုင်းဟူ၍ အဓိက အပိုင်း ၂ ပိုင်းပါရှိသည်ကို တွေ့ရှိပါကြောင်း၊
မိမိအနေဖြင့် အပိုင်းတစ်ခုချင်းစီအလိုက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဆောင်ရွက်ရ မည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများဖွဲ့စည်းခြင်း အပိုင်းတွင် စနစ်တကျရှိစေရေးအတွက် ဥပဒေအရ ဖွဲ့စည်းရမည့်ဝန်ကြီးဌာနများနှင့် စပ်လျဉ်း၍ အကောင် အထည်ဖော်ရေးလုပ်ငန်းစဉ်များအနေဖြင့် ဝန်ကြီးဌာနများအတွက် လိုအပ်သော ဌာနဖွဲ့စည်းပုံနှင့် ဝန်ထမ်းဖွဲ့စည်းပုံဇယားများကို ရေးဆွဲ ခြင်းလုပ်ငန်းစဉ်များကို သတ်မှတ် ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်ခြင်း၊ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ အတွက် ပြဋ္ဌာန်းပြီး ဥပဒေနှင့်အညီ သက်ဆိုင်ရာ ရာထူးအဆင့်များအလိုက် တာဝန်နှင့် ဝတ္တရားများ သတ်မှတ်ပေးခြင်းနှင့် လိုအပ်သော နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်း အစရှိသောလုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊
ဥပဒေအရ ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အတွက် ဝန်ကြီးဌာန၏ လျာထားဘဏ္ဍာငွေအသုံးစရိတ်များကို သက်ဆိုင်ရာဘဏ္ဍာနှစ်၏ ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းနိုင်ရေးနှင့် ဝန်ကြီးဌာန အဆောက်အဦ၊ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များအတွက် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်း ရေးဆွဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အထက်ပါလုပ်ငန်းစဉ်များဖြစ်သော ဌာန၏ ဝန်ထမ်းဖွဲ့စည်းပုံဇယားများ၊ ဝန်ထမ်းများ၏ တာဝန်နှင့် ဝတ္တရားများ သတ်မှတ်ခြင်း လုပ်ငန်းများ၊ ရသုံးမှန်းခြေဆိုင်ရာ ငွေစာရင်းညှိနှိုင်းရေးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနမှ စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြအတည်ပြု ချက်ရယူခြင်းဖြစ်ပါကြောင်း၊
အတည်ပြုရယူပြီးနောက်ပိုင်း ဝန်ကြီးဌာနလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများ ဖွဲ့စည်းအကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများက သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် များ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်သမ္မတထံ ဆက်လက်တင်ပြပြီး ဆောင်ရွက်ခြင်း၊ တင်ပြခဲ့သော ဌာနဖွဲ့စည်းခြင်းဆိုင်ရာလုပ်ငန်းအဆင့်ဆင့်ကို အကောင်အထည်ဖော်ရာ၌ ဝန်ကြီး ဌာန ဖွဲ့စည်းပုံနှင့် ဝန်ထမ်းအင်အားစာရင်းများ ရေးဆွဲခြင်းကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှလည်းကောင်း၊ နည်းဥပဒေ(မူကြမ်း) ရေးဆွဲခြင်း ကိစ္စကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှလည်းကောင်း ဆောင်ရွက်နေသည့် ဆောင်ရွက်ဆဲ ကိစ္စရပ်များ ဖြစ်ကြောင်း၊
ထိုသို့ဆောင်ရွက်နေချိန်တွင် တိုင်းရင်းသားလူမျိုးများရေးရာကိစ္စများကို ဆက်လက် အကောင်အထည် ဖော်နိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန ပေါ်ပေါက်လာပြီးမှသာ ဆောင်ရွက်နိုင်မည်ဖြစ်သော်လည်း ဥပဒေတွင် ပြဋ္ဌာန်းထားသော တိုင်းရင်းသားလူမျိုးရေးနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်ထောင်စု ဝန်ကြီးဌာနများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားရှိပါကြောင်း၊
နိဂုံးချုပ်အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက် သည့် ဥပဒေတွင် ပါရှိသည့်ပြဋ္ဌာန်းချက်များဖြစ်သော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဖွဲ့စည်းအကောင် အထည်ဖော်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် စနစ်တကျဖြစ်စေရန် တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ထိုကဲ့သို့ ဆောင်ရွက်နေစဉ်ကာလအတွင်း ဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် အတွက် လစ်ဟာမှုမရှိစေဘဲ သက်ဆိုင်ရာတိုင်းရင်းသားရေးရာကိစ္စရပ်များအတွက် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုဝန်ကြီးဌာနများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများ ဖွဲ့စည်းအကောင် အထည်ဖော်ရေး နှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ သဘောတူညီမှုဖြင့် တင်ပြလာပါက ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဒေါက်တာစိုးမိုးအောင်(ဘီးလင်း) က ဆက်စပ်မေးမြန်းပါသည်။
မိမိအနေဖြင့် ဝန်ကြီးဌာနတစ်ခုဖွဲ့စည်းရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်များ များစွာရှိသည်ကို သိရှိပါကြောင်း၊ သို့သော် တိုင်းပြည်အတွက် အရေးကြီးသည့် တိုင်းရင်းသားလူမျိုးများရေးရာ ကိစ္စ များကို ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် အရေးတကြီးကိစ္စတစ်ရပ်ကဲ့သို့ သဘောထား ဆောင်ရွက်လိုပါကြောင်း၊ ထို့ကြောင့် အထက်ဖော်ပြပါ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များသည် မည့်သည့်အချိန်ကာလတွင် ပြီးစီးနိုင်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးကေ်ျာကျော်ဝင်း
ယခု အချိန်တွင် တိုင်းရင်းသား လူမျိုးရေးရာနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို ဆောင်ရွက် ပေးနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး ဌာနများက ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ကိုလည်း ဖြေကြားပြီး ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နေခြင်းနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနမဖွဲ့စည်းနိုင်မီနှင့် ဝန်ကြီးမခန့်အပ်နိုင်မီ အချိန်ကာလအတွင် ဆက်စပ်ဝန်ကြီးဌာနများဖြစ်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးရုံးဌာန(၆)၊ သာသနာရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန စသည့်ဖြင့် အဆိုပါဝန်ကြီးဌာနများသည် လက်ရှိ ပေါ်ပေါက်လာမည့် ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များနှင့် ပါဝင်ပတ်သက်ပြီး ဆောင်ရွက်နေခြင်းကြောင့် ယခုအချိန်တွင်လည်း တိုင်းရင်းသားရေးရာကိစ္စများကို အထူး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနတစ်ခု ဖွဲ့စည်းရာတွင် စည်းမျဉ်း စည်းကမ်းများ၊ ဖွဲ့စည်းပုံများကို ခိုင်မာသေချာစွာ ချမှတ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ၏ ရည်ရွယ်ချက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များအပြင် ဝန်ကြီးဌာနများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အသေးစိတ်ဖော်ပြထားရှိသည့် ဥပဒေဖြစ်သည့်အပြင် ပြည်ထောင်စု လွှတ်တော်တွင် အကြိတ်အနယ် အသေးစိတ်ဆွေးနွေးပြီး ဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဉ်များ ဖြစ်သည့်အတွက် အလွန်ကောင်းမွန်သော ဥပဒေတစ်ရပ်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးကို ဆောင်ရွက်ပေးသည့်အချက်အလက်များ၊ အကျိုးရှိသော အချက်အလက်များ မြောက်များစွာပါဝင်ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မိမိတို့အနေဖြင့် ကျယ်ပြန့်စွာ စဉ်းစား ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
