(က)-နိုင်ငံခြားဈေးကွက်ဝင်နှစ်ရှည်သီးနှံပဲမျိုးဖြစ်သော “ကြယ်ပဲ” (Sacha inchi) ကိုနိုင်ငံခြားရှိသက်ဆိုင် ရာကုမ္ပဏီများ နှင့်ဆောင်ရွက်နေမှု၊ လက်တွေ့နမူ နာပြုစိုက်ပျိုးပြသရာ၌အောင်မြင်မှုရှိ၊မရှိသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၈၅)ရက်မြောက်နေ့ (၂၁.၈.၂၀၁၅)

နိုင်ငံခြားဈေးကွက်ဝင် နှစ်ရှည်သီးနှံပဲမျိုးဖြစ်သော “ကြယ်ပဲ” (Sacha inchi)ကို နိုင်ငံခြား တိုင်းပြည်များရှိ သက်ဆိုင်ရာကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ရွက်နေမှု၊ လက်တွေ့ နမူနာပြု စိုက်ပျိုးပြသရာ၌ အောင်မြင်မှု ရှိ၊ မရှိ သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

မိမိအနေဖြင့် နိုင်ငံတော်နှင့် တောင်သူလယ်သမားများ၏အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် ရည်ရွယ်ပြီး ကြယ်ပဲ(Sacha inchi) စိုက်ပျိုးရေးနှင့် ပတ်သက်သည့်မေးခွန်းကိုမေးမြန်းလိုပါကြောင်း၊  Sacha inchi ခေါ် ကြယ်ပဲသည် မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် ရောက်ရှိလာခဲ့ပြီး ထွက်ရှိလာမည့် ကြယ်ပဲများကို ကန်ထရိုက်စနစ်နှင့် နှစ်ရှည်စာချုပ်ချုပ်ဆို၍ ဝယ်ယူရန် နိုင်ငံခြားကုမ္ပဏီများက ကမ်းလှမ်းလာသည်ကို တွေ့ရှိရပါကြောင်း၊

သဘာဝနည်းဖြင့် စိုက်ပျိုးထွက်ရှိလာသော ကြယ်ပဲများကို ငါးနှစ်တာကာလအတွင်း တစ်ကီလိုလျှင် ဘတ်ငွေ ၅၀ ဖြင့်ဝယ်ယူရန် စာချုပ် ချုပ်ဆိုထားပြီး နောက်ငါးနှစ်အတွက် ဈေးအတက်အကျပေါ်မူတည်၍ စာချုပ် ထပ်မံချုပ်ဆိုပြီး ဝယ်ယူသွားမည်ဖြစ်ခြင်း၊ ကြယ်ပဲမျိုးစေ့များကို အဆီထုတ်ယူပြီး ကိုလက်စရောကျဆေးအဖြစ် ဆေးတောင့်(Capsule)အဖြစ်လည်းကောင်း၊ ကြိတ်ဖက်ကို တိရစ္ဆာန် အစာပရိုတင်းအဖြစ်လည်းကောင်း၊ အရွက်များကို လက်ဖက်ခြောက်သဏ္ဌာန်ပြုလုပ်၍ ထုပ်ပိုးရောင်းချနိုင်ခြင်း၊ ရေရှည်တွင် ဈေးကွက် ရရှိရေးအတွက် စိုးရိမ်ဖွယ်ရာမရှိခြင်း၊ ကုန်ချောထုတ်လုပ်မှုနည်းပညာများကို မြန်မာနိုင်ငံအတွင်း ရရှိ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ ကြယ်ပဲတွင် မပြည့်ဝဆီ ၄၀ မှ ၆၀ ရာခိုင်နှုန်း၊ ဆီးချို၊ သွေးချို၊ သွေးတိုးနှင့် နှလုံးကျန်းမာရေးအတွက် အဓိကအရေးကြီးသည့် အိုမီဂါ ၃ ကို ဆော်လမွန်ငါးမှရရှိသော အိုမီဂါ ၃ ထက် ပိုမိုလွယ်ကူစွာ ထုတ်ယူရရှိနိုင်ခြင်း၊ အိမ်နီးနားချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့တွင်လည်း ကျယ်ပြန့်စွာ စိုက်ပျိုးလျက်ရှိကြပြီး ကုမ္ပဏီများမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ မျိုးစေ့များ ဖြန့်ဝေပေးနိုင်ခဲ့ခြင်း၊  ကြယ်ပဲစိုက်ပျိုးသည့် ပထမနှစ်တွင်  တစ်ဧကလျှင် အမြတ်ငွေ ၅၉၄၅၀၀ ကျပ် ရရှိနိုင်သည်ကို လက်တွေ့ဆောင်ရွက်ခဲ့မှုများအရ သိရှိရခြင်း၊  ကြယ်ပဲသည် နှစ်ပေါင်း ၄၀ မှ ၅၀ အထိ ဆွတ်ခူးရောင်းချနိုင်၍ တောင်သူလယ်သမားများအတွက် စီးပွားရေး တွက်ခြေကိုက်သည့် နှစ်ရှည်သီးနှံ ပဲပင်မျိုးဖြစ်ခြင်းတို့ကို သိရှိရပါကြောင်း၊

ထို့ကြောင့် မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများ အကျိုးစီးပွားဖြစ်ထွန်းစေနိုင်မည့် ကြယ်ပဲ(Sacha inchi)ကို မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်ရန်အတွက် နိုင်ငံခြားတိုင်းပြည်များရှိ သက်ဆိုင်ရာ ကုမ္ပဏီ များနှင့် ဆက်သွယ်ဆောင်ရွက်နေမှု၊ လက်တွေ့နမူနာပြစိုက်ပျိုးပြသရာ၌ အောင်မြင်မှုရရှိခြင်း ရှိ/မရှိ၊ နိုင်ငံတော် အတွက် နောင်အလားအလာများနှင့် ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရရှိစေရေးတို့အပြင် နှစ်အလိုက် တိုးချဲ့ဆောင်ရွက်သွားနိုင်ရေး အစီအမံ များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ
ဖြေကြားချက် 

ကြယ်ပဲ(Star Bean)သည် အမေရိကတောင်ပိုင်း အပူပိုင်းဒေသ အမေဇုံမြစ်ဝှမ်းရှိ အစေ့မှဆီထုတ်ယူသည့် နွယ်မျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပြီး ဒေသအခေါ် အင်ခါ(Inca)၊ (ဆေးအမည်- Flukenetia Volubilis) ဟု ခေါ်ဆိုပါကြောင်း၊ အမေဇုံမြစ်ဝှမ်းဒေသတွင် နေထိုင်ကြသူများသည် ကြယ်ပဲစေ့ ကို Sacha inchi စွပ်ပြုတ်ရည်အဖြစ်လည်းကောင်း၊ ပဲစေ့လှော်အဖြစ်လည်းကောင်း၊ ဆီအဖြစ် လည်းကောင်း အသုံးပြုခြင်းများ ရှိသကဲ့သို့ ယခုအချိန်ထိ မုန့်ပဲသရေစာများတွင် ထည့်သွင်းအသုံးပြု လျက်ရှိပါကြောင်း၊ ဌာနေတိုင်းရင်းအချို့က စပျစ်သီးစိမ်း(သို့) ဘယ်ရီပဲတောင့်ဟု ခေါ်ဆိုပြီး နှစ်ရှည်ခံနွယ်ပင်အမျိုးအစား ဖြစ်ပါကြောင်း၊

၎င်းအပင်၏ အစေ့မှရရှိသည့် အဆီတွင် အိုမီဂါ 3,6,9, Vitamin A နှင့် E အပြင် ပရိုတိန်းဓာတ်ပါဝင်ပြီး ထိုမပြည့်ဝဆီ ၃ မျိုးမှာ ၉၂ ရာခိုင်နှုန်းပါဝင်သည့်အပြင် ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်သော အဆီတစ် အက်ဆစ်နှင့် လီနိုလေနစ်အက်စစ်များသည်လည်း ၅၀ ရာခိုင်နှုန်းကျော် ပါဝင်သဖြင့် အဆီနှင့် အာဟာရ ထုတ်ပေးသောပဲစေ့ဟု ထင်ရှားရုံသာမက ကမ္ဘာတစ်ဝှမ်းလုံးတွင် အကောင်းဆုံး အာယုဒီဃ ဆေးအဖြစ် လက်ခံယုံကြည်ထားကြပါကြောင်း၊

အင်ခါပဲစေ့ဆီတွင် အောက်ဆီဒိုက် ကို ကာကွယ်နိုင်သော ဘောရစ်အက်စစ် များစွာပါဝင်ခြင်း၊ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းမှုကို ထိခိုက်စေနိုင်သည့် ဓာတ်များ၊ ဓာတ်မတည့်မှုကိုဖြစ်စေနိုင်ခြင်းမှ ကင်းစင်စေပြီး ဆီ၏ ဂုဏ်ရည်တည်မြဲမှုကို ကမ္ဘာ့အကောင်းဆုံးသဘာဝဆီအဖြစ် အဖက်ဖက်မှ လက်ခံယုံကြည်ကြပါကြောင်း၊ အခြားနာမည်ကြီးဆီများထက် လူ့ခန္ဓာကိုယ်ကို ပိုမိုအား ဖြစ်စေပြီး လူ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုပံ့ပိုးပေးသည့် ဆေး ထုတ်လုပ်မှုတွင် ပါဝင်နေသည့်အပြင် သွေးကြောတွင်းရှိ အဆီဓာတ်ကိုလျှော့ချပြီး နှလုံးသွေးကြော ပိတ်ဆို့ခြင်းကို ကာကွယ်နိုင်ကာ အသားအရေကို စိုပြေစေပါကြောင်း၊

ကြယ်ပဲကို ဆေးထုတ်လုပ်မှုများ၊ စားသောက်ကုန် ထုတ်လုပ်မှုများ၊ အလှကုန်ပစ္စည်းထုတ်လုပ်မှုများ၊ လူ့ခန္ဓာကိုယ်ကို ဖွံ့ဖြိုးမှု ပံ့ပိုးစေသော ထုတ်လုပ်မှုများတွင်  အသုံးပြုကြပါကြောင်း၊

 ကြယ်ပဲသည် အပူချိန် ၁၀ ဒီဂရီကနေ ၃၆ ဒီဂရီစင်တီဂရိတ်အတွင်း စိုက်ပျိုးဖြစ်ထွန်းနိုင်ပြီး  အမြင့်ပေ ၃၀၀ မှ ၆၀၀၀(Sea Level)အထိ စိုက်ပျိုးနိုင်ပါကြောင်းနှင့် နေရောင်ခြည် ကောင်းစွာရရှိနိုင်ရန်နှင့် ရေပုံမှန်ရရှိရန် လိုအပ်ပါကြောင်း၊ မျိုးစေ့မှပျိုးထောင်ပြီး ပျိုးသက် ၄၅ ရက်သားတွင် ရွှေ့ပြောင်းစိုက်ပျိုးရပါကြောင်း၊ ပင်ကြားနှင့်တန်းကြား ၈ ပေ မှ ၁၀ ပေ၊ တစ်ဧက အပင် ၅၀၀ ခန့် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီး ၈ လအကြာတွင် အသီးသီးပါကြောင်း၊ အပင်အမြင့် ၆ ပေမှ ၉ ပေခန့်မြင့်ပြီး နေရောင်ခြည်နှင့် စိုစွတ်သည့် မြေမျိုးကို ကြိုက်နှစ်သက်ပါကြောင်း၊

နွေသမပိုင်းရာသီဥတုကိုနှစ်သက်ပြီး မြန်မာနိုင်ငံတွင် ကောင်းစွာဖြစ်ထွန်း နိုင်ပါကြောင်း၊ သဲဆန်သည့် မြေများတွင်လည်း စိုက်ပျိုးနိုင်ပြီး နုန်းတင်မြေနုလွင်ပြင်များတွင် ပို၍ဖြစ်ထွန်း နိုင်ပါသော်လည်း အသင့်တော်ဆုံး PH သည် ၄.၈ - ၆.၅ အတွင်း ပိုမိုဖြစ်ထွန်းပါကြောင်း၊ ပဲတောင့်ပုံသဏ္ဌာန်သည် ခြောက်ထောင့်ကြယ်ပုံစံ ထူးခြားသောအသွင်ရှိပြီး ပဲတောင့်နုစဉ်အချိန်တွင် အစိမ်းရောင်နှင့် အသီးရင့်ချိန်တွင် အညိုရောင် ဖြစ်ပါကြောင်း၊ ပဲသီးတစ်တောင့်တွင် ပဲစေ့ ၄ စေ့မှ ၆ စေ့အထိ ပါဝင်ပါကြောင်း၊ စတင်စိုက်ပျိုးသည့်နှစ်တွင်  တစ်ဧကကို ၂၀၀ မှ ၄၀၀ ကီလိုဂရမ်ထွက်ရှိပြီး နောင်နှစ် များတွင် ထွက်တိုးနှုန်းလာကာ ၂၀၀၀ ကီလိုအထိ ထွက်ရှိသည့်အပြင် ပထမဆုံးအကြိမ် ခူးဆွတ် ပြီးနောက် တစ်နှစ်ပတ်လုံး အကြိမ်ကြိမ်ခူးဆွတ်နိုင်ပါကြောင်း၊ ကြယ်ပဲစိုက်ပျိုးသူတောင်သူ၏ ဂရုစိုက် ပြုစုမှုအပေါ်မူတည်ပြီး နှစ်ပေါင်း ၅၀ အထိ ခူးဆွတ်နိုငသည်ကို ပီရူးနိုင်ငံ၏ မှတ်တမ်းများ အရ သိရှိရပါကြောင်း၊ စိုက်စနစ်အနေဖြင့် ပင်ကြား-တန်းကြား ၉ ပေ x ၉ ပေပုံစံနှင့်  ၆ ပေ x ၁၂ ပေ ပုံစံကို အများဆုံးစိုက်ပျိုးကြသည်ကိုတွေ့ရှိရပြီး ၉ ပေ x ၉ ပေပုံစံပါ တစ်ဧကလျှင် ၅၂၀ ပင် ဝင်ဆံ့ပြီး ၉ ပေ x ၁၂ ပေ စိုက်ပါက ၆၀၅ ပင် ဝင်ဆံ့ပါသည်ကို တွေ့ရှိရပါကြောင်း၊  စိုက်ပြီးသက်တမ်း နှစ်နှစ်အကြာတွင် ကြားပင်များ၊ ကြားကိုင်းများ ကိုဖြတ်ပြီး အခြားနေရာတွင် ပြန်လည်စိုက်ပျိုးနိုင်ပါကြောင်း၊

မြေပြန့်ဒေသများတွင် ထွန်ယက်၍လည်းကောင်း၊  တောင်ကုန်းတောင်စောင်းများတွင် ကွန်တိုစနစ်ဖြင့် လည်းကောင်း၊ ရေမြုပ်နိုင်သောနေရာများတွင် ဘောင်တင်၍ လည်းကောင်း စိုက်ပျိုးနိုင်ပါကြောင်း၊ကြယ်ပဲသည် စီးပွားရေးတွက်ခြေအရ အထွက်နှုန်းမြင့်မားခြင်း၊ ပဲစေ့တစ်စေ့ချင်းစီ၏ ဆီပါဝင်မှု နှုန်းမြင့်မားခြင်း၊ ရိတ်သိမ်းရန်လွယ်ကူခြင်း စသည့်အချက်များကြောင့် ဝ.၅ ဧက စိုက်ပျိုးရုံနှင့် တစ်နှစ်လျှင် ဝင်ငွေ ၁၀ သိန်းကျော်အထိ ရရှိနိုင်ပါကြောင်း၊ ယခုအချိန်တွင် ကြယ်ပဲ(Sacha Inchi) ကို လားရှိုး၊ မူဆယ်နှင့် မြစ်ကြီးနားမြို့နယ်များတွင် ဧက ၁၅၀၀ ဧကစာကို ကုမ္ပဏီမှ မျိုးစေ့ တင်သွင်းဖြန့်ဖြူး စမ်းသပ်စိုက်ပျိုးနေပြီး မျိုးစေ့တစ်ကီလိုကို ၂၂၀၀၀ နှုန်းဖြင့် ရောင်းချကာ စိုက်ပျိုးထွက်ရှိလာသောကြယ်ပဲများကို တစ်ကီလိုလျှင် ၁၁၀၀၀ နှုန်းနှင့် အဆိုပါကုမ္ပဏီကပါ ပြန်လည်ဝယ်ယူမည်ဖြစ်သည်ကိုသိရှိရပါကြောင်း။ အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ပိန်းအင်းကျေးရွာအုပ်စုတွင်လည်း Golden Sacha  Inchi Co., Ltd က အဖွဲ့မှ ခြံထွက်သီးနှံများစိုက်ပျိုးသော တောင်သူများနှင့်တွေ့ဆုံပြီး တိုးချဲ့စိုက်ပျိုးရန်၊ ထွက်ရှိလာသော ကြယ်ပဲများကို ကုမ္ပဏီက စာချုပ်ချုပ်ဆို ဝယ်ယူရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ အေးသုခကျေးရွာနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောက်ချောကုန်းကျေးရွာတို့တွင် စမ်းသပ် စိုက်ပျိုးထားသည်များကို သိရှိရပါကြောင်း၊  ကြယ်ပဲစိုက်ပျိုးမှုအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၀ ခုတွင် ၂၀၁၅ ခုနှစ်အတွင်း ၂၂၄.၆ ဧက စိုက်ပျိုးထားပြီး ၄၇.၀၃ ဧကစာ လက်ရှိပျိုးထောင်ထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကြယ်ပဲကို စမ်းသပ် စိုက်ပျိုးဆဲကာလဖြစ်ပြီး အသီးထွက်ရှိမှုနှင့် စီးပွားရေး တွက်ခြေကိုက်မှုအပေါ်မူတည်ပြီး နည်းပညာတိုးချဲ့ ဖြန့်ဖြူးပေးသွားမည်ဖြစ်သည့်အပြင် စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ရများအသင်းက ကြီးမှူးပြီး ကြယ်ပဲ စိုက်ပျိုး ရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်း၊ စာအုပ်များ ထုတ်ဝေခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊   နိုင်ငံတော်မှ အတည်ပြုပြဋ္ဌာန်းပြီးသော တောင်သူလယ်သမား၊ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေးဥပဒေ ပုဒ်မ ၈ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်၏ အဓိကစားသုံး သီးနှံဖြစ်သော ဆန်စပါးစိုက်ပျိုးမှုကိုမထိခိုက်စေဘဲ မိမိတို့၏လယ်ယာမြေပေါ်မှာ မိမိတို့ကြိုက်နှစ်သက်သည့် သီးနှံကို လွတ်လပ်စွာရွေးချယ်စိုက်ပျိုးခွင့် ပြုထားပြီးဖြစ်ပါသဖြင့် ကြယ်ပဲနှင့်ပတ်သက်၍ နှစ်ရှည် စီမံကိန်းများ ချထားခြင်းမရှိပါကြောင်းနှင့် နည်းပညာအကူအညီများရယူလိုပါက သက်ဆိုင်ရာ ပြည်နယ်/တိုင်း ဒေသကြီးများရှိ စိုက်ပျိုးရေးဦးစီးဌာနများအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည် ဖြေကြားပါသည်။