နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများ တည်ရှိနေမှုကို အသိအမှတ်ပြုပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီကို ၁၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နောက် ဆက်လက်၍ ၂၀၁၃ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် အမိန့် ကြော်ငြာစာအမှတ် (၄၃/၂၀၁၃) ဖြင့် သမ္မတကြီးကိုယ်တိုင်လက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်သုံးဦး ထပ်မံတိုးချဲ့ပြင်ဆင်ပေးခဲ့ပါကြောင်း၊ အဆိုပါ အမိန့် ကြော်ငြာစာတွင် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေးအတွက်လည်းကောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး အတွက်လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ခွင့်ရရှိနိုင်ခွင့် ရှိစေရေးအတွက် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လှမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲစေနိုင်ရေးအတွက်လည်းကောင်း ရည်ရွယ်၍ ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ပါကြောင်း၊ ထပ်မံ၍ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ၏ အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၁၅) ဖြင့် နိုင်ငံရေးအကျဉ်းသားရေးရာကော်မတီကို ၂၈ ဦးဖြင့် ဖွဲ့စည်းပြီး လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို လွှမ်းမိုးပယ်ဖျက်ခဲ့ကာ ယခု အချိန်တွင် နိုင်ငံရေးအကျဉ်းသားစိစစ်ရေး အသစ်ပြန်လည်ဖွဲ့စည်းရေးအတွက် ကိုယ်စားလှယ် တောင်းခံလာသည့်အချိန်တွင် ၁၂-၅-၂၀၁၅ ရက်နေ့အထိ ရပ်တန့်နေသည်ဟု ကြားသိရ ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်သတင်းစာ၌ဖော်ပြခဲ့သော အကျဉ်းထောင်များ ဥပဒေကြား၌ နိုင်ငံရေးအကျဉ်းသားများ အဓိပ္ပာယ်ဖွင့်ဆိုချက် မပါရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်တည်ငြိမ် ရေးနေ့ ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်များနှင့် အားလုံးပါဝင်ရရှိရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီအချို့မှကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ရာတွင် ထိရောက်စေရန် အတွက် လိုအပ်လျက်ရှိသော နိုင်ငံရေးအကျဉ်းသားဆိုသည့်စကားရပ်အပေါ် ဥပဒေအရ ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုရန်ရှိ/မရှိနှင့် ရှိပါက မည်ကဲ့သို့စီစဉ်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသစ်တာဝန်ယူစဉ်ကာလအတွင်းမှာ နိုင်ငံတော် သမ္မတကြီးအနေဖြင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလတွင် နိုင်ငံသားတိုင်း နိုင်ငံ့အကျိုးပြုလုပ်ငန်းစဉ်တွင် ပါဝင်ထမ်းဆောင်ခွင့် ရရှိစေရေး၊ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးကို အားပေးမြှင့်တင်နိုင်ရေး၊ နိုင်ငံသားတို့၏ ကာယ၊ ဉာဏလုပ်အားများကို နိုင်ငံအတွက် အကျိုးရှိစွာ အသုံးပြုခွင့်ရရှိစေရေး၊ အကျဉ်းကျခံသူများရ၏ မိသားစုများအပေါ်တွင် လူသားချင်းစာနာထောက်ထားပြီးေ လူသစ်၊ စိတ်သစ်၊ ဘဝသစ်နှင့် မိသားစု အနာဂတ်သစ်များ ပြန်လည်ဖော်ဆောင်ခွင့်ရရှိရေးတို့အတွက် အကျဉ်းသားများကို ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်(၄၉)ကြိမ်၊ လွတ်ငြိမ်းချမ်းသာခွင့်(၅)ကြိမ် စုစုပေါင်း (၅၄)ကြိမ်ဖြင့် အကျဉ်းသား ကျား ၆၁၇၇၇ ဦး၊ မ ၁၀၁၈၃ ဦး စုစုပေါင်း ၇၁၉၆၀ ဦးကို လွှတ်ပေးခဲ့ပြီးဖြစ်ပါကြောင်၊
နိုင်ငံတော်အစိုးရကို ဆန့်ကျင်ကျူးလွန်သော ပြစ်မှုများကျူးလွန်၍ ပြစ်ဒဏ်ကျခံရသူများကို နိုင်ငံရေးအကျဉ်းသားဟု အမည်တပ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးရန် ပြည်တွင်း/ပြည်ပအဖွဲ့အစည်း အချို့က ဖိအားပေးတောင်းဆိုမှုများကြောင့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ ကိုယ်စားလှယ် ခြောက်ဦး၊ အရပ်ဘက်အဖွဲ့အစည်းမှ ကိုယ်စားလှယ်ခုနှစ်ဦး၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ခြောက်ဦး ပါဝင်သော အကျဉ်းသားများစိစစ်ရေးကော်မတီကို ၁၉-၂-၂၀၁၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် အစည်းအဝေး (၁၅)ကြိမ် ကျင်းပကာ နိုင်ငံတော် အစိုးရကို ဆန့်ကျင်ကျူးလွန်သော ပြစ်မှုများကျူးလွန်ပြီးတော့ ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသား ၃၄၁ ဦး၊ အကျဉ်းသူ ၁၃ ဦး စုစုပေါင်း ၃၅၄ ဦးကို နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တို့မှာ ထည့်သွင်းလွှတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း။
နိုင်ငံတော်တွင် ယနေ့အထိ ကိုယ်တွယ်ကျင့်သုံးလျက်ရှိသော ပြစ်မှုဆိုင်ရာဥပဒေ (The Penal Code)မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရကို ဆန့်ကျင်ကျူးလွန်သောပြစ်မှုများ၊ ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့်ဆိုင်သောပြစ်မှုများ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုပျက်စေသောပြစ်မှုများ၊ ပြည်သူ့ ဝန်ထမ်းတို့ ကျူးလွန်သော သို့မဟုတ် ပြည်သူ့ဝန်ထမ်းတို့နှင့်သက်ဆိုင်သော ပြစ်မှုများ၊ မမှန်သက်သေခံမှုနှင့် ဖြောင့်မှန်စွာတရားစီရင်ရေးကို ဆန့်ကျင်သော ပြစ်မှုများ၊ သာသနာဆိုင်ရာ ပြစ်မှုများ၊ လူ့ကိုယ်ကို ထိခိုက်စေသော ပြစ်မှုများနှင့် ပစ္စည်းကိုထိခိုက်စေသော ပြစ်မှုများ စသည်ဖြင့် ပြစ်မှုအမျိုးအစားအလိုက် ခွဲခြား ပြဋ္ဌာန်းထားသော်လည်း နိုင်ငံရေးပြစ်မှုများဟူ၍ ထည့်သွင်းပြဋ္ဌာန်းထားခြင်းမရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊
၁၉၇၆ ခုနှစ်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာဥပဒေ ပုဒ်မ ၁၆ ပုဒ်မခွဲ(ဂ)တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတော် ကောင်စီက အခါအားလျော်စွာ သတ်မှတ်ကြေညာသော နိုင်ငံရေးပြစ်မှုဖြင့်ဖြစ်စေ၊ အကျင့်စာရိတ္တ ပျက်ပြားခြင်းနှင့်စပ်လျဉ်းသည့် ပြစ်မှုဖြင့်ဖြစ်စေ၊ ပြစ်မှု ထင်ရှားစီရင်ခြင်းခံရပါက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိကြောင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါဥပဒေပုဒ်မ ၁၆ ပုဒ်မခွဲ(ဂ)အရ ၁၂-၈-၁၉၇၇ ရက်နေ့တွင် ထုတ်ပြန်သော နိုင်ငံတော်ကောင်စီရုံး၏ ညွှန်ကြားချက်အမှတ်(၅/၇၇)တွင် နိုင်ငံရေးပြစ်မှုများ အဖြစ် အောက်ပါအတိုင်း သတ်မှတ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ (က) မတရားအသင်း အက်ဥပဒေပြစ်မှုများ၊ (ခ) နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု (ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၂)၊ (ဂ) အကြည်ညို ပျက်အောင်ပြုလုပ်မှု (ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၄-က)၊ (ဃ) နိုင်ငံတော်၏ ဦးဆောင်သော လမ်းစဉ် ပါတီအား ကာကွယ်သည့်ဥပဒေအရ ပြစ်မှုများ၊ (င) နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ ပြစ်မှုများ၊ (စ) ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေအရပြစ်မှုများ၊ (ဆ) ၁၉၆၅ ခုနှစ်၊ ဆိုရှယ်လစ်စီးပွားရေစနစ် တည်ဆောက်မှု အတွက် လုပ်ပိုင်ခွင့်များ အပ်နှင်းသည့် ဥပဒေအရပြစ်မှုများဟူ၍ သတ်မှတ်ခဲ့ပါကြောင်း၊ အထက်ဖော်ပြပါ နိုင်ငံတော်ကောင်စီရုံး၏ ညွှန်ကြားချက်အမှတ်(၅/၇၇) တွင် နိုင်ငံရေးပြစ်မှုအဖြစ် ဖော်ပြထားသည့် ဥပဒေပြစ်မှုများကလည်း ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်ရှိ/မရှိ ကိစ္စအတွက်သာလျှင် သတ်မှတ်ထားခြင်းဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊
အဆိုပါ ၁၉၇၆ ခုနှစ်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက် ခြင်းဆိုင်ရာဥပဒေကို ၁၉၈၉ ခုနှစ်၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ (နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်(၁၄/၈၉)) ပုဒ်မ ၈၂ ဖြင့် ရုပ်သိမ်းလိုက်ပြီ ဖြစ်ခြင်းကြောင့် နိုင်ငံတော်ကောင်စီ၏ ကြေညာချက်အမှတ်(၅/၇၇)သည်လည်း ပျက်ပြယ်ခဲ့သည့် နည်းတူ ၁၉၈၀ ပြည့်နှစ်၊ နိုင်ငံရေးပင်စင်ဥပဒေ ပုဒ်မ ၂၃ တွင် နိုင်ငံရေး လစဉ်ပင်စင်ခံစားသူသည် နောက်ဆက်တွဲ ဇယား(ခ)ပါ နိုင်ငံရေးပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်သည်ဟု ခိုင်လုံသော အထောက် အထားတွေ့ရှိရလျှင် နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ရပ်မှပုဂ္ဂိုလ်ဖြစ်ပါက ထိုပုဂ္ဂိုလ်၏ နိုင်ငံရေး လစဉ် ပင်စင်ခံစားခွင့်ကို ရပ်ဆိုင်းနိုင်သည်ဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည့်အတွက် နိုင်ငံရေးပင်စင်ခံစားခွင့် ရရှိသူများ အတွက်သာလျှင် ရည်ညွှန်းပြဋ္ဌာန်းထားခြင်းဖြစ်ပြီး အခြားသူများနှင့် အကျုံးဝင်သက်ဆိုင်ခြင်းမရှိပါကြောင်း၊
နိုင်ငံတော်တွင် ကိုင်တွယ်ကျင့်သုံးလျက်ရှိသည့် တည်ဆဲဥပဒေများတွင်လည်း နိုင်ငံရေးအကျဉ်းသား စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုပြဋ္ဌာန်းထားခြင်းမရှိကြောင်း။ သို့သော် ပြစ်မှုဆိုင်ရာဥပဒေ(The Penal Code) အခန်း(၆) ပုဒ်မ ၁၂၈၊ ၁၂၉၊ ၁၃၀ တို့၏ မူရင်း ပြဋ္ဌာန်းချက်များတွင် ပါရှိသော any State prisoner or prisoner of war ဟူသော စကားရပ်ကို နိုင်ငံရေးအကျဉ်းသားကိုဖြစ်စေ၊ စစ်သုံ့ပန်းကိုဖြစ်စေဟု မှားယွင်းဘာသာပြန်ဆိုထားသည်ကို တွေ့ရှိရပါကြောင်း၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၈၊ ၁၂၉ နှင့် ၁၃၀ တို့တွင် ပြဋ္ဌာန်းပါရှိသော State Prisoner စကားရပ်သည် ၁၈၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံတော်အကျဉ်းသားများ ချုပ်နှောင်ခြင်းဆိုင်ရာ စည်းမျဉ်းဥပဒေများ (Regulation for the confinement of State Prisoners)အရ ချုပ်နှောင် ထားခြင်းခံရသော အကျဉ်းသားများကို ဆိုလိုပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်သည် နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံတစ်နိုင်ငံကို ပြည်ပရန်ပြုခြင်းနှင့် ပြည်တွင်းနှောင့်ယှက်ခြင်းများ ပါဝင်သော နိုင်ငံတော်အစိုးရကို ဆန့်ကျင်ကျူးလွန်သော ပြစ်မှုများ ကျူးလွန်ခြင်းကြောင့် ဖမ်းဆီးခြင်းခံရသူ များကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊ ပြောင်းလဲလာသော အခြေအနေနှင့် ဆီလျော်မှုမရှိခြင်း၊ အချိန်ကာလကြာမြင့်စွာ ကျင့်သုံးမှုမရှိခြင်းတို့ကြောင့် အနာဂတ်ကာလတွင်လည်း ကျင့်သုံးရန် အကြောင်းများမရှိတော့ခြင်းကြောင့် The State Prisoners Regulation အပါအဝင် ဥပဒေအချို့ကို ရုပ်သိမ်းရန် ၁၉၉၂ ခုနှစ်၊ ဥပဒေများ ရုပ်သိမ်းသည့် ဥပဒေကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့က ဥပဒေအမှတ်(၁/၉၂)ဖြင့် ပြဋ္ဌာန်းခဲ့ပါကြောင်း၊
The State Prisoners Regulation ကို ရုပ်သိမ်းခဲ့ပြီးဖြစ်ခြင်းကြောင့် နိုင်ငံတော် အကျဉ်းသားများနှင့်သက်ဆိုင်သော ပြဋ္ဌာန်းချက်သည်လည်း ပျက်ပြယ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိတဲ့ အကျဉ်းဦးစီးဌာနတွင် လက်ရှိကျင့်သုံးနေသော အကျဉ်းထောင်လက်စွဲဥပဒေတွင် ပြစ်ဒဏ်ကျအကျဉ်းသားများကို ယခင်တုန်းက အတန်းအစား သုံးမျိုးခွဲခြားထားပြီး လိုက်နာဆောင်ရွက်ရန် နည်းလမ်းများကို အပိုဒ် ၆၆၅ က ၆၇၄ အထိ ဖော်ပြထားရှိပြီး အကျဉ်းထောင်ထဲအတွင်း အခွင့်ထူးခံလူတန်းစားများပါရှိသည့်အတွက် မြန်မာနိုင်ငံတော်လှန်ရေးအစိုးရ၊ တရားရေးဌာန(အကျဉ်းဌာနစု)သည် အမိန့်ကြော်ငြာစာထုတ်ပြန် ရုပ်သိမ်းခဲ့သည့်အတွက် ပျက်ပြယ်ခဲ့ပြီးဖြစ်ပါကြောင်း၊ အကျဉ်းသားများအနက် အချို့ကိုနိုင်ငံရေးအကျဉ်း သားများအဖြစ် ခွဲခြားသတ်မှတ်ပြီး ထူးခြားအခွင့်အရေးများ ပေးမည်ဆိုပါက အကျဉ်း ထောင်အတွင်းအခွင့်ထူးခံ အကျဉ်းသားအတန်းအစားတစ်ရပ် ပေါ်ပေါက်လာပြီး အကျဉ်းထောင်အတွင်း အုပ်စုလိုက် ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၇ အရလည်း အကျဉ်းသားများကို အဆင့်အတန်းခွဲခြားသည့်စနစ် ပြန်လည်ဖော်ဆောင်မယ်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကွဲလွဲဆန့်ကျင်နေမှာဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားအားလုံးအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မည်သူ့ကိုမဆို ဥပဒေအရာမှာ တန်းတူညီမျှအခွင့်အရေး ရရှိစေရန်နှင့် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးနိုင်ရန်အတွက် နိုင်ငံရေး အကျဉ်းသားဟူသည့် စကားရပ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုရန် မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဒေါက်တာဒေါ်မေဝင်းမြင့်(မရမ်းကုန်း) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
နိုင်ငံရေးအကျဉ်းသားဆိုသည်မှာ ယုံကြည်ချက်ကြောင့် ကျွန်မတို့ ပြုမူခဲ့ခြင်းဖြစ်သည့်အတွက် တခြား ရာဇဝတ်မှုကျူးလွန်သော အကျဉ်းသားများနှင့် တစ်တန်းတည်းထားရှိရန် မည်သည့် နည်းနှင့်မျှ မဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် ယခု ဆွေးနွေးနေသော အကျဉ်းထောင်ဥပဒေတွင် နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ် ထည့်သွင်း ဖော်ပြရန် အစီအစဉ်ရှိ/မရှိနှင့် ထည့်သွင်း စဉ်းစားသင့်ပါကြောင်းကို တင်ပြမေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း
အကျဉ်းထောင်များဥပဒေနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့က လွှတ်တော်ကို ပေးပို့ထားပြီးဖြစ်သည့်အတွက် လွှတ်တော် အတွင်း ဆွေးနွေးတိုင်ပင် ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းများကို ဆောင်ရွက်ခြင်းသည် လွှတ်တော်နှင့်သာ သက်ဆိုင်ခြင်းဖြစ်သည့်အတွက် မိမိတို့မှ သီးခြားတင်ပြရန် မရှိ ပါကြောင်း ဖြေကြားပါသည်။
