ကျေးသီးမြို့နယ်ရှိ နောင်ကား၊ နားလွယ်၊ နားဟမ်း၊ ကုန်းပက်၊ နားကျိုင်း ကျေးရွာများအား သီးခြားရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအဖြစ် မည်သို့သော အစီအစဉ်ဖြင့် ဆောင်ရွက်ပေးနေသည်ကို သိလိုခြင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း အိမ်ထောင်စုဇယား ထုတ်ပေးရန်နှင့် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်ပြား ပြုလုပ်ပေးရန်အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း
ရှမ်းပြည်နယ် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်ရှိ နောင်ကားကျေးရွာ၊ နားလွယ်ကျေးရွာ၊ ကုန်းပက်ကျေးရွာ၊ နားဟမ်းကျေးရွာနှင့် နားကျိုင်းကျေးရွာစသည့် ကျေးရွာများသည် ယခင် ၁၉၇၄ ရှေ့ပိုင်းတွင် ကျေးသီးမြို့ ဟိုပုန်းရပ်ကွက်အတွင်း ပါဝင်ဖွဲ့စည်းထားပြီး ၁၉၇၄ နောက်ပိုင်းတွင် အဆိုပါကျေးရွာများသည် ကွမ်ဟွေးကျေးရွာအုပ်စု၏အောက်သို့ ထည့်သွင်းဖွဲ့စည်းကာ ၂၀၁၀ ခုနှစ်အထိ ဖြစ်ပါကြောင်း၊ ယခု ၂၀၁၁ နောက်ပိုင်းတွင် မည်သည့်ရပ်ကွက်၊ မည်သည့်ကျေးရွာ အုပ်စုအတွင်းပါဝင် ဖွဲ့စည်းပေးထားခြင်း မရှိပါသဖြင့် အိမ်ထောင်စုဇယားထုတ်ပေးခြင်းများ၊ နိုင်ငံတော်စိစစ်ရေး မှတ်ပုံတင်ကတ် ပြုလုပ်ပေးခြင်းများနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ချီးမြှင့်ငွေနှင့်အသုံးစရိတ်များ စသည့်ရရှိသင့်သော အခွင့်အရေးအသီးသီးများ နစ်နာဆုံးရှုံးလျက်ရှိပါကြောင်း ထို့ကြောင့် အဆိုပါကျေးရွာများအား သီးခြားရပ်ကွက်၊ သီးခြားကျေးရွာအုပ်စုအဖြစ်သို့ အဖွဲ့ပြန်လည်ဖွဲ့စည်းနိုင်ရေး ရရှိသင့်သော အခွင့်အရေးအသီးသီးများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ကျေးသီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လိုအပ်သော အထောက်အထားပြည့်စုံစွာဖြင့် တင်ပြထားပြီးဖြစ်သော်လည်း ကြန့်ကြာမှုများ ရှိနေပါကြောင်း၊ ကျေးသီမြို့နယ်ရှိ နောင်ကား၊ နားလွယ်၊ နားဟမ်း၊ ကုန်းပက်၊ နားကျိုင်း ကျေးရွာများအား သီးခြားရပ်ကွက် သိုမဟုတ် ကျေးရွာအုပ်စု အဖြစ် မည်ကဲ့သို့ စီစစ်ဆောင်ရွက်ပေးနေသည်ကို သိရှိလိုပါကြောင်းနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း အိမ်ထောင်စုဇယား ထုတ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးမှတ်ပုံတင် ကတ်ပြားပြုလုပ်ပေးခြင်းများ အစီအစဉ်ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
အဆိုပါ ကျေးရွာများအား ၁၉၇၄ ခုနှစ် နောက်ပိုင်းမှာ နော်ဖီးကျေးရွာ အုပ်စုအောက်သို့ ထည့်သွင်းထား ခဲ့ပြီးတော့မှ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၂ ခုနှစ် ထုတ်ပြန်သည့်စာရင်းတွင် နော်ဖီးကျေးရွာအုပ်စု ပါဝင်ခြင်းမရှိသော်လည်း မိမိဌာနအနေဖြင့် အဆိုပါကျေးရွာငါးရွာ၏ အိမ်ထောင်စု လူဦးရေစာရင်းများကို နော်ဖီးကျေးရွာ အုပ်စုတွင်သာ စုစည်းထိန်းသိမ်းထားလျက်ရှိပါကြောင်း၊ ထို့ပြင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းများအား ဆောင်ရွက်ရာတွင် အဆိုပါကျေးရွာ ငါးရွာကို နော်ဖီးကျေးရွာ အုပ်စုတွင်ထုတ်သွင်း၍ ကောက်ယူပြုစုခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုအရ နောင်ကားကျေးရွာတွင် အိမ်ထောင်စုပေါင်း ၄၂ စု၊ လူဦးရေ စုစုပေါင်း ၂၄၀ ဦး၊ နားလွယ်ကျေးရွာမှာ အိမ်ထောင်စုပေါင်း ၁၄ စု၊ လူဦးရေ စုစုပေါင်း ၇၂ ဦး၊ ကုန်းပက်ကျေးရွာတွင် အိမ်ထောင်စုပေါင်း ၁၄ စု၊ စုစုပေါင်း ၆၅ ဦး၊ နားဟမ်းကျေးရွာမှာ အိမ်ထောင်စုပေါင်း ၂၀ စု၊ လူဦးရေ စုစုပေါင်း ၁၀၆ ဦး၊ နားကျိုင်းကျေးရွာမှာ အိမ်ထောင်စုပေါင်း ၂၀ စု၊ လူဦးရေ စုစုပေါင်း ၁၁၀ ဦးဖြစ်ပါကြောင်း၊
အစိုးရသစ်ကာလတွင် မိမိဌာနမှ မိုးပွင့်စီမံချက်များဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အဆိုပါကျေးရွာများအား ချန်လှပ်ထားခြင်းမရှိပါကြောင်း၊ မိုးပွင့်စစ်သုံး ကာလတွင် ၂၀-၆-၂၀၁၅ ရက်နေ့တွင် နားဟမ်းကျေးရွာ၊ နားကျိုင်းကျေးရွာများနှင့် နောင်ကားကျေးရွာများသို့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ကိုယ်တိုင်လိုက်ပါပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ ကျေးရွာများတွင် လူဦးရေ ၅၈၅ ဦးရှိသည့်အနက် အသက် ၁၀ နှစ်ပြည့်နှစ်၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ၂၂၀ ဦးမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိထားကြပြီး မိမိဌာနအနေဖြင့် ၁၅၅ ဦးအား ဆောင်ရွက်ပေးရန် ကျန်ရှိနေပါကြောင်း၊
နိုင်ငံတစ်ဝှမ်း၏ လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအမီ မိုးပွင့်အထူးစီမံချက်များဖြင့် ကျေးရွာရောက်တစ်ဦးမျှမ ကျန်ရအောင် ကွက်ပြည့်ကွင်းဆင်းဆောင်ရွက်ပေးပြီးဖြစ်၍ ဆောင်ရွက်နေဆဲလည်း ဖြစ်၍ အဆိုပါကျေးရွာငါးရွာအား ချန်လှပ်မထားဘဲ မိုးပွင့်အထူးစီမံချက်မှာ ထည့်သွင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်ဟာ ကျေးသီးနှင့် မိုင်းတုံနှစ်မြို့၊ ရပ်ကွက် ၁၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၁ အုပ်စုနှင့် ကျေးရွာ ၃၃၉ ဦး ဖွဲ့စည်းထားရှိပြီး အိမ်ခြေပေါင်း ၁၃၆၉၇ လုံး၊ အိမ်ထောင်စု ၁၃၆၈၂ စုနှင့် လူဦးရေ ၇၁၂၇၉ ဦး နေထိုင်လျက်ရှိပါကြောင်း၊ နောင်ကားအုပ်စု အိမ်ခြေ ၄၂ လုံး၊ အိမ်ထောင်စု ၄၂ စု၊ လူဦးရေ ၂၃၀ ဦး၊ နားလွယ်အုပ်စု အိမ်ခြေ ၁၄ လုံး၊ အိမ်ထောင်စု ၁၄ စု၊ လူဦးရေ ၇၄ ဦး၊ နားဟမ်းအုပ်စု အိမ်ခြေ ၂၀ လုံး၊ အိမ်ထောင်စု ၂၀ စု၊ လူဦးရေ ၁၀၆ ဦး၊ ကုန်းပက်အုပ်စု အိမ်ခြေ ၂၀ လုံး၊ အိမ်ထောင်စု ၁၄ စု၊ လူဦးရေ ၆၅ ဦး၊ နားကျိုင်းအုပ်စု အိမ်ခြေ ၂၀ လုံး၊ အိမ်ထောင်စု ၂၀ စု၊ လူဦးရေ ၁၁၀ ဦးတို့သည် ကျေးသီးမြို့နယ် နော်ဖီးကျေးရွာအုပ်စု၊ နော်ဖီးသစ်တောကြိုးဝိုင်းအတွင်း စုစည်းနေထိုင်သော ပြည်ထဲရေးအမည်မပေါက် ဝေစုများဖြစ်ပါကြောင်း၊ နောင်ကား၊ နားလွယ်၊ နားဟမ်း၊ ကုန်းပက်၊ နားကျိုင်းအိမ်ထောင်စုများဟာ သစ်တောကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်နိုင်ရန် ရှမ်းပြည်နယ် သစ်တော်ဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်တင်ပြခဲ့သည့်အခါတွင် ၂၀၁၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် ၅/၂၀၁၅ မှာ သစ်တောမြေအဖြစ်မှ စွန့်လွှတ်ပယ်ဖျက်ရန် သဘောတူဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ ထိုသို့ ဆုံးဖြတ်ချက်အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ အဆိုပါအိမ်စုများ အား သစ်တောမြေမှ ပယ်ဖျက်မည့် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ဆောင်ရွက်လျင် စိစစ်ဆောင်ရွက် လျက်ရှိကြောင်းလည်း သိရှိရပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွှဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၄ မှာ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း(သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ရှိသော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် (သို့မဟုတ်) ခရိုင်နယ်နိမိတ်နေရာ ပြင်ဆင်ရန် သို့မဟုတ် အမည်ပြောင်းရန် ပေါ်ပေါက်လာရင် သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံ တင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်အလို ဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းပါရှိပါတယ်။
သို့ဖြစ်ပါ၍ နောင်ကား၊ နားလွယ်၊ နားဟမ်း၊ ကုန်းပက်၊ နားကျိုင်းအုပ်စုများဟာ သစ်တောမြေအတွင်း ပယ်ဖျက်ခွင့်ရရှိပြီးခါမှ ရရှိပြီးမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၄ နှင့်အညီ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြသွားမည် ဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက်ရရှိပါက ပြည်ထဲရေးဝန်ကြီးဌာနမှ အမည်ပေါက်ကျေးရွာဖြစ်ရေး ဥပဒေလုပ်ထုံးလုပ်နည်း များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
