(င)-ရခိုင်ပြည်နယ်အတွင်းရှိယာယီသက်သေခံလက် မှတ်ကိုင်ဆောင်ထားသူများကိုအခြားသောနေရာဒေ သများသို့ သွားလာခွင့်မပြုရန် မည်သည့်ဥပဒေအရ ကန့်သတ် တားမြစ် ထားပါသနည်း နှင့် စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၆၄)ရက်မြောက်နေ့ (၁၅.၆.၂၀၁၅)

ရခိုင်ပြည်နယ်အတွင်းရှိ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူများကို ၎င်းတို့ နေထိုင်လျက်ရှိသည့် နယ်မြေများမှ အခြားသော နေရာဒေသများသို့ သွားလာခွင့်မပြုရန် မည်သည့်ဥပဒေအရ ကန့်သတ်တားမြစ်ထားပါသနည်း၊ ထိုသို့ခွင့်မပြုခြင်းသည် လူ့အခွင့်အရေးချိုးဖောက်နေခြင်း ဟုတ်/မဟုတ် သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဦးဘရှိန်( ကျောက်ဖြူမဲဆန္ဒနယ်) (962)ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ရခိုင်လူမျိုးအချို့နှင့်ဘင်္ဂါလီလူမျိုးအချို့တို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ယာယီသက်သေခံလက်မှတ်များထုတ်ပေးပြီး ကိုင်ဆောင်ခွင့်ပြုထားပါကြောင်း၊ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူများကို နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့်သက်ဆိုင်သည့် ဆန္ဒခံယူပွဲ၊ အဆင့်ဆင့်သောရွေးကောက်ပွဲတို့တွင် မဲပေးခွင့်ပြုထားခြင်းသည် နိုင်ငံသားများသာလျှင် ရနိုင်သည့် အခွင့်အရေးများကို ဥပဒေအရခွင့်ပြုထားခြင်းဖြစ်သည့်အတွက် ထိုသူများကို ဒေသတစ်ခုအတွင်း၌ လှောင် ပိတ်ထားခြင်းသည် ဥပဒေနှင့်မညီသည့်အပြင် လူ့အခွင့်အရေးများကိုလည်း ချိုးဖောက်ခြင်းဖြစ်သည် ဟုသုံးသပ်မိပါကြောင်း၊  

ထို့ကြောင့် (၁) ရခိုင်ပြည်နယ်အတွင်းရှိ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို ၎င်းတို့ နေထိုင်လျက်ရှိသည့် နယ်မြေများမှ အခြားနေရာဒေသများသို့ သွားလာခွင့်မပြုရန် မည်သည့်ဥပဒေအရ တားမြစ်ကန့်သတ်ထားသည်နှင့် အဘယ်ကြောင့် ထိုသို့ ကန့်သတ်ထားသည်ကိုလည်းကောင်း၊ (၂) ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၅ တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်း မည်သည့်အရပ်ဒေသ၌မဆို အခြေချစိုက်နေထိုင်ခွင့်ရှိသည်ဟူသော ပြဋ္ဌာန်းချက်ကို ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများအား မည်သည့်အတွက် ခွင့်မပြုသည်ကိုလည်းကောင်း၊ (၃) ရာဇဝတ်မှု တစ်ခုခုဖြင့် အရေးယူခံထားရခြင်းမရှိသည့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထား သူများကို ကန့်သတ်ထားသည့်ဒေသမှ ပြင်ပသို့ သွားရောက်နေထိုင်ခွင့်မပြုခြင်းသည် ၎င်းတို့အပေါ်၌ လူ့အခွင့်အရေးများ ချိုးဖောက်နေခြင်းဖြစ်ခြင်း ဟုတ်/မဟုတ်ဆိုသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးဝင်းမြင့်
အဖြေ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးဝင်းမြင့်ရခိုင်ပြည်နယ်သည် တစ်ဖက်နိုင်ငံနှင့် နယ်နိမိတ်ချင်း ၁၅၂ မိုင် ထိစပ်ဆက်လျက်ရှိသည့်အပြင် ရခိုင်ပြည်နယ်တွင် နေထိုင်လျက်ရှိသော ဘင်္ဂါလီလူမျိုးများသည်လည်း တစ်ဖက်နိုင်ငံသားများနှင့် ကိုးကွယ် ယုံကြည်မှု၊ ဓလေ့ထုံးစံ၊ ရုပ်ရည်သွင်ပြင်၊ ဘာသာစကားမှစ၍ တူညီနေကြသည့်အတွက် ရှေးအစဉ်အဆက် ကာလများမှစ၍ နှစ်နိုင်ငံအကြား အပြန်အလှန်ကူးလူးသွားလာဆက်ဆံပေါင်းသင်းမှုများ ရှိခဲ့ကြသည့်အပြင် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိသည့်အတွက် ဘင်္ဂါလီလူမျိုးများသည် ရေမြေသယံဇာတ ပိုမို ကောင်းမွန်ကြွယ်ဝသော မိမိနိုင်ငံအတွင်းသို့ တရားမဝင် ထိုးဖောက်ဝင်ရောက်လာမှုများရှိခဲ့ပြီး မိမိနိုင်ငံ အတွင်းရှိ ဘင်္ဂါလီလူမျိုးများနှင့် အပြန်အလှန် အိမ်ထောင်ပြုမှုများရှိခဲ့၍ မိမိနိုင်ငံအတွင်း လူဦးရေရောထွေးနေထိုင်မှုများ ရှိနေခဲ့ပါကြောင်း၊

ထိုသို့ ကာလရှည်ကြာစွာ မြန်မာနိုင်ငံအတွင်းကို တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက်နေထိုင်သူများ ရှိခဲ့ခြင်းကြောင့် ၁၉၇၈ ခုနှစ်အတွင်း နယ်စပ်လုံခြုံရေး၊ အမျိုးသားရေးလုံခြုံရေးအရ နဂါးမင်းစစ်ဆင်ရေးဖြင့် အိမ်ထောင်စု လူဦးရေစစ်ဆေးခြင်း များပြုလုပ်ခဲ့ပြီး စစ်ဆေးမှုမခံနိုင်သူ၊ စစ်ဆေးမှုမခံဝံ့သူများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည့်အတွက် နှစ်နိုင်ငံသဘောတူညီချက်အရ ဟင်္သာစီမံချက်ဖြင့် ဘင်္ဂါလီလူဦးရေ ၂၈၀၀၀၀ ကျော်ကို ပြန်လည်လက်ခံမှုပြုခဲ့ရပါကြောင်း၊ ထို့အပြင် ၁၉၉၀၊ ၁၉၉၁ ခုနှစ်တွင် အကြောင်း အမျိုးမျိုးကြောင့် တစ်ဖက်နိုင်ငံသို့ ဘင်္ဂါလီများထွက်ခွာခဲ့၍ UNHCR ၏ ပူးပေါင်းပါဝင်မှုဖြင့် ၁၉၉၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်မှ ၂၀၀၅ ခုနှစ် ဇူလိုင်လအထိ လူဦးရေ ၂၃၆၄၉၅ ဦးကို ပြန်လည်လက်ခံခဲ့ရပါကြောင်း၊ နောက်ပိုင်းတွင် မိမိတို့မှလက်ခံရေးစခန်းများ ဖွင့်လှစ်ထားသော်လည်း ပြန်လည်ဝင်ရောက်လာမှုများ မရှိတော့ပါကြောင်း။

၎င်းတို့သည် ရခိုင်ပြည်နယ် နယ်စပ်ဒေသများမှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်းပိုင်းသို့ ပျံ့နှံ့ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းပိုင်းသို့ ဆက်လက်ဝင်ရောက်လာခဲ့ရာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်အပါအဝင် နိုင်ငံအတွင်းပိုင်းသို့ ရောက်ရှိနေထိုင်လျက်ရှိပါကြောင်း၊ မေးခွန်းပါ ယာယီသက်သေခံလက်မှတ်ဆိုသည်မှာ ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်း ဥပဒေ၏ နည်းဥပဒေ ၁၃(၁)(ဂ)အရ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ            နယ်စပ်တစ်လျှောက် နေထိုင်ပြီး တစ်ဖက်နိုင်ငံရှိ လူမျိုးစုများနှင့် ရုပ်ရည်သွင်ပြင်၊ ဘာသာစကား၊ ဓလေ့ထုံးစံတူညီသည့် မျိုးနွယ်စုတူများအား မြန်မာနိုင်ငံသားဥပဒေဖြင့် စိစစ်နိုင်ခြင်းမရှိသေးမီ ဥပဒေနှင့်အညီ တရားဝင်ကိုင်ဆောင်ခွင့်ပြုရန် ထုတ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ အလားတူမေးခွန်းကို ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းမှလည်း မေးမြန်းခဲ့ဖူးပါကြောင်း၊  နှစ်နိုင်ငံ နယ်စပ်တွင် နေထိုင်သူများသည် ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ ရုပ်ရည်သွင်ပြင်၊ ဘာသာစကားမှစ၍ တူညီကြပြီး အပြန်အလှန် ကူးလူးဆက်ဆံမှုများလည်း ရှိကြပါကြောင်း၊ လူဦးရေအရ ရောထွေးမှုများကြောင့် တစ်ဖက်နိုင်ငံခြားသားများနှင့် ခွဲခြားရန်ခက်ခဲသူများအား မိမိတို့ မှတ်ပုံတင်ရေးနည်းဥပဒေအရ ယာယီ သက်သေခံလက်မှတ်ကိုလည်း ထုတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံသားဖြစ်သူများသည် တိုင်းဒေသကြီး/ပြည်နယ်အတွင်း ခရီးသွားလာခြင်းကို ကန့်သတ်ထားခြင်း မရှိပါကြောင်း၊ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများသည် နိုင်ငံသားဖြစ်ကြောင်း အခိုင်အမာပြောဆို၍ မရသေးသူများ ဖြစ်ပါကြောင်း၊ နိုင်ငံသားဖြစ်ခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ၏ အစိတ်အပိုင်း တစ်ရပ်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံသားဖြစ်ခွင့်မရှိသူတစ်ဦး မှားယွင်းပြီး နိုင်ငံသားအဖြစ်ရရှိသွားပါက နိုင်ငံတော်၏ အနာဂတ်နှင့်ပါ သက်ဆိုင်သွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ နိုင်ငံအတွင်းပိုင်းသို့ ဝင်ရောက်လာပြီး ၎င်းတို့နှင့် အသွင်တူသူများအတွင်း ရောထွေးရောက်ရှိပြီး မှားယွင်းမှုမရှိစေရေးအတွက်လည်းကောင်း၊ ၎င်းတို့၏ တည်ရှိမှုကို ဆန့်ကျင်သော ဒေသခံရခိုင်တိုင်းရင်းသားများ၏ သဘောဆန္ဒအရလည်းကောင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ထောက်ရှု၍ ၎င်းတို့အား မိမိမှတ်ပုံတင်ထားသည့်လိပ်စာမှ ထွက်ခွာမည်ဆိုပါက ၁၉၅၁ ခုနှစ်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေ၏ နည်းဥပဒေ ၂၅၊ ၂၉၊ ၃၁ တို့အရ သက်ဆိုင်ရာသို့ တင်ပြသတင်းပို့ သွားလာစေခြင်းပင်ဖြစ်ပါကြောင်း၊ ကျောက်ဖြူမြို့နယ်၊ ကျောက်နီမော်ရွာဖြစ်စဉ်မှ အစပြု၍ ရခိုင်ပြည်နယ် တစ်ခုလုံး တည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့သဖြင့် သေဆုံးသူ ၁၉၁ ဦး၊ ဒဏ်ရာရသူ ၂၆၅ ဦးနှင့် နေအိမ် ၈၆၉၄ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး လူတစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါကြောင်း၊ လူ့အဖွဲ့အစည်းနှစ်ခု ပြန်လည်ရင်ကြားစေ့ရေးနှင့် အိုးအိမ်အတည်တကျ ပြန်လည်နေရာချထားရေး ကိစ္စများ ယနေ့တိုင် ဆောင်ရွက်နေရဆဲဖြစ်သည်ကို မျက်မြင်ကိုယ်တွေ့ပင် ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်မှ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် ၎င်းတို့၏ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် တည်ဆဲဥပဒေများကို လိုက်နာနေထိုင်စေခြင်းသာဖြစ်ပြီး ၎င်းတို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်နေခြင်း မဟုတ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။

ဦးဘရှိန် (ကျောက်ဖြူ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒုတိယဝန်ကြီး၏ ဖြေဆိုချက်တွင် ယခုကဲ့သို့ ကန့်သတ်ထားသည်များသည် ယခုမှ ရှိခြင်းမဟုတ်ပါကြောင်း၊ ယခင်ကတည်းက ရှိလာသည်များကို ဥပဒေသဘောကို မေးမြန်းခြင်းဖြစ်ပါကြောင်း၊ ဒုတိယဝန်ကြီးဖြေကြားချက်မှာ ၂၀၁၂ ခုနှစ်က ကျောက်နီမော်ဖြစ်စဉ်တွင် ဥပဒေ၌ ရှိနေသည်မှာ တစ်ခြားဖြစ်ပြီး ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီလူမျိုးများ၏ ပဋိပက္ခကို မီးမောင်းထိုးပြသွားသကဲ့သို့ သက်ရောက်နေသည့်အတွက် မိမိမေးခွန်းတွင် မပါသည့်အတွက်ကြောင့် မည့်သည့်အတွက်ကြောင့် ထည့်သွင်းဖြေဆိုသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်

ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းနှင့်ပတ်သက်၍ မိမိအနေဖြင့် ရှင်းလင်းဖြေ ကြားပြီးဖြစ်ပါကြောင်း၊ ၁၉၉၃ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကာလတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများသည် အမျိုးသားမှတ်ပုံတင်ကတ်ပြား သို့မဟုတ် ကိုင်ဆောင်သော ကတ်တစ်မျိုး သို့မဟုတ် မည်သည့်ထောက်ခံချက်မ မပါဘဲ နည်းမျိုးစုံဖြင့် ပြည်တွင်းကို ဝင်ရောက်လာမှုရှိသည့်အတွက် ထိုစဉ်က နိုင်ငံတော်အကြီးအကဲက ညွှန်ကြားချက်ဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများ ပြည်မသို့ စိမ့်ဝင်မှုမရှိစေရေးအတွက် စနစ်တကျစီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ လက်ရှိအားဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ ပြင်ဆင်ချက်မရှိသည့်အတွက် ၎င်းအတိုင်းသာ လိုက်နာဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။

ဒုတိယဥက္ကဋ္ဌ က သုံးသပ်ပြောကြားသွားပါသည်။

မေးခွန်းတွင်မပါ၍ မဖြေရဘူးဆိုသည်မှာ မဟုတ်ပါကြောင်း၊ မေးခွန်းမေးမြန်းသူက မေးလိုက်သည့်အခါ ဖြေဆိုသူအနေဖြင့် ယခင်ကမရှိခဲ့သော်လည်း ယခင်ကထုတ်ထားသည့်ဥပဒေနှင့် ယနေ့ခေတ်ဥပဒေ မည်သို့ဆက်စပ်မှုရှိသည်ကို တွဲဆက်ပြီး အကျိုးအကြောင်းလည်း ဖော်ပြပြီး ဖြေဆိုခြင်းဖြစ်ပါကြောင်း။ မေးခွန်းမေးမြန်းသူကလည်း အကျိုးအကြောင်းဖော်ပြပြီး မေးမြန်းသကဲ့သို့ ဖြေဆိုသူကလည်း အကျိုးအကြောင်းပြပြီး ဖြေဆိုခြင်းဖြစ်သည့်အတွက် လက်ခံနိုင်စရာအကြောင်း ရှိသည်ဟု ထင်မြင်မိသည်ကို သုံးသပ်ပြောကြားသွားပါသည်။