(ဆ)-ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့တွင်ဘွဲ့နှင်းသဘင် ခန်းမ(Convocation)တစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၈)ရက်မြောက်နေ့ (၁၉.၅.၂၀၁၅)

ဦးဝင်းမြင့် (ပြည်) ပြည်တက္ကသိုလ်၊ ပြည်နည်းပညာတက္ကသိုလ်၊ ပြည်ကွန်ပျူတာတက္ကသိုလ်၊ အဝေးသင်တက္ကသိုလ်နှင့် ကောလိပ်၊ တက္ကသိုလ်ပေါင်း များစွာရှိနေပြီး တစ်နှစ်လျှင် ကျောင်းသား/ကျောင်းသူများ သောင်းချီ၍ ပညာသင်ကြားနေပြီး တစ်နှစ်လျှင် ဘွဲ့ရဦးရေ ထောင်ချီပြီးရှိနေပါကြောင်း၊ ပြည်တက္ကသိုလ်တွင် တစ်နှစ်လျှင် ကျောင်းသားဦးရေ ၁၀၀၀ ခန့်ကို ဘွဲ့ပေးရာတွင် ပြည်တက္ကသိုလ်ရှိ အဆန်ဘလီ ခန်းမတွင် ကျောင်းသားမိဘအပါအဝင် လူ ၂၀၀ စီခန့်ကို ၄ ကြိမ်၊ ၅ ကြိမ် ခွဲ၍ ဘွဲ့ပေးနေရပါကြောင်း၊ နည်းပညာတက္ကသိုလ်သည်လည်း စည်ပင်သာယာပိုင် ခန်းမကို ငှားပြီး ဘွဲ့ပေးနေရပါကြောင်း၊ ပြည်မြို့တွင် တက္ကသိုလ်ကြီးများရှိပြီး ဘွဲ့နှင်းသဘင်မရှိပါသဖြင့် တက္ကသိုလ်ပေါင်းစုံအတွက် ဘွဲ့နှင်းသဘင်တစ်ခု (Convocation) တစ်ခုလုပ်ပေးရန် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်မည်ဖြစ်ပြီး အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်းပညာရေးဝန်ကြီးဌာနအနေဖြင့် ပြည်တက္ကသိုလ်တွင် ၄ ထပ်စာသင်ဆောင် (၈၀ x ၃၀) ပေ အကျယ်၊ လူဦးရေ ၅၀၀ ဦးခန့်ဆံ့ ခန်းမတွင် ဘွဲ့နှင်း သဘင်အခမ်းအနားကို နှစ်စဉ်ကျင်းပလျက်ရှိပါသဖြင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။