ပလက်ဝမြို့နယ်၏ မြောက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်၊ တောင်ဘက်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တို့နှင့် နီးစပ်ပါကြောင်း၊ ကျောက်တော်မြို့နှင့်မိမိတို့ ပလက်ဝသည် ရေလမ်းအားဖြင့် မိုင် ၄၀ ရှိပြီး ကုန်းပေါ်ကားလမ်းအားဖြင့်ဆိုလျှင် ၃၃ မိုင်သာရှိပါကြောင်း၊ ယခုအခါတွင် မိမိတို့ မဟာဓာတ်အားလိုင်းသည် ရခိုင်ပြည်နယ်မြို့ အားလုံးအပြင် ကျောက်တော်ကိုလည်းရောက်နေပါကြောင်း၊ ကျောက်တော်မှတစ်ဆင့် ပလက်ဝမြို့သို့ သွယ်တန်းနိုင်ရန် ပလက်ဝမြို့ပေါ်ရှိ ရပ်ကွက်များအပြင် အရှေ့ဘက်တွင် ခလရ (၂၈၉) တပ်မြို့ရှိပါကြောင်း၊ နောက် အိန္ဒိယ-မြန်မာ အေရှားဆိုသည့် သင်္ဘောဆိပ်လည်း ယခုဆောက်လုပ်ပြီး ဖြစ်နေပါကြောင်း၊ ထို့နောက် မြို့အနီးအနားရှိ ကျောက်တော်- ပလက်ဝလမ်း တစ်လျှောက်တွင်လည်း ကျေးရွာအများကြီးရှိပါကြောင်း၊ ထို့ကြောင့် ပလက်ဝမြို့နယ် ပြည်သူများမှ မဟာဓာတ်အားလိုင်း လုပ်ပေးမည့် အစီအစဉ်ရှိ/မရှိကို လည်း သိလိုပါကြောင်း မေးမြန်းပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုအတွက် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း ပို့လွှတ်ဖြန့်ဖြူးပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျောက်တော်ဒေသကို ပုဏ္ဏားကျွန်း-ကျောက်တော် ၆၆ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းကို တည်ဆောက်ပြီး ၃၀-၁၁-၂၀၁၄ ရက်နေ့တွင် ဓာတ်အားပို့လွှတ်ခဲ့ပါကြောင်း၊ ချင်းပြည်နယ်၊ ပလက်ဝဒေသကို ကျောက်တော်မှတစ်ဆင့် ဓာတ်အားစနစ်ကို ဓာတ်အားဖြန့်ဖြူးပေးမည်ဆိုလျှင် ကျောက်တော်မှ ပလက်ဝအထိ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၃၅ မိုင်ခန့် နှင့် ပလက်ဝမြို့ ၆၆/၁၁ ကေဗွီ ၅ MVA ဓာတ်အားခွဲရုံ တည်ဆောက်သွားရမည်ဖြစ်ပါကြောင်း၊ ၎င်း စီမံကိန်းအတွက် စုစုပေါင်းခန့်မှန်းတွက်ချက်မှု ကုန်ကျစရိတ်မှာ ကျပ်သန်းပေါင်း ၆၈၃၀ ခန့် ဖြစ်ပါကြောင်း၊ ကျောက်တော်-ပလက်ဝ ၆၆ KV ဓာတ်အားလိုင်းနှင့် ပလက်ဝဓာတ်အားခွဲရုံ စီမံကိန်းကို နိုင်ငံတော်၏ ဘဏ္ဍာငွေခွဲဝေပေးနိုင်မှု အခြေအနေအရ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ရန်ကြိုးစားခဲ့သော်လည်း အခြေအနေမပေးသည့်အတွက် ထည့်သွင်းပါဝင်ခဲ့ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
