(ဂ)-အဖြူရောင်ယာယီသက်သေခံကတ်ကိုင်ဆောင် ထားသူများသည်ပန်းရောင်နိုင်ငံသားစိစစ်ရေးကတ် ကိုကိုင်ဆောင်ခွင့်ရပြီးဖြစ်၍၎င်းတို့အားမြန်မာနိုင်ငံ အတွင်း အခြားနိုင်ငံသားများနည်းတူ လွတ်လပ်စွာ သွားလာခွင့်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၆၄)ရက်မြောက်နေ့ (၁၅.၆.၂၀၁၅)

ဦးဖေသန်း( မြေပုံမဲဆန္ဒနယ်) (948)မိမိတို့မြန်မာနိုင်ငံတွင် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ ယာယီသက်သေခံကတ် အဖြူကတ် များကို နိုင်ငံသားအဖြစ် စိစစ်နေပါကြောင်း၊ နိုင်ငံသားဖြစ်လာချိန်တွင် အဆိုပါ နိုင်ငံသားများ အနေဖြင့် နိုင်ငံသားအခွင့်အရေးရရှိရှိပြီး ၎င်းတို့ဆန္ဒရှိရာ ဒေသများသို့ သွားလာနိုင်ရန်အတွက် နိုင်ငံသားဥပဒေအရ အခွင့်အရေး‌ပေးသင့်ပါကြောင်း၊ ထို့ကြောင့် ယခင်က အဖြူ ရောင်ကတ် သက်သေခံကတ်ကို ကိုင်ဆောင်ထားသူများအနေဖြင့် နိုင်ငံသားဥပဒေအရ ပန်းရောင် နိုင်ငံသားကတ်ကို လွှဲပြောင်း ကိုင်ဆိုင်ခွင့်ရသည့် နိုင်ငံသားအဖြစ်သို့ အသိအမှတ်ပြုခံရပြီဖြစ်ရာ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအတွင်း အခြားနိုင်ငံသားနည်းတူ လွတ်လပ်စွာသွားလာနိုင်ခွင့်ရှိ/မရှိ သိလိုပါကြောင်းနှင့် ပြုနိုင်ငံသားများအနေဖြင့် အဆိုပါအခွင့်အရေးကို ရရှိနိုင်ခြင်းရှိ/မရှိသိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးဝင်းမြင့်
အဖြေ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးဝင်းမြင့်အဖြူရောင်ယာယီသက်သေခံကတ်ပြားများကို ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေများ၏ နည်းဥပဒေ ၁၃ (၁) (ဂ) အရ ရခိုင်ပြည်နယ်အပါ အဝင် မြန်မာနိုင်ငံတစ်ဝှမ်းနှင့် မိမိတိုင်းရင်းသားများပင်ဖြစ်သော်လည်း မြန်မာနိုင်ငံနယ်စပ် တစ်လျှောက်တွင် နေထိုင်ပြီး တစ်ဖက်နိုင်ငံနှင့် လူမျိုးစုများနှင့် ရုပ်ရည်သွင်ပြင်၊ ဘာသာစကား၊ ဓလေ့ ထုံးစံတူညီသည့် မျိုးနွယ်စုတူများအား မြန်မာနိုင်ငံသားဥပဒေအဖြစ် စိစစ်နိုင်ခြင်းမရှိသေးမီ ကိုင်ဆောင်ခွင့်ပြုပေးရန် ထုတ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယာယီသက်သေခံကတ်ပြား ကို Temporary Certificate ဟု တရားဝင်ခေါ်ဆောင်ပြီး ကတ်ပြား၏ အရောင်သည် အဖြူရောင်သဖြင့် White Card ဟု ခေါ်ယူ သုံးစွဲနေခြင်းဖြစ်ပါကြောင်း၊  

၁၉၉၃ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကာလတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုးများသည် မည်သည့်ထောက်ခံချက်မှမပါဘဲ ရခိုင်ရိုးမကို နည်းမျိုးစုံဖြင့် ဖြတ်ကျော်ပြီးပြည်နယ် အတွင်းသို့ ဝင်ရောက်ခဲ့မှုများရခဲ့ခြင်းကြောင့် နိုင်ငံတော်အကြီးအကဲ က ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများ ပြည်မသို့စိမ့်ဝင်မှုမရှိစေရေးအတွက် စနစ်တကျစီမံချက် ချမှတ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ပါကြောင်း၊ ၎င်းညွှန်ကြားချက်အရ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးများ သည် မိမိနေထိုင်ရာမြို့နယ်အတွင်း လွတ်လပ်စွာသွားလာခွင့်ရှိကြသော်လည်း ပြည်နယ်အတွင်း မြို့နယ် ကျော်လွန် ခရီးသွားလာပါက မိမိ နေထိုင်ရာ မြို့နယ်ဦးစီးဌာနမှူး၏ ခရီးသွားလာခွင့်နှင့် အခြား ပြည်နယ်/ တိုင်းများသို့ ခရီးသွားလာရာ၌ ရခိုင်ပြည်နယ် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ခွင့်ပြုချက်တို့ကို ရယူ၍ ခရီးသွားလာခွင့်ပြုခြင်းအားဖြင့် ခရီးသွားလာမှုကို ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဒေသခံတိုင်း ရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ ပဋိပက္ခ နှစ်ကြိမ်ဖြစ်ပွားပြီးနောက် မြေပုံမြို့နယ်အား စမ်းသပ်ဧရိယာအဖြစ်သတ်မှတ်၍ ဘင်္ဂါလီလူမျိုးများအား ၁၉၈၂ ခုနှစ်၊ မြန်မာ နိုင်ငံသားအက်ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်ကနေ စတင်၍ လျှောက်လွှာလက်ခံခဲ့ပြီး မြို့နယ်အဆင့်နိုင်ငံသားစိစစ်ရေးအဖွဲ့၊ ပြည်နယ်အဆင့် နိုင်ငံသားအဆင့်စိစစ်ရေးအဖွဲ့များမှ စိစစ်အတည်ပြုချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်‌ရေးဦးစီးဌာနသို့ တင်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊  လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေး ဦးစီးဌာနက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီး ဗဟိုအဖွဲ့သို့ တင်ပြပြီးနောက် ဗဟိုအဖွဲ့စုံညီအစည်းအဝေးပြုလုပ်ရန် ဗဟိုအဖွဲ့ဆုံးဖြတ်ချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့ ထံ တင်ပြအတည်ပြုချက်ရယူရပါကြောင်း၊ ထို့နောက် ဗဟိုအဖွဲ့မှ ဆုံးဖြတ်ချက်ချပြီး ပထမအကြိမ် နိုင်ငံသားအဖြစ် ခွင့်ပြုသူ ၄၀ ဦး၊ နိုင်ငံသားပြုခွင့်ရသူအဖြစ် ခွင့်ပြုသူ ၂၇၃ ဦးတို့အား ကျမ်းသစ္စာ ကျိန်ဆိုစေပြီး ကာယကံရှင်များလက်ဝယ်သို့ ကိုင်ဆောင်လက်မှတ်များ ထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်းနှင့် နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူအခွင့်အရေးများ ရရှိသွား ပြီးဖြစ်ပါကြောင်း၊  ဆက်လက်၍လည်း ကျန်ရှိ ကတ်များကိုလည်း ဆက်လက်ထုတ်ပေးနေပြီဖြစ်ကြောင်း၊

ထိုနိုင်ငံသားစိစစ် ရေးကတ်ပြားကိုင်ဆောင်သူများသည် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)ပါ နိုင်ငံသား နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များနှင့်အညီ ရရှိကြပြီဖြစ်သကဲ့သို့ လွတ်လပ်စွာ သွားလာခွင့်လည်း ရှိကြမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်များကို သာ ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊

မြေပုံမြို့နယ်အား နိုင်ငံသားစိစစ်ရေး လုပ်ငန်းဆောင်ရွက်ခဲ့ရာတွင် ပထမအဆင့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူများသည် လူမျိုးတူတို့မှ ဝိုင်းဝန်းအပြစ်တင် ခြိမ်းခြောက်မှုများရှိနေကြောင်း ကျန်ဒေသခံ များကိုလည်း ယခုကဲ့သို့ ဆောင်ရွက်ပြီးချိန်အထိ စောင့်ဆိုင်းလှုပ်ရှားသွားမည်ဖြစ်ကြောင်းကိုလည်း မြေပြင်သတင်းများအရ သိရှိရသည့်နည်းတူ သက်ဆိုင်ရာဒေသခံတာဝန်ရှိသူများ အဖွဲ့ အစည်းများ အနေဖြင့်လည်း အခွင့်အရေးများနှင့်အတူ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး အခြေအနေများ ကိုပါ ဆက်လက်သုံးသပ်ဆောင်ရွက်ရခြင်း ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။