ကြို့ပင်ကောက်မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးကို ခုတင် (၅၀)ဆံ့အဆင့်မှ ခုတင်(၁၀၀)ဆံ့ ဆေးရုံအဖြစ်သို့ တိုးမြှင့်ပေးပါရန်နှင့် ကြို့ပင်ကောက်မြို့နယ် အနောက်ဖက်ခြမ်းသည် တိုက်နယ်ဆေးရုံမရှိသေးသည့်အတွက် လယ်တီကျေးလက်ကျန်းမာရေးဌာနအား (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဆင့် အဖြစ်တိုးမြှင့်သတ်မှတ်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံအား ခုတင်(၁၀၀)ဆံ့သို့တိုးမြှင့်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီး ရုံး၏ ၂၆-၃-၁၅၊ ၆-၅-၁၅ နှင့် ၂၆-၆-၁၅ ရက်စွဲပါစာများဖြင့် တိုးချဲ့ဆောက်လုပ်မည့် အဆောက်အဦများအတွက် မြေနေရာလုံလောက်မှုရှိ/မရှိ၊ အဆောက်အဦထပ်မံဆောက်ရန် လိုအပ် ချက်ရှိ/မရှိနှင့် နယ်မြေဒေသအခြေအနေနှင့် မြေပြင်အမှန်တကယ် လိုအပ်မှုရှိ/မရှိတို့ကို စိစစ်ပြန်ကြား ပေးပါရန် ညှိနှိုင်းထားပါကြောင်းနှင့် သဘောတူညီချက်ရရှိပါက အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနများသို့ သဘောထားမှတ်ချက်တောင်းခံမည်ဖြစ်ပါကြောင်း၊ သဘောထားမှတ်ချက်ရရှိပါက ဖွင့်လှစ်ခွင့်ရရှိရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ လယ်တီကျေးလက်ကျန်းမာရေးဌာနသည် ကြို့ပင်ကောက်မြို့နယ်ဆေးရုံနှင့် ၉ မိုင်နှင့် ၃ ဖာလုံ၊ အလယ်ကုန်းတိုက်နယ်ဆေးရုံနှင့် ၁၈ မိုင်ခန့်ကွာဝေးပါကြောင်း ကုသရေးဦးစီး ဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များအတွင်း တစ်နှစ်လျှင် တိုက်နယ်ဆေးရုံအသစ် ၅၁ ရုံ ဖွင့်လှစ်ရန်လျာထားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်၌ ဖွင့်လှစ်ရန် တိုက်နယ်ဆေးရုံ ၆ ရုံ လျာထားခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ပါ၍ ကြို့ပင်ကောက်မြို့နယ်၊ လယ်တီ ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံဖွင့်လှစ်ရန်အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် အတွင်း အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
