(ဂ)-ဘားအံမြို့နယ်အတွင်း ရွေးချယ်တင်မြှောက်ရန် လိုအပ်နေသေးသော ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ခန့်အပ်ရန်လိုအပ်သောစာရေးဝန်ထမ်းများကို၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအမီ ဦးစားပေး ခန့်အပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၁)ရက်မြောက်နေ့ (၈.၄.၂၀၁၅)

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမအကြိမ်ပုံမှန်အစည်းအဝေးအပြီး လွှတ်တော်ရပ်နားချိန်က မိမိ အနေဖြင့် ကျေးရွာများသို့ ရောက်ရှိသည့်အခါ ကျေးရွာအချို့တွင် အုပ်ချုပ်ရေးမှူးအသစ်များ ယနေ့ထက်တိုင် ရွေး ချယ်မြောက်တင်မြောက်ထားခြင်း မရှိသေးပါကြောင်း၊ ထို့အတူ ကျေးရွာအလိုက် လိုအပ်နေသော ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ကူညီရန်အတွက် ရယကစာရေးဝန်ထမ်းများလည်း တချို့နေရာများတွင် လုံးဝမရှိသေး သည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းများ မရှိသည့်ကျေးရွာ များတွင် ကျေးရွာရှိ ဘုန်းကြီးများကသာ ဦးဆောင်ပြီး စီမံဆောင်ရွက်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ခန့်အပ်ခြင်းမရှိသေးသော ကျေးရွာများတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအမီ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ရွေးချယ်တင်မြောက်နိုင်ရေး ဆောင်ရွက်ပေးရန်နှင့် အကယ်၍ လုံခြုံရေးအရ အဆင်မပြေပါက ဒေသခံများ ဆန္ဒမဲပေးလိုက မည်ကဲ့သို့ စီမံဆောင်ရွက်ပေးရန် အစီအစဉ်ရှိသည်ကို သိရှိလိုပါကြောင်း၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများ လိုအပ်နေသော ကျေးရွာများတွင် ၂၀၁၅ ရွေးကောက်ပွဲအမီ ဒေသခံတိုင်းရင်းသားများမှ ဦးစားပေး ခန့်အပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ကို ရပ်ကွက် ၉ ခုနှင့် ကျေးရွာအုပ်စု ၉၁ စုတို့ဖြင့် ဖွဲ့စည်းထားပြီး ရပ်ကွက် ၉ ခုနှင့် ကျေးရွာအုပ်စု ၈၃ စုတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကိုလည်း ခန့်အပ်ထား ပြီး ဖြစ်ပါကြောင်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးခန့်အပ်ရန် ဟတ္တလိုက်၊ တဂေးလောင်း၊ ကျုံထော်၊ မဲသန၊ ကော်ဟဲ၊ ပျဉ်းမပင်ဆိပ်၊ ကော့ဂွန်းနှင့် ကျုံဖဲကျေးရွာအုပ်စု စသည့် ၈ အုပ်စု ကျန်ရှိနေပြီး ဟတ္တလိုက်၊ တဂေးလောင်း၊ ကျုံထော်၊ မဲသန၊ ကော်ဟဲ၊ ပျဉ်းမပင်ဆိပ်ကျေးရွာအုပ်စုစသည့် ကျေးရွာအုပ်စု (၆) အုပ်စုသည် လုံခြုံရေး၊ အုပ်ချုပ်ရေး၊ နယ်မြေအခြေအနေ ကန့်သတ်ချက်များကြောင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ခန့်အပ်နိုင်ခြင်း မရှိသေးပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်အစိုးရမှ ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် ဒေသဖွံ့ဖြိုးရေး တိုးတက်စေရန်အတွက် အရှိန်အဟုန်မြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အတွက် နယ်မြေလုံခြုံရေး၊ လုံခြုံမှုနှင့် လမ်းပန်းဆက်သွယ်ရေးများလည်း ပိုမိုကောင်းမွန်လာအတွက် ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဟတ္တလိုက်၊ တဂေးလောင်း၊ ကျုံထော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရန်အတွက် သက်ဆိုင်ရာကြီး ကြပ်ရေးအဖွဲ့ကိုလည်း ၃-၂-၂၀၁၅ ရက်‌နေ့တွင်လည်းကောင်း၊ မဲသနကျေးရွာအုပ်စု၌  ၂၇-၂-၂၀၁၅ ရက်နေ့တွင်လည်းကောင်း အသီးသီး ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း။

အဆိုပါကြီးကြပ်ရေးအဖွဲ့များသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၇ အရ ဆယ်အိမ်စု အစုအဖွဲ့များဖွဲ့စည်းခြင်း၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအတွက် သတ်မှတ်ထားသော အရည်အချင်းများကို ရှင်းလင်းပြောကြားခြင်း၊ ဆယ်အိမ်စုကိုယ်စားလှယ်များကို သတ်မှတ် အရည်အချင်းများနှင့် ပြည့်စုံခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် အမည်များပြုစုခြင်း၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြင့် ခန့်အပ်တာဝန်ပေးအပ်ရန် အဆိုပြုလိုသောသူ အမည်စာရင်းများ ပြုစုခြင်း၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ပေးအပ်ရန် အဆိုပြုလိုသောသူများ အမည်စာရင်းမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဆယ်အိမ်စု ကိုယ်စားလှယ်များအားလုံးမှ လျို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်စေခြင်းနှင့် ရရှိသောမဲစာရင်းများ ကြေညာခြင်း၊ လျို့ဝှက်ဆန္ဒမဲအများဆုံးရသူ၏ အမည်နှင့် ကိုယ်ရေးအချက်အလက်များကို မြို့နယ်အုပ်ချုပ်ရေးမှူးသို့ တင်ပြခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးအား ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အုပ်ချုပ်ရေးဥပဒေပုဒ်မ ၈ အရ ကြီးကြပ်ရေးအဖွဲ့မှ တင်ပြလာသော အမည်စာရင်းကို ပုဂ္ဂိုလ်များအား စိစစ်ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပ‌ဒေ ပုဒ်မ ၅ ပါ အရည်အချင်းများနှင့် ပြည့်စုံပါက ခရိုင်အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ခန့်အပ်သွားမည်ဖြစ်ပါကြောင်း။

ကော့ဂွန်းကျေးရွာအုပ်စုတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးမှူး ၅ ဦးအား ၂-၁၁-၂၀၁၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါကြောင်း၊ အဆိုပါ ကြီးကြပ်ရေးအဖွဲ့မှ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်ခဲ့သော လျို့ဝှက်ဆန္ဒမဲ အများဆုံးရရှိသော ဦးထွေးအောင်အား ဦးကြင်ဦးပါ ၅ ဦးမှ ၁၂-၁၂-၂၀၁၄ ရက်နေ့တွင် တိုင်ကြားသည့်အတွက် အုပ်ချုပ်ရေးမှူးများကို ပြန်လည်ရွေးချယ်ရန် ဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ ထို့အတူ ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သော ကြီးကြပ်ရေးအဖွဲ့များဖြင့် ရွေးချယ်၍ ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၈ အရ အတည်ပြုခန့်ထားသော ကျုံဖဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်အား ဦးဝင်းသောင်းပါ ၇ ဦးမှ ၂၈-၅-၂၀၁၄ ရက် ရက်စွဲပါစာအမှတ်ဖြင့် တိုင်ကြားလာသည့်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်ဥပဒေအရာရှိ အဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက်သော စိစစ်ရေးအဖွဲ့အားဖွဲ့စည်းပြီး စိစစ်ဆောင်ရွက်ခဲ့ပါကြောင်း၊ စိစစ်ချက်အရ ကျေးရွာအုပ်ချုပ်ရေးမှူးအား ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ(ဃ)နှင့် ငြိစွန်းကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ခရိုင်အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (၃၁-၇-၂၀၁၄) ရက်စွဲပါအမှတ်၊ ၅/ ၄၃ - ၁ / ဦး ၆ / ၁၄၂၀ ဖြင့် တာဝန်မှ  ရပ်စဲခဲ့ပါကြောင်း၊ ထို့နောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်အား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်ရွေးချယ်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပရာတွင် နယ်မြေလုံခြုံရေးအား ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့များသည် သတ်မှတ်နယ်မြေအလိုက် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးစီမံချက်များနှင့်အညီ ဆောင် ရွက်ရမည့်အပြင် လုံခြုံရေး နယ်မြေကန့်သတ်ချက်ရှိသော ဒေသများကို သီးခြားလုံခြုံရေးအစီအမံများဖြင့် ဥပဒေများနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၁ နှင့် အမျိုးသား လွှတ်တော်ဥပဒေပုဒ်မ ၅၁ တွင် ရွေးကောက်ပွဲ များရွှေ့ဆိုင်းခြင်း၊ မဲရုံများကို လုံခြုံမှုရှိသောနေရာသို့ ပြောင်းရွှေ့ကျင်းပခြင်းနှင့်စပ်လျဉ်းသော လုပ်ပိုင်ခွင့်ကို ကော်မရှင်က ကော်မရှင် အဖွဲ့ခွဲအသီးသီးသို့ သင့်လျော်သလို လွှဲအပ်နိုင်သည် ဟု ပြဋ္ဌာန်းပါရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လုံခြုံရေးအခြေအနေအရ မဲရုံများ ဖွင့်လှစ်နိုင်ခြင်းမရှိသော ရပ်ကွက်/ကျေးရွာအုပ်စုများမှ ဆန္ဒမဲပေးလိုသူများအတွက် မဲရုံဖွင့်လှစ်နိုင်သော အနီးဆုံးနေရာတွင် ဆန္ဒမဲပေးနိုင်ရန် အဆိုပါပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။

ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အငယ်တန်းစာရေး (ရပ်/ကျေး) ဖွဲ့စည်းပုံ ခွင့်ပြုအင်အား ၁၀၀ အနက် ၇၂ နေရာအား ခန့်အပ်ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါလစ်လပ်နေရာများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၁၄-၁-၂၀၁၅ ရက်စွဲပါ ရုံးတွင်းအမိန့်အမှတ် (၁/၂၀၁၅) ဖြင့် အငယ်တန်းစာရေး (ရပ်/ကျေး) ၂၅ နေရာ၊ ၆-၂-၂၀၁၅ ရက် ရက်စွဲပါ ရုံးတွင်းအမိန့် အမှတ်(၃/၂၀၁၅)ဖြင့် ၂ နေရာ စုစုပေါင်း ၂၇ နေရာတွင် ခန့်အပ်ဆောင်ရွက်ထားပြီး အငယ်တန်းစာရေး(ရပ်/ကျေး)ဝန်ထမ်း ၉၉ ဦးသည် ဒေသခံတိုင်းရင်းသားများသာ ဖြစ်ကြပါကြောင်း၊ ခန့်အပ်ထားသည့် ကျန်ရှိသော ကျုံထော်ကျေးရွာအုပ်စု အငယ်တန်းစာရေး(ရပ်/ကျေး) တစ်နေရာအား ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း ခန့်ထားနိုင်ရေးအတွက် ကရင်ပြည်နယ်၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေ လစာနှင့်စရိတ် လုံလောက်မှုရှိကြောင်း ကရင်ပြည်နယ် ရသုံးမှန်းခြေစာရင်းဦးစီးဌာနမှ (၃၁-၁-၂၀၁၅) ရက်စွဲပါစာအမှတ်၊ ရသ (၃) ဘ - ၁ (၁) / ဘတ်ဂျက် (၅၃) /၂၀၁၄-၁၅ ဖြင့် အမှုထမ်းသစ်များ ခန့်ထားနိုင်ရေး အတွက် ထောက်ခံချက်အား ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးပို့ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ (၂၀-၃-၂၀၁၅) ရက်စွဲပါစာအမှတ်ဖြင့် အမှုထမ်းသစ်ခန့်အပ်မှုနှင့် ပတ်သက်၍ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့ ထောက်ခံချက်ပေးပို့ရန် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ထို့နောက် စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၏ ထောက်ခံချက်ရရှိမည်ဆိုပါက ကရင်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၏ ထောက်ခံ ချက်နှင့်အတူ ပူးတွဲ၍ အမှုထမ်းသစ်များ ခန့်အပ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းများ ခန့်အပ်ထားရန် ခွင့်ပြုချက်ရရှိချိန်တွင် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ခန့်အပ်နိုင်ရေးကို ဒေသခံများမှ သတ်မှတ်အရည်အချင်းကိုက်ညီသူများကို အရည်အချင်းစစ်ဆေး၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ အခန်း(၂) ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ခန့်အပ်ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။