(ခ)-ဝေးလံခေါင်သီသော ဒေသများတွင် တာဝန် ထမ်းဆောင်လျက်ရှိကြသော နိုင်ငံ့ဝန်ထမ်းများခံ စားလျက်ရှိသည့်ဒေသ စရိတ်နှုန်းထား များအား ယာယီပြင်ဆင် လျှော့ချ ထားခြင်းကိုအမြန်ဆုံးပြန် လည်ထပ်မံတိုးမြှင့်ပေးသွားရန် အစီအစဉ် ရှိ၊မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၇၁)ရက်မြောက်နေ့ (၃.၇.၂၀၁၅)

ဦးဇုန်းတိန့် (ချီဖွေ) မြန်မာနိုင်ငံရှိ တိုင်းရင်းသားအများစု၏ ပြည်နယ်များသည် ဝေးလံခေါင်သီ၍ ခက်ခဲမှုအများဆုံးရှိပါကြောင်း၊ အစိုးရအဖွဲ့မှ ဝေးလံခေါင်သီ၍ ခက်ခဲသောဒေသ၊ မြို့နယ်များရှိ နိုင်ငံ့ဝန်ထမ်းများအား ဒေသစရိတ် လစာနှစ်ဆတိုးမြှင့်ပေးခဲ့၍ ထိုဒေသရှိနိုင်ငံ့ဝန်ထမ်းများစုမှာ စိတ်အားထက်သန်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှုမြင့်တက်လာခဲ့ပါကြောင်း၊ သို့သော် ထိုဒေသရှိနိုင်ငံ့ဝန်ထမ်းများ ခံစားလျက်ရှိသည့် ဒေသစရိတ်လစာ နှစ်ဆအား ဘဏ္ဍာရေးဝန်ကြီးဌာနမှ ၁-၄-၂၀၁၅ ရက်နေ့တွင် ယာယီပြင်ဆင် လျှော့ချလိုက်ခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများ အားမာန်ပြန်လည်လျော့နည်းလာကြပါကြောင်း၊ တိုးတက်ဖွံ့ဖြိုးသည့် မြို့ပြဝန်ထမ်းများ၏ ခံစားခွင့်လစာနှင့် ထိုဒေသရှိ နိုင်ငံ့ဝန်ထမ်းများ၏ လက်ရှိယာယီလျှော့ချတိုးပေးထား၍ ခံစားရသောစရိတ်များ၊ ဝေးလံခက်ခဲသော မြို့နယ်များ၏ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် လူမှုရေးခက်ခဲမှု စရိတ်များကို နှိုင်းယှဉ်ပါက လိုက်လျောညီထွေမှုမရှိဘဲ ကွာဟနေသည့်အတွက်ကြောင့် ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော နိုင်ငံ့ဝန်ထမ်းများ၏ လက်ရှိခံစားလျက်ရှိသည့် ဒေသစရိတ်နှုန်းထားများအား ယာယီပြင်ဆင် လျှော့ချသတ်မှတ်ထားခြင်းမှ နှုန်းထားအသစ် ပြန်လည်ပြင်ဆင်တိုးမြှင့်ပေးသွားရန် နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ယခုထုတ်ပြန်လျှော့ချ သတ်မှတ်ပေးထားသော ဒေသစရိတ်နှုန်းထားသစ်ထက် ထပ်မံပြန်လည်တိုးမြှင့်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် လက်ရှိအခြေအနေစရိတ်များ ကိုက်ညီရန်မည်သည့် စံနှုန်းများဖြင့် ပြင်ဆင်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း၊ ပြင်ဆင်သတ်မှတ်စိစစ်ရေး ကော်မတီမှ မည်သည့်အချိန်ကာလတွင် ထိုဝေးလံခက်ခဲသော ဒေသအားလုံး၏ ဒေသစရိတ်နှုန်းထားသစ်များကို ပြန်လည်ထုတ်ပြန် အတည်ပြု ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
အဖြေ

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်၂၀၁၅ ခုနှစ် ဧပြီလမှစပြီး မိမိတို့နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများကို တိုးမြှင့်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အတူ ဒေသစရိတ်ခံစားခွင့်ပြုထားသည့် ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသော ဒေသများအဖြစ် သတ်မှတ်ခဲ့သည့် မြို့နယ် ၁၁၀ တို့ကို ပြန်လည်စိစစ်သုံးသပ်ရန်နှင့် ထပ်မံတင်ပြလာမှုများကို သတ်မှတ်စံနှုန်းနှင့် ညီညွတ်မှုရှိ/မရှိ စိစစ်သုံးသပ်နိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်၍ ဝေးလံခေါင်သီသော လူမှုရေးခက်ခဲသည့် ဒေသများအဖြစ် သတ်မှတ်ရေး စိစစ်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအဆင့် စိစစ်ရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ၇-၅-၂၀၁၅ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်(၄၃/၂၀၁၅)နှင့် ဖွဲ့စည်းခဲ့ပြီး ၎င်းကော်မတီအတွက် လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်ထောင်စုအဆင့် တိုင်းဒေသကြီး/ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ ခေါင်းဆောင်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး /ပြည်နယ်အဆင့် တာဝန်ခံများပါဝင်သည့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် စိစစ်ရေး ကော်မတီကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ် ထားပါကြောင်း၊ ထိုကော်မတီများမှ လူမှုရေးခက်ခဲသည့် ဒေသသတ်မှတ်ရာတွင် အခြေခံစဉ်းစားရမည့်အချက် (၁၀)ချက်နှင့်အညီ အမှတ်ပေးစနစ်များကို စိစစ်သုံးသပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် စိစစ်ရေးကော်မတီမှ သုံးသပ်မှုအစီရင်ခံစာကို ပြည်ထောင်စုအဆင့် စိစစ်ရေးကော်မတီကို တစ်လအတွင်းတင်ပြရန်နှင့် တင်ပြချက်များအပေါ် အမှတ်ပေးစနစ်ဖြင့် သုံးသပ်ပြီးမှ လူမှုရေးခက်ခဲမှုမရှိသည့် ဒေသ၊ လူမှုရေးခက်ခဲသော ဒေသနှင့် လူမှုရေးအခက်အခဲဆုံးဒေသများဆိုပြီး ပြင်ဆင်သတ်မှတ်သွားမည် ဖြစ်ပါကြောင်း၊ ယခုလို လူမှုရေး ခက်ခဲသောဒေသများ အခက်ခဲဆုံးဒေသအဖြစ် သတ်မှတ်ခံရသည့်မြို့နယ်၊ ကျေးရွာများအလိုက် ဒေသစရိတ် ခံစားခွင့်ပြုမည့် နှုန်းထားဖြစ်သည်ကိုလည်း တွက်ချက်ပြီးမှ ပြင်ဆင်သတ်မှတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခု လတ်တလောအခြေအနေအရ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၀-၄-၂၀၁၅ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ် (၁၀၅၈/၂၀၁၅) နှင့် လက်ရှိဒေသစရိတ် နှုန်းထားများကို ယာယီအစီအစဉ်ဖြင့် သတ်မှတ်ပေးခဲ့ပါကြောင်း၊

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင် ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသော ဒေသများအဖြစ် သတ်မှတ်ရေး စိစစ်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအဆင့် စိစစ်ရေးကော်မတီ်၏ လုပ်ငန်းတာဝန်များအရ တိုင်းဒေသကြီး/ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးများခေါင်းဆောင်သော တိုင်းဒေသကြီး/ ပြည်နယ်အဆင့် စိစစ်ရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးပြီး သတ်မှတ်နိုင်ရန်အတွက် အထက်တွင် တင်ပြခဲ့သည့် အခြေခံအချက်  (၁၀)ချက်ပေါ် အခြေခံပြီး ခေါင်းစဉ်ကြီး တစ်ခုချင်းအလိုက်ကို အခက်အခဲဆုံး၊ အသင့်အတင့်နှင့် ပုံမှန်အခြေအနေ သုံးရပ်ခွဲခြားပြီး အမှတ်ပေးစနစ်ဖြင့် ပြန်လည်စိစစ်သုံးသပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအချက် (၁၀)ချက်မှာ လုံခြုံရေးအခြေအနေတည်ငြိမ်အေးချမ်းမှုမရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ဆက်သွယ်ရေးစနစ်ခက်ခဲခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရရှိခြင်း၊ ပညာရေးစနစ်ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ လျှပ်စစ်ဓာတ်အားလုံလောက်စွာမရရှိခြင်း၊ စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းမှုနည်းပါးခြင်း၊ ရာသီဥတုဆိုးရွားခြင်း၊ လူမှုပတ်ဝန်းကျင် အခက်အခဲများရှိခြင်းဆိုသည့် အချက်များဖြစ်ပါကြောင်း၊ ထိုအချက်များအရ သုံးသပ်ရရှိသည့် အစီရင်ခံစာကို ပြည်ထောင်စုအဆင့် စိစစ်ရေးကော်မတီကို တင်ပြသည့်အခါခွင့်ပြုမည့် ဒေသစရိတ်နှုန်းထားများနှင့် ပြန်လည်တွက်ချက်ပြီး ပြင်ဆင်သတ်မှတ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။