(ခ)-ပေါက်မြို့နယ်၊ မျှားပိုင်ကျေးရွာ အုပ်စုအတွင်း ကာကွယ်ရေး ပစ္စည်းစက်ရုံ တည်ဆောက်ခဲ့သည့် အတွက်သိမ်းဆည်းခဲ့သည့်စိုက်ပျိုးမြေများအားထိုက် သင့်သည့်လျော်ကြေးပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၆၃)ရက်မြောက်နေ့ (၁၂.၆.၂၀၁၅)

ပေါက်မြို့နယ်၊ မျှားပိုင်ကျေးရွာ အုပ်စုအတွင်း ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄)တည်ဆောက် ခဲ့သည့်အတွက် သိမ်းဆည်းခဲ့သည့် စိုက်ပျိုးမြေများအား ထိုက်သင့်သည့် လျော်ကြေးပေးရန် နှင့် မြေစာရင်းပုံစံ(၇) ရရှိပြီး၍ တောင်သူများ လက်ရှိစိုက်ပျိုးမြေများအတွင်း စက်ရုံနယ်နိမိတ်အဖြစ် သတ်မှတ် စိုက်ထူခဲ့သော အုတ်တိုင်များကို ဥပဒေနှင့်အညီ ပြန်လည် ပြင်ဆင် ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဦးခင်မောင်ညို (ပေါက်မဲဆန္ဒနယ်) (1227)မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ မျှားပိုင်းကျေးရွာအုပ်စုအတွင်း၌ ၂၀၀၉ ခုနှစ်မှစတင်၍ ကာကွယ်ရေးပစ္စည်း(ကပစ-၂၄) တည်ဆောက်ခြင်းကြောင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေဧကပေါင်း ၃၄၀၀ ကျော်နှင့် အခြားမြေအမျိုး အစားအပါအဝင် စုစုပေါင်းမြေဧက ၄၀၀၀၀ ခန့် သိမ်းဆည်းခံခဲ့ရပါကြောင်း၊ ထိုသိမ်းဆည်းခံရမှုနှင့် ပတ်သက်ပြီး စိုက်ပျိုးမြေတစ်ဧကလျှင် ၅၀၀၀ ကျပ်သာ ပေးလျော်ခဲ့မှုကြောင့် တောင်သူများ၏ စားဝတ်နေရေးနှင့် ဘဝရပ်တည်နိုင်ရေးတို့အတွက် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရပါကြောင်း၊ ထိုကဲ့သို့ သိမ်းဆည်းမြေများနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှ  လယ်ယာမြေနှင့် အခြားမြေစုံစမ်းရေးကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲငယ်မှ ဖော်ပြခဲ့သည့် တောင်သူများ၏ စိုက်ပျိုးမြေများနှင့် အခြားမြေများအပေါ်တွင် စုံစမ်းဖော်ထုတ်ခဲ့ရာ သိမ်းဆည်းမြေများမှာ လိုအပ်သည်ထက်ပို၍ သိမ်းဆည်းထားသည်ကို တွေ့ရှိရကြောင်းနှင့် အသုံးမပြုဘဲ ပိုနေသည့်မြေများကို လိုအပ်နေသည့်တောင်သူများထံ ပြန်လည်ပေးအပ်သင်‌့ကြောင်း သိမ်းဆည်းစဉ်က ပေးလျော်ခဲ့သည့် လျော်ကြေးငွေ ၅၀၀၀ ကျပ်မှာ လွန်စွာနည်းလွန်း၍ ကာလတန်ဖိုးနှင့် ကွာဟခြင်းကြောင့် ကာလတန်ဖိုးနှင့်အညီ ပေးလျော်သင့်ကြောင်းနှင့် သိမ်းဆည်းခံတောင်သူများတွင် နစ်နာမှုများရှိနေသည်ကို ဆောင်ရွက်ပေးသင့်ကြောင်း ကော်မတီ၏အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြပြီး လွှတ်တော်တွင်လည်း တင်ပြခဲ့ပြီးဖြစ်ပါကြောင်း။

သို့သော် ယင်းကိစ္စအပေါ် မည်သို့မှဆောင်ရွက်မှုမရှိသည့်အပြင် မကြာသေးမီကာလမှ စက်ရုံနယ်နိမိတ် ဧရိယာပြ သတ်မှတ်စိုက်ထူခဲ့သော အုတ်တိုင်အသစ်များသည် ယခင်မြေစာရင်းဌာနတို့နှင့် ညှိနှိုင်းသတ်မှတ်ခဲ့သည့် စက်ရုံမြေဧရိယာထက် ပိုနေပြီး မြေစာရင်းပုံစံ (၇)ရ ရှိပြီးသော တောင်သူများ စိုက်ပျိုးမြေများအတွင်းသို့ ရောက်ရှိနေကြောင်း၊ ထို့ကြောင့် ဒေသခံတောင်သူများသည် သိမ်းဆည်းခံ စိုက်ပျိုးမြေများအတွက် ယခင်မြေများလည်းပြန်မရ၊ ငွေလည်းထပ်မရဖြစ်နေရသည့်အပြင် ပုံစံ (၇) ကျပြီး လက်ရှိစိုက်ပျိုးမြဲမြေများအတွင်း စက်ရုံနယ်နိမိတ်ကျောက်တိုင်အသစ်များ စိုက်ထူခံနေရခြင်းကြောင့် တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်နေရပါကြောင်း၊ သို့သော် ဖြူစင်ရိုးသားသည့် ဒေသခံတောင်သူများသည် သိမ်းဆည်းမြေများနှင်‌့ ပတ်သက်၍ နိုင်ငံတော်မှ အနာဂတ်နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် လိုအပ်ကြောင်း သိမ်းဆည်းခြင်းဖြစ်နိုင်သည်ဟု ယူဆ၍လည်းကောင်း၊ နိုင်ငံတော်မှ အချိန်တန်လျှင် သိမ်းဆည်းမြေများအပေါ် နစ်နာမှုမရှိအောင် ကူညီဆောင်ရွက်ပေးလိမ့်မည်ဟု မျှော်လင့်ယုံကြည်နေကြပါကြောင်း၊ သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် မျှားပိုင်ကျေးရွာအုပ်စုအတွင်း တည်ဆောက်ခဲ့သည့် ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ-၂၄) သိမ်းဆည်းခဲ့သည့်မြေများနှင့် ပတ်သက်ပြီး ဖော်ပြခဲ့သည့် ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေသိမ်းဆည်းခံရခြင်းအပေါ် ထိုက်သင့်သည်လျော်ကြေးများ ထပ်မံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း၊ မြေစာရင်းပုံစံ(၇) ရရှိပြီး တောင်သူများ လက်ရှိစိုက်ပျိုးမြေအတွင်း စက်ရုံနယ်နိမိတ်အဖြစ် သတ်မှတ်စိုက်ထူခဲ့သော အုတ်တိုင်အသစ်များအပါအဝင် စက်ရုံဧရိယာကို ဥပဒေနှင်‌့အညီ ပြန်လည်ပြင်ဆင်ပြောင်းရွှေ့ သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည်‌့အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ၏ တပ်ပိုင်မြေသိမ်းဆည်းခြင်းတွင် ဦးပိုင် ပေါက်မြေ လယ်မြေ ၁၃၁ ဧက၊ ယာမြေ ၃၀၆၆ ဧကနှင်‌့ ကိုင်းကျွန်းမြေ ၂၀၇ ဧက စုစုပေါင်း ၃၄၀၄ ဧကကိုသိမ်းဆည်းခဲ့ပြီး ၂၀၁၁ ခုနှစ်က မြေလျော်ကြေးငွေ ၁၇၄၂၁၆၇၂ ကျပ် ပေးလျော်ခဲ့ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်ခြင်းမရှိသည့် နေရာများနှင့် စက်ရုံများ၏ လုံခြုံရေးမထိခိုက်သောနေရာများရှိ လယ်ယာမြေ ၂၈၁၈.၁၆ ဧကကို ပတ်ဝန်းကျင် ကျေးရွာများမှ တောင်သူများ ငွေကြေးတစ်စုံတစ်ရာရယူခြင်းမရှိဘဲ အခမဲ့ နှစ်စဉ်စိုက်ပျိုး လုပ်ကိုင်စေလျက်ရှိသဖြင့် ထပ်မံလျော်ကြေးပေးရန် အစီအစဉ်မရှိပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ စက်ရုံမှူးသည် ပေါက်မြို့နယ်၊ မြေစာရင်းဦးစီးဌာနတွင် တာဝန်ရှိသူများနှင့်အတူ စက်ရုံနယ်နိမိတ်အဖြစ် သတ်မှတ်စိုက်ထူခဲ့သည့် အုတ်တိုင်များအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာ တပ်ပိုင်မြေအတွင်း ပါဝင်ခဲ့သည့် လယ်မြေ ၈.၂၁ ဧက၊ ယာမြေ ၁၅၁.၅၄ ဧက၊ ကိုင်းမြေ ၂၈.၅၉ ဧက စုစုပေါင်း ၁၈၈.၃၄ ဧကသည် မြို့နယ်မြေစာရင်းဦးစီးဌာန၏ မှားယွင်းမှုကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး စက်ရုံနယ်နိမိတ် ကျောက်တိုင်များတွင် မှားယွင်းမှုမရှိပါသဖြင့် သက်ဆိုင်ရာ မြေယာစီမံခန့်ခွဲမှုကော်မတီနှင့် ညှိနှိုင်း၍ ပြန်လည်ပယ်ဖျက်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စက်ရုံ၏ လုံခြုံရေးမထိခိုက်သည့် နေရာများတွင် တောင်သူများကို အခမဲ့စိုက်ပျိုးခွင့်ပေးထားသောကြောင့် တပ်နယ်နိမိတ် ကျောက်တိုင်များကိုလည်း ပြန်လည်ပြင်ဆင်ရွှေ့ပြောင်ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 ဦးခင်မောင်ညို (ပေါက်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

အဆိုပါ မြေစာရင်းပုံစံ(၇)ကို မြို့နယ် မြေစာရင်းဌာနက မှားယွင်းသည်ဟု ဖြေကြားသွားသည်ကို တွေ့ရပါကြောင်း၊ ထိုမြေစာရင်းပုံစံ (၇) များကို ထုတ်ပေးမည်ဆိုလျှင် မြို့နယ်မြေစာရင်းဌာနများက သေချာစွာစစ်ဆေးပြီးမှသာ ထုတ်ပေးမည်ဖြစ်သောကြောင့် တောင်သူ များသည် မြေစာရင်းပုံစံ ၇၊ လုပ်ကိုင်ခွင့်ပုံစံ ၇ လည်းရရှိပြီးမှ ၎င်းကာကွယ်ရေးပစ္စည်းစက်ရုံက ပြန်လည်သိမ်းယူခဲ့ခြင်းမှာ ဥပဒေနှင့် ညီညွတ်မှုရှိ/မရှိနှင့် သိမ်းဆည်းမြေများနှင့်ပတ်သက်၍ သိမ်းဆည်းခံ တောင်သူများအပေါ် ကာကွယ်ရေးဝန်ကြီးဌာနအနေနှင့် အခြားနည်းလမ်းများဖြင့် ထပ်မံကူညီရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်

ယခုအချိန်တွင် မိမိတို့အနေဖြင့်  ပြန်လည်တိုင်းတာသည့်အခါ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့၌ ဖြေကြား ပြီး ဖြစ်ပါကြောင်း၊ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ၊ စက်ရုံမှူးလည်းပါဝင်ပါကြောင်း၊ ပေါက်မြို့နယ် မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သည့်အတွက် တပ်မြေအဖြစ်သာ ပြန်လည်ပြီး လုပ်ကိုင်ထားပါကြောင်း၊ လိုအပ်သည်များကိုလည်း ဥပဒေအရ ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိသည့်အပိုင်းများကို မိမိတို့ ယခုအချိန်တွင် ဖြေကြားရန် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒုတိယဥက္ကဋ္ဌ က အကြံပြု ပြောကြားသွားပါသည်။

မြေသိမ်းဆည်းမှုများနှင့် ပတ်သက်၍ အမျိုးမျိုးသော ဒွိဟများ ဖြစ်နေသည့်ကြားတွင် တပ်မတော်က သိမ်းယူခြင်းမှာ မှန်ကန်ပါကြောင်း၊ သို့သော် မြေစာရင်းဦးစီးဌာန၏ မြေပုံစံ(၇) ထုတ်ပေးခြင်းသည် မှားယွင်းစွာထုတ်ပေးခြင်းကို ကြားရသည်မှာ မကောင်းပါကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် ယခုကဲ့သို့ မှားယွင်းပါက အားလုံးယုံကြည်မှုများ ကင်းကွာလာမည်ဖြစ်သည့်အတွက် တတ်နိုင်ပါက သက်ဆိုင်ရာ မြေစာရင်းများနှင့် ညှိနှိုင်းပြီး မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရန်လည်း တစ်ဆင့်ညွှန်ကြားပေးရန် အကြံပြုပြောကြားသွားပါသည်။