(ဆ)-အုတ်တွင်းမြို့နယ်၊ အခြေခံပညာ အထက် တန်းကျောင်းတွင် ကျောင်းဆောင်သစ် ဆောက် လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေး ခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၆)ရက်မြောက်နေ့ (၂.၆.၂၀၁၅)

ဦးညီညီမြင့်(အုတ်တွင်း မဲဆန္ဒနယ်)ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်အခြေခံပညာ အထက်တန်းကျောင်းတွင် စုစုပေါင်း ကျောင်းသား/သူ ၂၄၁၉ ဦး ပညာသင်ကြားလျက်ရှိပြီး ကျောင်းဆောင်အနေဖြင့် ၈ ဆောင်ရှိပါကြောင်း၊ အလယ်တန်းကျောင်းတွင် စုစုပေါင်း ကျောင်းသား ၁၃၈၉ ဦး သင်ကြားလျက်ရှိပြီး စာသင်းခန်းဖြင့် ၁၈ ခန်းသာရှိပါကြောင်း၊ အထက်ပါ ကျောင်းသည် မြို့ပေါ်ရပ်ကွက် ၆ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၁၃ရွာမှ ပြည်သူလူထုများ၊ ကျောင်းသားကျောင်းသူများ မှီခိုနေသောကျောင်းဖြစ်ပါသည်။ ထို့ကြောင့် တိုးပွားလာသည့် လူဦးရေနှင်‌့အညီ ကျောင်း‌သားများ၊ စာသင်ခန်းအတွင်း ကြပ်ညှပ်ပြီးပညာသင်ကြား နေရသည့်အတွက် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်းပညာရေး ဝန်ကြီးဌာနအနေဖြင့် ကျောင်းဆောင်များအသစ်တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အပြီးသတ် ဆောက်လုပ်ခြင်းများနှင့် ပတ်သက်၍ ဘဏ္ဍာရေးစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တွင် အန္တရာယ်ရှိကျောင်း ၇ ကျောင်း၊ မြို့နယ်မှတင်ပြသောကျောင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ တင်ပြခဲ့သောကျောင်း၊ ဌာနဆိုင်ရာ ကွင်းဆင်း စစ်ဆေးချက်အရ ကျောင်းဆောင်သစ်ဆောက်လုပ်ရန် လိုအပ်သည်‌့ ကျောင်း ၂ ကျောင်း၊ မူကြို ကျောင်းဆောင်တစ်ဆောင် စုစုပေါင်းအခြေခံပညာကျောင်း ၁၀ ကျောင်းအတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ်အောက်မှ ငွေကျပ် ၃၁၃.၂၀ သန်းကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြို့နယ်ဦးစားပေးအစီအစဉ် ကျောင်းအလိုက် တန်းစီဇယားအရ ခွဲဝေပေးပြီးဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ်အောက်တွင် ပါရှိခြင်းမရှိသည်‌့ စိစစ်သတ်မှတ်ပြီး အန္တရာယ်ရှိကျောင်းများ၊ ဥပဓိရုပ်မကောင်းသည်‌့ ကျောင်းများနှင့် ထပ်မံတိုးလာမည်‌့ ကျောင်းများအား ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစ၍ မြို့နယ်ဦးစားပေးအစီအစဉ် ကျောင်းအလိုက် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခု အုတ်တွင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ပေးရန် လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။