မူဆယ်မြို့နှင့် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့အကြား နယ်နိမိတ်ဖြတ်ကျော် ဝင်/ထွက်ဂိတ်ပေါက် သုံးပေါက်ဖွင့်လှစ်ထားရှိရာတွင် မှန်ဝိန်းဂိတ်မှ ကုန်ကားအဝင်/ထွက်နှင့် ကျန်အဝင်/ထွက်ပေါက်နှစ်ခုကို နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှုများ၊ သွားလာရေးခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ယခုအခါ မူဆယ်မြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဒေသန္တရဖွံ့ဖြိုးရေး စီမံကိန်းကော်မတီမှ အကျိုးတူပူးပေါင်း အကောင်အထည်ဖော် ဆောင်နေသည့် မူဆယ်ဗဟိုစီးပွားရေးဇုန်ကို မကြာခင် ဖွင့်လှစ်တော့မည်ဖြစ်ပါကြောင်း၊ ထိုအခါ ပြည်ပဧည့်သည်များစွာလည်း နယ်စပ်ဖြတ်ကျော်သွားလာရမည့် အလားအလာရှိနေပါကြောင်း၊ ဒါ့အပြင် ခရီးသွားလာရေး အဆင်ပြေဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ၆-၁-၂၀၁၅ ရက်နေ့တွင် အိတ်ဖွင့်တင်ဒါခေါ်ယူပြီး မူဆယ်တွင် လေယာဉ်ကွင်း တစ်ခုတည်ဆောက်ရန် ဆောင်ရွက်နေပါကြောင်း၊ အနာဂတ်ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်/ထွက်ပေါက် ဂိတ်တစ်ခု ထပ်မံဖွင့်လှစ်ရန် အထူးလိုအပ်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံမှလည်း BP ၈၂၊ ၈၃ ကြား တော်ရွက်ရပ်ကွက်၊ ဟိုဆောင်နယ်မြေနယ်စပ်တွင် နယ်စပ်ဝင်/ထွက်ဂိတ်တစ်ခု ထပ်ဖွင့်လှစ်ရေးအတွက် ဒေသအဆင့် အဆိုပြုတင်ပြထားကြောင်းလည်း သိရှိရပါသည်။
သို့ဖြစ်ပါ၍ တရုတ်- မြန်မာနယ်စပ်ဖြတ်ကျော်ကူးသန်းသွားလာသူများ လွယ်ကူအဆင်ပြေစေရန် တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်စေရန်အတွက် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ ဟိုဆောင်နယ်မြေတွင် အပြည်ပြည် ဆိုင်ရာနယ်စပ်ဝင်/ ထွက်ပေါက်တစ်ခု ထပ်မံဖွင့်လှစ်ပေးရန် မည်သို့စီမံဆောင်ရွက် ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ ဟိုဆောင်နယ်မြေသည် မြန်မာ-တရုတ်နယ်နိမိတ် မှတ်တိုင်အမှတ် ၈၃ နှင့် ရွှေလီမြစ်အကြား တည်ရှိပါကြောင်း၊ ကျယ်ဂေါင်ဒေသရှိ နယ်နိမိတ်မှတ်တိုင် ၈၃ နှင့် ရွှေလီမြစ်ဒေသအကြားတွင် ပြည်ဝင်/ထွက်ဂိတ် ဖွင့်လှစ်လိုပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့ပြည်သူ့အစိုးရမှ အဆိုပြုလာမှုအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့သည့်အတွက် ပြည်ဝင်/ထွက်ဂိတ် ဖွင့်လှစ်မည်ဆိုပါက မိမိနိုင်ငံအတွက် ရရှိမည့်အကျိုးအပြစ်တို့အား လေ့လာသုံးသပ်၍ ဆက်လက်ဆောင်ရွက်နိုင် ရန် နယ်စပ်ဂိတ်ဖွင့်လှစ်ခြင်းနှင့် သက်ဆိုင်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ သဘောထားမှတ်ချက်များ တောင်းခံပြီး ၃-၄-၂၀၁၄ ရက်နေ့ဖြင့် နိုင်ငံတော်သမ္မတရုံးသို့ ပြန်လည်တင်ပြခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရမှ လည်း နယ်နိမိတ်မှတ်တိုင်အမှတ် ၈၃ ပြည်ဝင်/ထွက်ဂိတ်ကို ဖွင့်လှစ်ခွင့်ပြုပါက ယဉ်ဝင်/ထွက် စနစ်တကျရှိလာမည့် အပြင် တစ်ဖက်နိုင်ငံနှင့် သယ်ယူပို့ဆောင်ရေး၊ ကူးသန်းရောင်းဝယ်ရေး လွယ်ကူသက်သာစေမည် ဖြစ်ပါကြောင်းကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခဲ့မှုရှိခဲ့ပါသည်။ လေ့လာသုံးသပ် တင်ပြမှုများအရ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ တင်ပြစာအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နှစ်ဘက်ညှိနှိုင်းရန် လမ်းညွှန်ထားမှု ရှိပါကြောင်း၊
အဆိုပါနယ်စပ်ဂိတ် ဖွင့်လှစ်လိုသည့်နေရာတွင် လက်ရှိတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် New Star Light ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်တို့မှ အကျိုးတူပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည့် မူဆယ်ဗဟို စီးပွားရေးဇုန် စီမံကိန်းဇုန်(၁) ဧရိယာအတွင်းတွင် တည်ရှိပါကြောင်း၊ Border Gate နှင့် Immigration Check Point အဆောက်အဦကို တည်ဆောက်ရေးကုမ္ပဏီမှ ဆောက်လုပ်လှူဒါန်းမည် ဖြစ်ကြောင်းသိရှိရပြီး ယခု လက်ရှိဖွင့်လှစ်ထားသော ဟိုဆောင်ကင်းစခန်းနှင့် ၁ဖာလုံသာ ကွာဝေးကြောင်း သိရှိရပါသည်။ အဆိုပါ နယ်စပ်ဂိတ် ဖွင့်လှစ်လိုသည့် နယ်နိမိတ်မှတ်တိုင်အမှတ် ၈၂ နှင့် ၈၃ အကြား နယ်နိမိတ်မျဉ်းသွယ်တန်းမှုကို (၂၀-၁၀-၂၀၁၁) မှ (၂၀-၁၀-၂၀၁၁) ရက်နေ့ အထိလည်းကောင်း၊ (၇-၉-၂၀၀၄) မှ (၁၁-၉-၂၀၀၄) ရက်နေ့ အထိလည်းကောင်း ပူးတွဲကွင်းဆင်း စစ်ဆေးခဲ့ပြီး အဆိုပါနယ်နိမိတ်မှတ်တိုင် နှစ်တိုင်ကြားတွင် တရုတ်နိုင်ငံဘက်မှ တည်ဆောက်ထားသည့် ခြံစည်းရိုးကို နှစ်နိုင်ငံနယ်နိမိတ်မျဉ်းမှ တစ်ဖက်တစ်ချက်စီ အခိုင်အမာအဆောက်အဦ မဆောက်လုပ်ရ ဇုန် ၁၀ မီတာအတွင်းသာမက နယ်နိမိတ်မျဉ်းကိုကျော်၍ မြန်မာပိုင်နယ်နိမိတ် အတွင်းသို့ ကျူးကျော်ကျရောက်နေကြောင်း၊ ထိုသို့ကျော်လွန်နေသည့် အစိတ်အပိုင်းများကို ဖယ်ရှားဖျက်ပေးရန် တရုတ်နိုင်ငံဘက်သို့ သံတမန်လမ်းကြောင်းမှတစ်ဆင့် (၂၉-၁၁-၂၀၁၁) ရက်နေ့နှင့် (၁၆-၁၂-၂၀၁၄) ရက်နေ့တို့တွင် အကြောင်းကြား ကန့်ကွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ တရုတ်ဘက် ခြံစည်းရိုးကျူးကျော်နေခြင်းကို ဦးစွာဖြေရှင်းခြင်းမပြုဘဲ ဝင်/ထွက်ဂိတ် ဖွင့်လှစ်ခွင့်ပြုပါက တရုတ်နိုင်ငံဘက်မှ ခြံစည်းရိုးကျူးကျော်နေခြင်းကို အသိအမှတ် ပြုသလိုဖြစ်နေပြီး မြန်မာပိုင်နယ်မြေများ ဆုံးရှုံးနိုင်ပါကြောင်း၊
မြန်မာဘက်သို့ ကျူးကျော်နေသည့် ခြံစည်းရိုးနှင့် အဆောက်အဦ မဆောက်လုပ်ရ ဇုန် ၁၀ မီတာ အတွင်းကျရောက်နေသည့် ခြံစည်းရိုးအားလုံးကို နယ်နိမိတ်စာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တရုတ် ဘက်မှ ဖျက်သိမ်းပေးပြီး အဆိုပါဒေသရှိ နယ်နိမိတ်မျဉ်းကြောင်းနှင့် ယင်းနယ်နိမိတ်မျဉ်း၏ တစ်ဖက်တစ်ချက် အဆောက်အဦ မဆောက်လုပ်ရ ဇုန် ၁၀ မီတာနေရာကို နှစ်နိုင်ငံဗဟိုအဆင့် မြေတိုင်းကျွမ်း ကျင်သူများမှ ပူးတွဲကွင်းဆင်း တိုင်းတာသတ်မှတ်ပြီးမှ ဝင်/ထွက်ပေါက်ဂိတ် ဖွင့်လှစ်ရေးကို စဉ်းစားသင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဟိုဆောင်နယ်မြေတွင် နယ်စပ်ဂိတ်ဝင်/ထွက်ပေါက်တစ်ခု ထပ်မံဖွင့်လှစ် ပေးရန်ကိစ္စတွင် ကုန်သွယ်မှုကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ များအပါအဝင် နှစ်နိုင်ငံနယ်နိမိတ် ညှိနှိုင်းရေး ကိစ္စရပ်များလည်း ယခုထက်တိုင် သဘောတူညီမှု မရရှိပါသဖြင့် နိုင်ငံရေး၊ ကာကွယ်ရေးကဏ္ဍဆိုင်ရာ အရေးကြီးသည့် ကိစ္စရပ်ဖြစ်၍ နယ်နိမိတ်ညှိနှိုင်းရေး ကိစ္စအား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပြီးပြတ်အောင် ညှိနှိုင်းဆောင်ရွက်၍ သဘောတူညီချက်ရရှိပြီးမှသာ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
