၁၉၇၆ ခုနှစ်မှစပြီး မြန်မာနိုင်ငံ တရုတ်တိုင်းရင်းဆေး သမားတော်များအဖွဲ့ကို အဖွဲ့ဝင် ၁၀၀ ကျော်ဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဦးအောင်ချီက ဆောင်ရွက်ပါကြောင်း၊ ၂၀၀၈ ခုနှစ်တွင် အကျိုးအမြတ်များစွာ ရရှိပြီး ဥက္ကဋ္ဌအနေဖြင့် စာရင်းမရှင်းခဲ့ပါကြောင်း။ အဖွဲ့ပိုင် အဆောက်အဦကိုလည်း ၎င်းပိုင်ဆိုင်ခွင့်ရရန်အတွက် မသမာဆောင်ရွက်မှုများ ပြုလုပ်ထားသည်ကို တွေ့ရှိရပါကြောင်း၊ အများပိုင်ငွေကြေးများကိုလည်း အလွဲသုံးစားပြုလုပ်ထားပြီး ဆေးကုသခွင့်လက်မှတ်ကိုလည်း ထုတ်ပေးထားပါကြောင်း၊ ထို့ကြောင့် အဖွဲ့ကိုယ်စား ဦးအောင်ကျော်ရင်ပါ ၅ ဦးက ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့ရာ ယင်းကိစ္စကို စသုံးလုံးက စစ်ဆေးပါကြောင်း၊ တိုင်ကြားမှုမှန်ကန်သည့်အတွက် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၉ အရ အမှု ၅ မှုဖွင့်ပြီး တရားစွဲရာ မြို့နယ်ရုံးမှ ၁ မှုလျှင် တစ်နှစ်ခွဲနှင့် စုစုပေါင်း ၅ မှုအတွက် ၇ နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခဲ့ပါကြောင်း၊ သို့သော် တရားခံ ဦးအောင်ချီက အယူခံအဆင့်ဆင့်တက်ရောက်ခဲ့သည့်အတွက် အနောက်ပိုင်းခရိုင်၊ ရန်ကုန်တိုင်း ရုံးအဆင့်ဆင့်က မြို့နယ်ဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့သော်လည်း လက်ရှိ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ေပြောင်းပြန်ပယ်ဖျက်ပြီး အမှုမှ လွှတ်ပေးခဲ့ပါကြောင်း။
ဦးအောင်ချီသည် အမှုမှ လွတ်မြောက်ခဲ့သည့်အခါ ဦးအောင်ကျော်ရင်ပါ ၅ ဦးကို တရားမနစ်နာကြေး ကျပ်သိန်းငါးထောင် ရလိုမှုဖြင့် ပြန်လည်တရားစွဲခဲ့ပါကြောင်း၊ အမှုဖြစ်စဉ်မှာ ဦးအောင်ချီကို တရားစွဲခဲ့သူက အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စသုံးလုံးဦးစီးမှူး ဦးအောင်မိုးက အမှုစစ်ဆေးပြီးမှ တရားစွဲဆိုခဲ့ခြင်း ဖြစ်ပြီး ဦးအောင်ကျော်ရင်တို့အဖွဲ့က စွဲဆိုခဲ့ခြင်းမဟုတ်ပါကြောင်း၊ ထို့ကြောင့် ခရိုင်တရားရုံးက ဦးအောင်ချီ၏ တရားမမှုနှင့် ပြန်စွဲတာကို ပလပ်ခဲ့ပါကြောင်း၊ သို့သော် ယင်းအမှုကို ရန်ကုန်တိုင်းတရားရုံးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့က ခရိုင်အမိန့်ကို ပယ်ဖျက်ပြီး ဦးအောင်ချီကို အသာပေးခဲ့ပါကြောင်း၊ တရားမမှုစွဲဆိုခြင်းမှာ ပြည်ထဲရေးနှင့် စသုံးလုံးတို့ ၁-၆-၂၀၀၈ ရက်နေ့က တိုင်ကြားခဲ့သည့် သတင်းပေးပို့ချက်အပေါ်မှာ မှီငြမ်းပြုပြီးမှ စွဲဆိုထားသည်ကို တွေ့ရပါကြောင်း၊ ထိုသို့ တိုင်စာကို ဥက္ကဋ္ဌဟောင်း ဦးအောင်ချီက မည်သည့်နည်းဖြင့် ရယူခဲ့သည်မှာ အမှုအတွက် များစွာအရေးကြီးသည့်အပြင် နောင်တွင်လည်း လျှို့ဝှက်ထားရမည့် စာရွက်ကို မရိုးမသား ရယူပြီး တရားဥပဒေစိုးမိုးမှုအတွက် ထိခိုက်စေမှုများ ဆက်လက်ကျူးလွန်လာနိုင်ပါကြောင်း။ သို့ဖြစ်ပါ၍ (၁) စသုံးလုံးရုံးစာကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားမကြီးမှုအမှတ် ၁၁၇၂/၂၀၁၁ တွင် တင်သွင်းထားသည်ကို စသုံးလုံးရုံးက သိရှိခြင်း ရှိ/မရှိ၊ သတင်းပေးသူ၏ တိုင်ကြားစာကို စသုံးလုံးသည် လျှိုဝှက်ထားရန် တာဝန်ရှိသည်ကို သိရှိခြင်းရှိ/မရှိ၊ အပြင်သို့ရောက်ရှိသွားသော ရုံးတွင်းစာအတွက် မည်သူ့တွင် တာဝန်ရှိသည်နှင့် ရန်ကုန်တိုင်းဒေသကြီး တရားရုံး၏ စာမူတွဲအမှတ် ၂၈/၂၀၁၄ နှင့် တရားလွှတ်တော်ချုပ် အမှုတွဲအမှတ် ၇၉/၂၀၁၅ တို့၏ စီရင်ချက်များသည် မျှတမှန်ကန်မှုရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းပါအမှုများ စတင်ဖြစ်ပွားပုံမှာ ဦးအောင်ကျော်ရင်ပါ ငါးဦးတို့က ၁-၁-၂၀၀၈ ရက်စွဲပါစာအမှတ်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ရုံးကို လိပ်မူပြီးတော့ ဦးအောင်ချီသည် ၎င်းဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ၁၉၉၄ ခုနှစ်မှစ၍ အဖွဲ့၏ စည်းမျဉ်းစည်းကမ်းအရ အစုရှယ်ယာများအတွက် တစ်နှစ်တစ်ကြိမ် ငွေစာရင်းရှင်းတမ်းပြုလုပ်ပေး ရမည်ဖြစ်သည့်အတွက် ပြုလုပ်ပေးမှုမရှိခြင်း၊ ဦးအောင်ချီအား လသာမြို့နယ်၊ မဟာဗန္ဓုလလမ်း၊ အမှတ် (၆၅၄) ရှိ အဖွဲ့ပိုင် တရုတ်ဘယဆေးဆိုင် မန်နေဂျာအဖြစ် ဆောင်ရွက်ပြီး နိုင်ငံတော်မှ အသိအမှတ်ပြုသည့် ဆေးဆရာသင်တန်းကို ဖွင့်လှစ်ခြင်းမပြုဘဲ ဆေးဆရာလုပ်လိုသူတစ်ဦးလျှင် ၎င်း၏ ဆန္ဒဖြင့် ငွေ ၁၀၀၀၀ ကျပ်နှင့် အထက်ရယူပြီး တရုတ်တိုင်းရင်းဆေးလက်မှတ် ၇၀၀ ကျော်ကို ထုတ်ပေးခဲ့ကြောင်း တိုင်ကြားခဲ့ပါကြောင်း၊ တိုင်ကြားစာများအပေါ် ပြည်ထဲရေးဝန်ကြီးဌာနမှ ၁၄-၇-၂၀၀၈ ရက်စွဲပါစာအမှတ်ဖြင့် တိုင်စာဖြင့် တာဝန်ပေးချက်အရ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တာဝန်ယူစစ်ဆေးခဲ့သည့် အမှုများဖြစ်ပါကြောင်း။
စုံစမ်းစစ်ဆေးချက်များအရ မြန်မာနိုင်ငံတရုတ်တိုင်းရင်းသမားတော်များအဖွဲ့ကို ၁၉၇၆ ခုနှစ်တွင် တရုတ်ဆေးဆရာများဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ၎င်းအဖွဲ့မှာ အလုပ်အမှုဆောင်အဖွဲ့ကို တရုတ်လူမျိုး ဓလေ့ထုံးစံအရ ယုံကြည်စိတ်ချရသူများအဖြစ် ဆောင်ရွက်စေခဲ့ကြောင်း၊ ဦးအောင်ချီသည် အဖွဲ့ဥက္ကဋ္ဌနှင့် တရုတ်ဘယဆေးဆိုင်မန်နေဂျာအဖြစ် ဆောင်ရွက်နေစဉ်အတွင်း ဆိုင်ဝန်ထမ်းများအား လစာပေးရာတွင် အမေရိကန်နိုင်ငံ၌ ပညာသင်ကြားနေသော ၎င်း၏ မယားပါသမီး မယမင်းရွှေ(ခေါ်) ကျင်းကျင်း အမည်ဖြင့် ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ် သြဂုတ်လအထိ စုစုပေါင်းလစာငွေ ၂၁၄၀၀၀ ကျပ်တိတိကို ထုတ်ယူ၍ ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါကြောင်း၊ ပေါ်ပေါက်ချက်အရ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးအောင်ချီအား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၉ ဖြင့် ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိကို တစ်နှစ်စီအတွက် အမှု ၅ မှုခွဲ၍ ၃၀-၄-၂၀၀၉ ရက်နေ့တွင် လသာမြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့ပါကြောင်း၊ ၎င်းအမှုများကို မြို့နယ်တရားရုံးမှ ပြစ်မှုကြီး အမှတ်(၁၉၁/၂၀၀၉) မှ (၁၉၅/၂၀၀၉) အထိဖြင့် လက်ခံကြားနာစစ်ဆေးပြီး ၃၁-၁၂-၂၀၀၉ ရက်နေ့တွင် ဦးအောင်ချီအား အလုပ်နှင့် ထောင်ဒဏ် ၁ နှစ် ၆ လစီ စုစုပေါင်းအမှု ၅ မှုအတွက်ကို စုစုပေါင်း ထောင်ဒဏ် ၇ နှစ် ၆ လ ကျခံစေရန် သက်သေခံငွေ ၂၁၄၀၀၀ ကျပ်တိတိကို မြန်မာနိုင်ငံတရုတ် တိုင်းရင်းသမားတော်များအဖွဲ့သို့ လွှဲပြောင်းပေးစေရန် အမိန့်ချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း။
တရားရုံးအမိန့်အပေါ် ဦးအောင်ချီက ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး တရားရုံးများသို့ အယူခံမှုနှင့် ပြင်ဆင်မှုများ တက်ရောက်ခဲ့ရာ တရားရုံးများက ပလပ်ခဲ့ပါကြောင်း၊ ဆက်လက်၍ တရားရုံးချုပ်(ရန်ကုန်)သို့ ပြင်ဆင်မှုတက်ရောက်ခဲ့ရာ ၂၅-၁၀-၂၀၁၀ ရက်နေ့တွင် တရားရုံးချပ်က ဦးအောင်ချီအား တရားသေလွှတ်ရန် အမိန့်ချမှတ်ခဲ့ပါကြောင်း၊ ယင်းအမိန့်အပေါ် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်စုံညီခုံရုံးသို့ အထူးအယူခံမှုများ တက်ရောက်ခဲ့ရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ၃၁-၁၀-၂၀၁၁ ရက်နေ့တွင် အယူခံမှုများကို ပလပ်၍ ဦးအောင်ချီအား တရားသေလွှတ်သည့်အမိန့်ကို အတည်ပြုခဲ့ပါကြောင်း၊ အဆိုပါအမှုများအား လသာမြို့နယ် တရားရုံး၌ စစ်ဆေးနေစဉ် ၂၁-၆-၂၀၀၉ ရက်နေ့တွင် တိုင်ကြားသူ ဦးအောင်ကျော်ရင်က အစုရှယ်ယာဝင် ၄၅ ဦး၏ ကိုယ်စားလှယ်လွှဲစာဖြင့် အဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဦး၊ ဘဏ္ဍာရေးမှူး ဦးဝင်းရွှေနှင့် ပူးပေါင်း ပါဝင်သူများသည် အဖွဲ့ပိုင်ဘယဆေးဆိုင်မှ ငွေကြေးများကို အလွဲသုံးစားပြုလုပ်နေသည့်အတွက် အရေးယူပေးရန် လသာမြို့နယ်ရဲတပ်ဖွဲ့စခန်းကို ဆက်လက်တိုင်ကြားခဲ့ပါကြောင်း၊ ၎င်းအမှုကို ရဲတပ်ဖွဲ့စခန်းမှ (ပ)သတင်းချက်အမှတ် (၂၅၁/၂၀၀၉) ဖြင့် စစ်ဆေး၍ မြို့နယ်တရားရုံး၌ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၉ ဖြင့် တရားစွဲဆိုခဲ့ကြောင်း၊ တရားရုံးမှ ပြစ်မှုကြီးအမှတ် (၂၇၉/၂၀၀၉) ဖြင့် ကြားနာခဲ့ကြောင်း၊ ယင်းအမှုတွင် ဦးအောင်ကျော်ရင်က ဦးအောင်ချီအား နောက်တိုးတရားခံအဖြစ် ထည့်သွင်းလျှောက်ထားခဲ့ရာ ၂၃-၁၀-၂၀၁၀ ရက်နေ့တွင် တရားရုံးမှ ခွင့်ပြုခဲ့ခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါကြောင်း။
ထို့အပြင် ဦးအောင်ကျော်ရင်မှ ဦးအောင်ချီနှင့် အလုပ်အမှုဆောင်များသည် ၁၉၉၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ၁၄ နှစ်ကာလအတွင်း ငွေစာရင်းရှင်းလင်းခြင်း၊ အစည်းအဝေးခေါ်ယူခြင်းမရှိဘဲ စာရင်းဖျောက်ဖျက်ခြင်း၊ ဘောင်ချာများ ဖျက်ဆီးခြင်းများပြုလုပ်၍ ကိုယ်ကျိုးအလွဲသုံးစားပြုလုပ်ကြောင်း ၃၀-၁-၂၀၁၀ ရက်နေ့တွင် လသာမြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ ထပ်မံတိုင်ကြားခဲ့ပါကြောင်း၊ ၎င်းအမှုကို ရဲတပ်ဖွဲ့စခန်းမှ (ပ)သတင်းချက် အမှတ်(၃၆၂/၂၀၁၀)ဖြင့် စုံစမ်းစစ်ဆေး၍ မြို့နယ်တရားရုံး၌ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၉ ဖြင့် တရားစွဲဆိုခဲ့ရာ တရားရုံးမှ ပြစ်မှုကြီးအမှတ်(၁၈/၂၀၁၁) ဖြင့် လက်ခံကြားနာစစ်ဆေးခဲ့ကြောင်း၊ အဆိုပါအမှုများအား စစ်ဆေးနေစဉ် ဦးအောင်ချီမှ ၁-၁-၂၀၀၈ ရက်စွဲဖြင့် ဦးအောင်ကျော်ရင်ပါ ၅ ဦးမှ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးအောင်စောဝင်းထံ လိပ်မူပေးပို့သော တိုင်ကြားစာ မိတ္တူကို ပူးတွဲတင်ပြ၍ ၎င်းအပေါ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တရားစွဲဆိုခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ ပုဒ်မခွဲ (က) အရ အမှုချေဖျက်ပေးရန် ၄-၈-၂၀၁၁ ရက်နေ့တွင် လျှောက်ထားခဲ့ပါကြောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်မှ ပြစ်မှုဆိုင်ရာ အထွေထွေအမှုအမှတ်(၄၄/၂၀၁၁) ဖြင့် လက်ခံ၍ ပြစ်မှုကြီးအမှတ် (၁၈/၂၀၁၁) ကို ချေဖျက်ကြောင်း အမိန့်ချမှတ်ခဲ့သောကြောင့် ဦးအောင်ချီသည် အမှုမှ တရားရှင်လွတ်မြောက်ခဲ့ကြောင်း၊ သို့ရာတွင် တိုင်ကြားသူ ဦးအောင်ကျော်ရင်မှ ၎င်းအမိန့်ကို ပြင်ဆင်ပေးရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ပြင်ဆင်မှု အမှတ် (၁၈၁(ခ)/၂၀၁၁) အရ လျှောက်ထားခဲ့ရာ ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ ၁၃-၂-၂၀၁၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၏ အမိန့်ကို ပယ်ဖျက်၍ အမှုအား ဥပဒေနှင့်အညီ ဆက်လက်စစ်ဆေးရန် အမိန့်ချမှတ်ခဲ့ကြောင်း၊ ၎င်းအမိန့်အရ တရားခံ ဦးအောင်ချီအပေါ် လသာမြို့နယ်တရားရုံးမှ ပြစ်မှုကြီးအမှတ် (၁၅၃/၂၀၁၂) ဖြင့် ၆-၆-၂၀၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး တရားခံအား အာမခံမပေးဘဲ စစ်ဆေးခဲ့ကြောင်း စိစစ်တွေ့ရှိရပါကြောင်း။
ဦးအောင်ကျော်ရင်၏ တိုင်ကြားမှုများကြောင့် ဦးအောင်ချီမှာ အမှုများအား ရင်ဆိုင်ဖြေရှင်းနေရသဖြင့် အပြန်အလှန်အနေဖြင့် ဦးအောင်ချီ၏သား ဦးမျိုးသန့်သည် အခွင့်ရကိုယ်စားလှယ်အဖြစ် ဆောင်ရွက်၍ ၎င်း၏ဖခင်အား တိုင်ကြားခဲ့သူ ဦးအောင်ကျော်ရင်ပါ ၅ ဦးတို့အပေါ် ဂုဏ်သိက္ခာ ထိခိုက်မှု၊ ဓနငွေကြေး နစ်နာဆုံးရှုံးမှုတို့အတွက် နစ်နာကြေးငွေသိန်း ၅၀၀၀ ရယူလိုကြောင်း ရန်ကုန်တိုင်းတရားရုံး၌ ၂၈-၁-၂၀၁၁ ရက်နေ့တွင် တရားစွဲဆိုခဲ့ရာ တရားရုံးတွင် တရားမကြီးအမှုအမှတ် (၁၀၈/၂၀၁၁)ဖြင့် လက်ခံကြားနာခဲ့ကြောင်း၊ အဆိုပါ တရားမမှုအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၏ စီမံခန့်ခွဲမှုအရ ၂၈-၄-၂၀၁၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးတရားရုံးသို့ အမှုပြောင်းရွှေ့ပေးခဲ့ပြီး တရားမကြီးအမှုအမှတ် (၂၃၁၉/၂၀၁၁)ဖြင့် ဆက်လက်ကြားနာခဲ့ပါကြောင်း၊ ယင်းနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၁၉-၅-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀၀/၂၀၁၁)အရ တရားမကြီးအမှုအမှတ် (၂၃၁၉/၂၀၁၁) ကို ရန်ကုန်တိုင်းဒေသကြီးတရားရုံးမှ အနောက်ပိုင်းခရိုင်တရားရုံးသို့ အမှုပြောင်းရွှေ့စေခဲ့သဖြင့် ၎င်းတရားမမှုအား အနောက်ပိုင်းခရိုင်တရားရုံးမှ တရားမကြီးအမှုအမှတ်(၁၁၇၂/၂၀၁၁)ဖြင့် ဆက်လက်စစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် အနောက်ပိုင်းခရိုင်တရားရုံးမှ ၂၀-၁၂-၂၀၁၃ ရက်နေ့တွင် တရားလို ဦးမျိုးသန့် စွဲဆိုသောအမှုမှာ မနာလိုမုန်းတီး၍ တရားပြိုင်များအပေါ် တရားစွဲဆိုခဲ့သည်ဟု ဆုံးဖြတ်ကာ စရိတ်နှင့်တကွ ပလပ်သည့် အမိန့်ချမှတ်ခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း။
အဆိုပါ ရန်ကုန်တိုင်းတရားရုံး၏ တရားမကြီးအမှုအမှတ်(၁၀၈/၂၀၁၁)တွင် ဦးမျိုးသန့်သည် ဦးအောင်ကျော်ရင်ပါ ၅ ဦးတို့မှ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး အောင်စောဝင်းထံ ၁-၁-၂၀၀၈ ရက်စွဲဖြင့် တိုင်ကြားခဲ့သည့် တိုင်ကြားစာဓာတ်ပုံမိတ္တူကို အားကိုး အားထားပြု စာရွက်စာတမ်းစာရင်းတွင် ထည့်သွင်းတင်ပြအသုံးပြုခဲ့ပြီး တရားရုံးအဆင့်ဆင့် ပြောင်းရွှေ့ရာတွင် အဆိုပါတိုင်ကြားစာ ဓာတ်ပုံမိတ္တူမှာ အမှုတွဲများတွင် ပူးတွဲပါဝင်ခဲ့ပါကြောင်း။
ထိုသို့ အသုံးပြုမှုနှင့်ပတ်သက်၍ ဦးမျိုးသန့်သည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၌သာရှိမည့် လျှို့ဝှက်စာရွက်စာတမ်းဖြစ်သော ၁-၁-၂၀၀၈ ရက်စွဲပါ ဦးအောင်ကျော်ရင်တို့၏ တိုင်ကြားစာများအား အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ ခွင့်ပြုချက်မရဘဲ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၊ တရားမကြီးအမှု အမှတ်(၁၁၇၂/၂၀၁၁)ဖြင့် တင်ပြအသုံးပြုခဲ့သည့်အတွက် ဦးမျိုးသန့်အား အရေးယူပေးပါရန် ဦးအောင်ကျော်ရင်ပါ ၃ ဦးမှ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ ၂၁-၉-၂၀၁၁၊ ၃၀-၉-၂၀၁၃၊ ၁၁-၁၁-၂၀၁၃ ရက်စွဲတို့ဖြင့် ၃ ကြိမ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ ၁၇-၁-၂၀၁၄ ရက်စွဲဖြင့် ၁ ကြိမ် စုစုပေါင်း ၄ ကြိမ် တိုင်ကြားခဲ့ပါကြောင်း။
တိုင်ကြားချက်များနှင့် ပက်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ၁၆-၁၂-၂၀၁၁ ရက်နေ့တွင် စုံစမ်းမှုအမှတ် ၃/၂၀(၂၀-၆၄) ၂၀၁၁/ဦး ၁ ဖြင့်လည်းကောင်း၊ ၂၅-၁၁-၂၀၁၃ ရက်နေ့တွင် စုံစမ်းမှုအမှတ် ၃/၂၀(၂၀-၁၀၅)၂၀၁၃/ဦး ၁ ဖြင့်လည်းကောင်း စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါတရားရုံးသို့ တင်ပြခဲ့သည့် ၁-၁-၂၀၀၈ ရက်စွဲပါ ဦးအောင်ကျော်ရင်တို့၏ တိုင်ကြားစာမိတ္တူမှာ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးအောင်စောဝင်းထံသို့ လိပ်မူထားသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းတိုင်ကြားစာနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးရှိ ၂၀၀၈ ခုနှစ် တိုင်ကြားစာ မှတ်ပုံတင်စာအုပ်တွင်လည်းကောင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (ဗဟိုရုံး)ရှိ ဝင်စာ/ထွက်စာ မှတ်တမ်းများတွင်လည်းကောင်း ဝင်စာရရှိကြောင်း၊ မှတ်တမ်းတင်ထားရှိကြောင်း တွေ့ရှိရခြင်း မရှိကြောင်း၊ ၎င်းတိုင်ကြားစာ ဓာတ်ပုံမိတ္တူတွင် အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာန၏ ဝင်စာ/ထွက်စာမှတ်ပုံတင်အမှတ်များ၊ တာဝန်ရှိသူ အဆင့်ဆင့်တို့၏ ရေးသားမှတ်ချက်များမပါရှိကြောင်း စိစစ်ပေါ်ပေါက်ခဲ့ပါကြောင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ပြည်ထဲရေးဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ ဦးအောင်ချီအပေါ် စုံစမ်းစစ်ဆေးခဲ့စဉ်က အမှုတွဲတွင် ပါဝင်လာသည့် တိုင်ကြားစာတွင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးထံသို့ လိပ်မူသော တိုင်ကြားစာသာဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ တရားမအမှုများ၌ ဦးမျိုးသန့်တင်သွင်းသော တိုင်ကြားစာတွင် အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာနရှိ ဝင်စာမှတ်ပုံတင်များတွင် တိုင်ကြားစာအဖြစ် မှတ်ပုံတင်မှတ်တမ်း မရှိကြောင်းနှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနသို့ ဝင်ရောက်ခဲ့သည့် တိုင်ကြားစာအား မိတ္တူကူး၍ ရောက်ရှိပေါက်ကြားသွားသည့် တိုင်စာမဟုတ်ပါကြောင်း။
အဆိုပါတရားရုံးသို့ တင်ပြထားသည့် တိုင်ကြားစာနှင့်ပတ်သက်၍ စစ်ဆေးခဲ့ရာတွင် ဦးမျိုးသန့်သည် ဖခင်ဖြစ်သူအမှု ရင်ဆိုင်စဉ်ကာလအတွင်း ၁၉-၄-၂၀၁၁ ရက်နေ့ တိုင်ကြားစာ ဓာတ်ပုံမိတ္တူကိုဖခင်၏ အလုပ်စားပွဲအတွင်းမှ တွေ့ရှိ၍ အမှုတွင် လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးသောင်းမြင့်ထံသို့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရှေ့နေဦးသောင်းမြင့်မှ ၎င်းတိုင်ကြားစာအား တရားရုံးသို့ သက်သေအဖြစ် ထည့်သွင်းအသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ဦးအောင်ချီအား အမှုစစ်မှ တွေ့ဆုံမေးမြန်းစဉ်ကလည်း ၎င်းသည်အသက် ၈၀ ကျော်အရွယ်ရှိပြီး အာရုံကြောများ မကောင်းသဖြင့် လမ်းမလျှောက်နိုင်သောကြောင့် ဝှီးချဲဖြင့်သွားလာနေရကြောင်း၊ အခင်းဖြစ် တိုင်ကြားစာနှင့် ပတ်သက်ပြီး မည်သူ့ထံမှ ရရှိသည်ကို ဦးအောင်ချီအနေဖြင့် အာရုံကြောရောဂါကြောင့် မှတ်မိခြင်းမရှိကြောင်းကို စစ်ဆေးပေါ်ပေါက်ခဲ့ပါကြောင်း။
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် ၁၉၅၁ ခုနှစ် အထူးစုံစမ်းစစ်ဆေးမှု အုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဌာန အက်ဥပဒေအရ ဖွဲ့စည်းထားသောဌာနဖြစ်သည့်အတွက် ဌာနဝင်များသည် အဆိုပါ အက်ဥပဒေအပါအဝင် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များ၊ စည်းကမ်းချက်များအတိုင်း လိုက်နာပြုမူနေထိုင်၍ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရပါကြောင်း၊ အထူးစုံစမ်းစစ်ဆေးမှု အုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဌာန အက်ဥပဒေပုဒ်မ ၂၀ ပုဒ်မခွဲ ၄ ပုဒ်မခွဲငယ် (ဂ) တို့မှာ လျှို့ဝှက်စာရွက်စာတမ်းများနှင့် အကြောင်းအရာများကို ထိုက်သည့်အားလျော်စွာ အလေးဂရုမပြုဘဲ တမင်နေလျှင်၊ မပေါက်ကြားမပျက်စီးအောင် ဆောင်ရွက်ရန် ပျက်ကွက်လျှင် ၃ နှစ်အထိ ထောင်ဒဏ်အပြင် တစ်ထောင်ကျပ်ထက်မပိုသော ငွေဒဏ်စီရင်ခြင်းခံရမည်ဖြစ်ကြောင်းလည်း ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ဌာနဆိုင်ရာအရာရှိတစ်ဦးသည် မည်သည့်အခါမဆို မည်သည့်အကြောင်းကြောင့်မဆို ဌာနနှင့် သော်လည်းကောင်း၊ အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့နှင့်သော်လည်းကောင်း၊ ဌာနက စုံစမ်းစစ်ဆေး လျက်ရှိသော အမှုနှင့်သော်လည်းကောင်း ပတ်သက်သည့်သတင်းကို ဆိုင်ရာအာဏာပိုင်၏ အခွင့်အမိန့်မှတပါး သို့မဟုတ် အဆိုပါသတင်းတွင် မိမိစုံစမ်းစစ်ဆေးသောအမှုနှင့် သက်ဆိုင်၍ တရားရုံး၌သက်သေခံအဖြစ် ပြောဆိုသည်မှတပါး အထူးစုံစမ်းစစ်ဆေးမှု အုပ်ချုပ်ရေးအဖွဲ့အလိုက်ဖြစ်စေ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ၌ဖြစ်စေ အရာထမ်း၊ အမှုထမ်းမဟုတ်သူ တစ်ဦးတစ်ယောက်အား ဖွင့်ဟပြောဆိုခြင်းမပြုရန် တားမြစ်ထားပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတရားရုံး၏ စာအမှုတွဲအမှတ် (၂၈/၂၀၁၄)နှင့် တရားလွှတ်တော်ချုပ် အမှုတွဲအမှတ်(၇၉/၂၀၁၅)တို့၏ စီရင်ချက်များအား မျှတမှန်ကန်မှုရှိ/မရှိနှင့် စပ်လျဉ်း၍ တရားရုံးစီရင်ပိုင်ခွင့်ကိစ္စဖြစ်သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ခြင်းမရှိပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
သူရဦးအောင်ကို (ကန်ပက်လက်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဦးအောင်ကျောင်ရင်ပါ ၅ ဦးအဖွဲ့က ဥက္ကဋ္ဌဟောင်း ဦးအောင်ချီ၏ အလွဲသုံးစားမှုများနှင့်ပတ်သက်၍ တိုင်စာအား ပြည်ထဲရေးဝန်ကြီးဌာနကို အထူးချော့ဖြင့် ပို့ခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့သော် စသုံးလုံးက စစ်ဆေးပြီး အမှုမှန် ပေါ်ပေါက်ခဲ့ပါကြောင်း၊ တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့သော်လည်း ပြည်ထောင်စုတရား လွှတ်တော် ချုပ်က ပြောင်းပြန် ပယ်ဖျက်ပြီး ဦးအောင်ချီကို အသာပေးခဲ့ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ စီရင်ခံချက်၊ ဆုံးဖြတ်ချက်သည် တရားမျှတမှုနျင့် ကင်းကွာနေသည့်အတွက် မူလကပင် ပျက်ပြယ်ပြီးဖြစ်ကြောင်းကို လွှတ်တော်မှ မှတ်တမ်းတင်ပေးရန် တင်ပြလိုပါကြောင်း၊ မိမိတို့ စသုံးလုံးဦးစီးဌာနကို ပို့ထားသော စာကို ဦးအောင်ချီတို့အဖွဲ့က အောက်ခြေဝန်ထမ်း တစ်ယောက်နှင့်ပေါင်းပြီး မတရားရယူပြီးနောက် တိုင်ကြားသူ ဦးအောင်ကျော်ရင်တို့အဖွဲ့ကို တရားမမှုနှင့် ပြန်လည်စွဲဆိုပါကြောင်း၊ ထိုသို့ တရားစွဲရာ ခရိုင်တရားသူကြီးဟောင်းတစ်ဦးဖြစ်သည့် ဦးသောင်းမြင့်က ဥက္ကဋ္ဌဟောင်းရှေ့နေဖြစ်သည့် ဦးအောင်ချီ နှင့်လိုက်ရာ ယင်းစာသည် တရားမဝင်ရထားသည့်စာဖြစ်မှန်းသိလျက်ဖြင့် အမှုတည်ဆောက် တရားစွဲဆိုခြင်းသည် လျို့ဝှက်ထိန်းသိမ်းရမည့် ရုံးလုပ်ငန်းစည်းမျဉ်းကို ချိုးဖောက်လိုက်သည့် ကိစ္စဖြစ်သည့်အတွက် ယင်းအဖွဲ့ကို ပြန်ပြီး ထိရောက်စွာအရေးယူပေးသင့်ကြောင်းလည်း ဤလွှတ်တော်က မှတ်တမ်းတင်ထားရန် တင်ပြမေးမြန်းသွားပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ပထမအကြိမ် ဦးအောင်ကျော်ရင်ပါ ၅ ဦးအား တိုင်းကြားသည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တာဝန်ရှိသူများစစ်ဆေးပြီး တရားစွဲဆိုရာ ထောင်ဒဏ် ၇ နှစ်နှင့် ၆ လ၊ သက်သေခံငွေများကိုလည်း ပြန်လည်ပေးလျော်ရန် အမိန့်ချခဲ့ခြင်းဖြစ်ပါကြောင်း၊ ၎င်းအပေါ် အယူခံအဆင့်ဆင့် ဝင်ရောက်သည့်အတွက် ပြင်ဆင်လိုအပ်မှုကို နောက်ဆုံး တရားလွှတ်တော်ချုပ်ရုံးက ပလပ်သည့်အတွက် အမှုသည် ပထမအကြိမ်တွင် ပြီးသွားပြီဖြစ်ပါကြောင်း၊ ဦးအောင်ကျော်ရင်က ဆက်လက်ပြီး ၎င်း၏ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများ ဆက်လက်တိုင်သည့်အခါ ဦးအောင်ကြည်ကို နောက်တိုးတရားခံအဖြစ် ထည့်သွင်းပြီး တိုင်ကြားလာရာ တရားရုံးက ခွင့်မပြုသည့်အတွက် ယင်းတစ်ကြိမ်တွင်လည်း မဖြစ်ပါကြောင်း၊ သို့သော် နောက်တစ်ကြိမ်တွင် ငွေစာရင်းမရှင်းခြင်းနှင့်ပတ်သက်၍ အစည်းအဝေး မခေါ်ခြင်းများ၊ ဘောက်ချာ ဖျောက်ခြင်းများနှင့် ပတ်သက်၍ ထပ်မံတိုင်ကြားသည့်အတွက် တရားခံကို ၆-၆-၂၀၁၂ ရက်နေ့တွင် အမှုပြန်လည်ဖွင့်လှစ်ရာ တရားခံလည်း အင်းစိန်အကျဉ်းထောင်တွင် အချုပ်သားအဖြစ် ၂၀၁၂ ခုနှစ်ကတည်းက လက်ရှိ အချုပ်ထောင်ထဲ၌ပင် ရှိပါကြောင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကို ညွှန်ကြားရေးမှူးချုပ်ထံ တိုင်းသည့်စာကို အပြင်၌ သက်သေအဖြစ် တင်သွင်းသောကိစ္စသည် မိမိတင်ပြခဲ့သည့်ထဲတွင် ပါဝင်ပြီးဖြစ်ပါကြောင်း၊ ဝင်စာလည်း မဝင်ပါကြောင်း၊ ဗဟိုဌာန နေပြည်တော်ရုံးချုပ်တွင် ဝင်စာများ မှတ်တမ်းတင်ရပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်၏ မှတ်ချက်ဖြင့် ဝန်ကြီးထံ တင်ပြရခြင်းဖြစ်ပါကြောင်း၊ ယခု ယင်းစာများလည်း မပါဘဲ တိုင်ရန် ရည်ရွယ်ထားသည့် စာကို မိတ္တူကူးပြီး တိုင်သည်ဟု ယူဆပါကြောင်း၊ ကာယကံရှင်မေးသည့်အခါတွင်လည်း အဖြေကို တိတိကျကျမသိပါကြောင်း၊ ကျန်သည့်အပိုင်းကို တရားရေးရာကိစ္စဖြစ်သည့်အတွက် သီးခြားဖြည့်စွက် ဆွေးနွေးရန်မရှိပါကြောင်း၊ မိမိတို့အပိုင်းအနေဖြင့် ဥပဒေကြောင်းအရ စနစ်တကျ ဆောင်ရွက်ထားကြောင်း ရှင်းလင်းဖြေကြားပါသည်။
