ဦးပေါခင် (နွားထိုးကြီး)
ဒီမေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၃-၈-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းမြေနှင့်ပတ်သက်၍ မူခင်းလမ်းကြောင်းအရမဟုတ်ဘဲ သိမ်းဆည်းခံမြေလမ်းကြောင်းမှ တင်ပြခွင့် ပြုပါကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ရာတွင် ရဲစခန်းဆောက်လုပ်ရန်အတွက် မူလပိုင်ရှင်ဒေါ်လှိုင်ထံမှ သိမ်းဆည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအကျိုးခံစားနေသည်မှာ ဦးအောင်ဝင်းထံမှ သိမ်းဆည်းခြင်း မဟုတ်ပါကြောင်း၊ ရဲစခန်းလည်းမဆောက်ဖြစ်ပါကြောင်း၊ ယခုလိုရဲစခန်း မဆောက်ဖြစ်သော်လည်း မူလပိုင်ရှင်ကို မည်သူမှအကြောင်းကြား ခဲ့ခြင်းလည်းမရှိပါကြောင်း၊ ဆောက်လုပ်ရေးမှ လမ်းနယ်နိမိတ်သတ်မှတ်ပြီး သိမ်းဆည်းသွားခြင်းဖြစ်ပါကြောင်း၊ မဆောက်ဖြစ် သော်လည်း မည်သူကိုမျှအကြောင်းကြားခြင်းမျိုးမရှိခဲ့ပါကြောင်း၊ ထိုအချိန်တွင် ကြားလူဖြစ်သည့် ဦးအောင်ဝင်းမှ ကွင်းဆင်းစာရေးနှင့် ပူးပေါင်းပြီး မမြဲဦးပိုင်ရယူပြီး စည်းမဲ့ကမ်းမဲ့ ၎င်းမြေယာများကို အကွက်ရိုက်ပြီး ရောင်းချခဲ့ပါကြောင်း၊
ဒေါ်လှိုင်မှ မိမိ၏ယာမြေကိုဆင်းပြီး ထွန်ယက်ပျိုးကျဲရာတွင် ဦးအောင်ဝင်းမှ တရားစွဲဆိုခဲ့ပါကြောင်း၊ ရပ်/ကျေးစီမံအဖွဲ့မှ သက်သေခိုင်လုံသဖြင့် ဒေါ်လှိုင်ကိုအနိုင်ပေးပါကြောင်း၊ ဦးအောင်ဝင်းမှ မကျေနပ်သဖြင့် မြို့နယ်၊ ခရိုင်ကို၊ တိုင်းဒေသကြီးကိုတက်သဖြင့် ဒေါ်လှိုင်ရှုံးပါကြောင်း၊ တိုင်းဒေသကြီးမှလည်း အပြီးအပြတ်ဟုဆိုပါကြောင်း၊ မြို့နယ်ခရိုင်မြေစီမံအဖွဲ့တို့၏ သဘောရိုးဖြင့် ဆုံးဖြတ်သည်ဆိုသည်ကို သံသယဖြစ်ဖွယ် အခြေအနေများစွာ ပေါ်ပေါက်ခဲ့ပါကြောင်း၊ ဦးအောင်ဝင်းဘက်မှပြသည့် အဓိကကျသော ယာချင်းဆက် သက်သေများသည် လေးယောက်နှင့် သုံးယောက်ဟာ အခြားရွာသားများဖြစ်သောကြောင့် မမှန်ကန်ပါကြောင်း၊ မိမိကိုယ်တိုင် ကျေးရွာအုပ်ချုပ်ရေးမှူးကို မေးမြန်း၍ သိရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ စေတနာမေတ္တာထားပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရခြင်းကြောင့် အမှန်တကယ် နစ်နာဆုံးရှုံးသူများအား ပြန်လည်ပေးအပ် လျက်ရှိရာအသိမ်းဆည်းခံရသူ မူလပိုင်ရှင် ဒေါ်လှိုင်မှမရရှိဘဲ ဥပဒေကို လက်တစ်လုံးခြား အသုံးချသူ ဦးအောင်ဝင်းမှ ရရှိခံစားနေသည်မှာ လက်ခံနိုင်စရာမရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယင်းအချင်းဖြစ်မြေ၏ မူလပိုင်ရှင်မှာ ဒေါ်လှိုင်ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ်၊ ခရိုင်နှင့် တိုင်းမြေယာစီ/မံအဖွဲ့များသိရှိခြင်းရှိ/မရှိ၊ ရန်ကုန်-မန္တလေး အမြန်းလမ်းမကြီး ဖောက်လုပ်ရာတွင် မူလပိုင်ရှင်ဒေါ်လှိုင်ထံမှ သိမ်းဆည်းခဲ့ခြင်းကို သိရှိခြင်းရှိ/မရှိ၊ အကျိုးခံစားခွင့် ရရှိနေသူ ဦးအောင်ဝင်းက ဥပဒေကို လက်တစ်လုံးခြား အသုံးချ၍ ဥပဒေမဲ့သုံးစွဲခဲ့ခြင်းတို့ကို သက်ဆိုင်ရာတို့မှ သိရှိခြင်းရှိ/မရှိနှင့် ဆုံးရှုံးနစ်နာသူ မူလပိုင်ရှင် ဒေါ်လှိုင်ကို ယင်းမြေကွက်အား ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း၊ မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာမှ ကွင်းအမှတ်(၇၅၀/က)၊ ဦးပိုင်အမှတ် (၉၀)၊ ယာမြေဧရိယာ ၄.၅၂ ဧကအား ဒေါ်လှိုင်၏ဖခင် ဦးဉာဏ်ကျယ်မှ စိုက်ပျိုးလုပ်ကိုင်ခဲ့ပြီး မြေခွန်ပြေစာများအား ဦးဉာဏ်ကျယ်အမည်ဖြင့် ထမ်းဆောင်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ဦးဉာဏ်ကျယ်၏ ဇနီးဖြစ်သူ ဒေါ်သောင်းတင်သည် ၁၉၉၄ ခုနှစ်တွင် တူမဖြစ်သူ ဒေါ်တိုးကြည်၏ခင်ပွန်း ဦးအောင်ဝင်းအား အဆိုပါ ယာမြေဧရိယာ ၄.၅၂ ဧကကို စာချုပ်ချုပ်ဆိုခြင်းမရှိဘဲ နှုတ်ကတိဖြင့် ရောင်းချခဲ့ကြောင်းလည်း စိစစ်တွေ့ရှိရပါသည်။ အဆိုပါမြေဧရိယာအား ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ဖောက်လုပ်ရာတွင် အသုံးပြုနိုင်ရန်အတွက် သိမ်းဆည်းရန် လျာထားခဲ့သော်လည်း သိမ်းဆည်းခဲ့ခြင်းမရှိကြောင်းလည်း စိစစ်တွေ့ရှိရပါသည်။
နွှားထိုးကြီးမြို့နယ်၊ ပြင်စည်အမြန်လမ်းရဲစခန်းသည် ပြင်စည်ကျေးရွာအုပ်စု ကွင်းအမှတ် (၇၅၁/ခ) အောက်ကန်သစ်အရှေ့၊ ဦးပိုင်အမှတ်(၆၂/၂၊ ၆၃/၂၊ ၆၄/၂၊ ၆၉/၂၊ ၇၀/၂၊ ၇၁/၂) မြေဧရိယာ ၃.၉၂ ဧကအပေါ်တွင် တည်ရှိပြီး ၁၀-၁-၂၀၁၃ ရက်နေ့မှ ၉-၁-၂၀၄၃ ရက်နေ့အထိ နှစ် ၃၀ ဂရန်ကိုလည်း ရရှိထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ပြင်စည်အမြန်လမ်း ရဲစခန်းမြေနေရာသည် ပြင်စည်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၅၀/က)၊ ဦးပိုင်အမှတ်(၉၀)၊ မြေဧရိယာ ၄.၅၂ ဧကနှင့် သက်ဆိုင်ခြင်းမရှိကြောင်းလည်း စိစစ်တွေ့ရှိရပါသည်။
ဦးအောင်ဝင်းသည် ၁၀-၅-၂၀၁၃ ရက်စွဲပါစာအမှတ်ဖြင့် ၎င်းဝယ်ယူထားသော ယာမြေပေါ်တွင် ရာသီ သီးနှံစိုက်ပျိုးနေမှုအား ဦးကျော်ဝင်းနှင့် ဒေါ်လှိုင်တို့မှ လာရောက်တားမြစ်နေကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြခဲ့ပါသည်။ အဆိုပါတင်ပြချက်နှင့်စပ်လျဉ်း၍ လယ်ယာမြေဥပဒေအရ စိစစ်ဆောင်ရွက်မှသာလျှင် တိကျသောဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဖြစ်ကြောင်း၊ ပြင်စည်ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၌ မူလမြေယာမူခင်း ဖွင့်လှစ်စစ်ဆေးဆောင်ရွက်ရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၂၁-၆-၂၀၁၃ ရက်စွဲပါစာအမှတ်ဖြင့် ပြင်စည်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ အကြောင်းကြားခဲ့ပါသည်။
ထိုအကြောင်းကြားချက်အရ ပြင်စည်ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် အဆိုပါ အငြင်းပွားမှုအား မြေယာမူခင်းဖွင့်လှစ်၍ စုံစမ်းစစ်ဆေးခြင်း၊ ကြားနာခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြင်စည်ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ၁၂-၁၀-၂၀၁၃ ရက်စွဲပါ ဆုံးဖြတ်ချက်ဖြင့် အဆိုပါ မြေဧရိယာ ၄.၅၂ ဧကအား ဒေါ်လှိုင်ကို လုပ်ကိုင်ခွင့်ချထားပေးရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ဦးအောင်ဝင်းမှ ကျေနပ်မှုမရှိ၍ ၁၄-၁၀-၂၀၁၃ ရက်နေ့တွင် နွားထိုးကြီးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံဝင် ရောက်ခဲ့ပါကြောင်း၊
ဦးအောင်ဝင်း၏ အယူခံလျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် နှစ်ဖက်အငြင်းပွားသူများနှင့် သက်သေများအား စစ်ဆေးခဲ့သည့်အပြင် ၅-၁၁-၂၀၁၃ ရက်နေ့တွင် အချင်းဖြစ်မြေနေရာကို ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအရ နွားထိုးကြီးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ၁၄-၁၁-၂၀၁၃ ရက်စွဲပါစာအမှတ်ဖြင့် အဆိုပါယာမြေဧရိယာ ၄.၅၂ ဧကအား ဦးအောင်ဝင်းကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊
ဒေါ်လှိုင်သည် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသဖြင့် ၂၈-၁၁-၂၀၁၃ ရက်နေ့တွင် မြင်းခြံခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ဆက်လက်အယူခံဝင်ရောက်ခဲ့ပါကြောင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ အချင်းဖြစ်နေရာသို့ ၃၁-၁-၂၀၁၄ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း၊ ထိုကဲ့သို့စစ်ဆေးရာတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ မူလတိုင်ကြားချက်ပါ ဧရိယာ ၄.၅၂ ဧကတွင်ရှိသော မြေအားလုံးကို ထည့်သွင်းဆုံးဖြတ်ခဲ့သော်လည်း အဆိုပါ မြေဧရိယာများအတွင်း လမ်းမြေကျင်း(ချောက်) ဧရိယာ ဝ.၉၂ ဧကနှင့် ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးထားသော မြေဧရိယာ ဝ.၄၃ ဧကတို့ ပါဝင်နေသည့်အတွက် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော မြေဧရိယာမှာ ၃.၁၇ ဧကရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ သို့ဖြစ်၍ ဒေါ်လှိုင်မှာ မြေပြင်တွင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်သူမဟုတ်ဘဲ ဦးအောင်ဝင်းမှာ မြေပြင်တွင် ၁၉၉၄ ခုနှစ်ကတည်းက အစဉ်အဆက် လုပ်ကိုင်သူဖြစ်သည့်အတွက် ဒေါ်လှိုင်၏ အယူခံလျှောက်ထားမှုကို ငြင်းပယ်ပြီး မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး မြေဧရိယာ ၄.၅၂ ဧကအနက် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်သည့် မြေဧရိယာ ၃.၁၇ ဧကကိုသာ ဦးအောင်ဝင်းအား လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်(ပုံစံ-၇) ထုတ်ပေးရန်ခွင့်ပြုကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ၁၄-၂-၂၀၁၄ ရက်စွဲပါ စာအမှတ်ဖြင့် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါကြောင်း၊
ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသည့်အတွက် ဒေါ်လှိုင်သည် ၁-၄-၂၀၁၄ ရက်နေ့တွင် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ဆက်လက်အယူခံဝင်ရောက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၇-၄-၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၁၄) ဆုံးဖြတ်ချက်အပိုဒ် ၁၇ အပိုဒ်ခွဲ(ဂ)အရ အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့ကြောင်းသိရှိရပါသည်။
ဒေါ်လှိုင်၏ အယူခံလွှာအားပလပ်၍ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်း၊ အချင်းဖြစ်မြေ ၄.၅၂ ဧကအနက် အမှန်တကယ်စိုက်ပျိုး လုပ်ကိုင်နေသော ၃.၁၇ ဧကကိုသာ ဦးအောင်ဝင်းအား လယ်ယာမြေလုပ်ပိုင်ခွင့် (ပုံစံ-၇) လျှောက်ထားစေလျက် ဆက်လက်လုပ်ကိုင်ခွင့်ပြုရန် ဝ.၉၂ ဧကကို လမ်းမြေကျင်း (ချောက်) ဧရိယာအဖြစ် ဆက်လက်ထားရှိရန်၊ ခွင့်ပြုချက်မရရှိဘဲ လယ်ယာမြေ အခြားနည်းမသုံးပြုထားသည့် မြေ ဝ.၄၃ ဧကကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန်ဆိုပြီး ညွှန်ကြားခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာပြုလုပ်သည့် နွားထိုးကြီးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အဆိုပါခွင့်ပြုချက်မရှိဘဲ လယ်ယာမြေကို အခြားနည်းအသုံးပြုထားသောမြေ ဝ.၄၃ ဧက အတွက် သက်ဆိုင်သူများမှ ဒဏ်ငွေကျပ် ၅ သိန်းအား ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၁၉ ပုဒ်မခွဲ(က)နှင့်အညီ သတ်မှတ်ပေးဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ ကွင်းအမှတ်(၇၅၀/က)၊ ဦးပိုင်အမှတ် (၉၀)၊ ယာမြေဧရိယာ ၄.၅၂ ဧကအားရောင်းချပြီး အဆိုပါမြေကို ဦးအောင်ဝင်းမှ ဆက်လက်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် အဆိုပါမြေများအား ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဖောက်လုပ်ရာတွင် အသုံးပြုရန်အတွက် သိမ်းဆည်းရန် လျာထားခဲ့သော်လည်း သိမ်းဆည်းခဲ့ခြင်းမရှိပါကြောင်းနှင့် အဆိုပါ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှု များအား မြို့နယ်/ ခရိုင်/ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့် ဆင့်တို့မှ ဆုံးဖြတ်ခဲ့ပြီးဖြစ်သည့် အပြင် လယ်ယာမြေဥပဒေပုဒ်မ ၂၅ ပုဒ်မခွဲ(ဂ)အရ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
