(စ)-နတ်မောက်မြို့နယ်၊ အင်းကန်ကျေးရွာအခြေခံ ပညာအထက်တန်း ကျောင်း(ခွဲ)အား ၂၀၁၅-၁၆ ပ ညာရေးနှစ်မှစ၍အခြေခံပညာအထက်တန်းကျောင်း အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၆၁)ရက်မြောက်နေ့ (၁၀.၆.၂၀၁၅)

ဗိုလ်မှူးအောင်သွင်စိုး (တပ်မတော်သားကိုယ်စားလှယ်)

ဗိုလ်မှူးအောင်သွင်စိုး (တပ်မတော်သားကိုယ်စားလှယ်)မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အင်းကန်ကျေးရွာအုပ်စု ၊ အင်းကန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲသည် ပျဉ်းမနား-ကျေးနီရထားလမ်းပိုင်းပေါ်တွင် တည်ရှိပြီး နတ်မောက် မြို့နယ်မှ ၂၆ မိုင်၊ ကျောက်ပန်းတောင်းမြို့မှ ၁၇ မိုင်၊ ရွှေပန်းတောကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ၁၅ မိုင် အကွာတွင် တည်ရှိပါကြောင်း၊ ကျောင်းအကျယ် အဝန်း ၁၀.၀၅ ဧကရှိပြီး လက်ရှိတွင် ကျောင်း အဆောက်အဦ ၄ လုံး၊ စာသင်ခန်း ၁၈ ခန်း၊ ကျောင်းသား ကျောင်းသူ ၄၂၇ ဦး၊ ဆရာဆရာမဝန်ထမ်း ၂၅ ဦးတို့ဖြင့် သင်ကြားပို့ချလျက်ရှိပါကြောင်း၊

 ၁၉၉၇ ခုနှစ်တွင် အထက်တန်း ကျောင်းခွဲအဆင့်ကို အဆင်‌့တိုးမြှင့်ဖွင့်လှစ်ခွင်‌့ပြုခဲ့သဖြင့် ၁၈ နှစ်ကြာခဲ့ပြီ ကြောင်း၊ အင်းကန်ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၂၀ ရွာ၊ အိမ်ထောင်စု ၃၅၂၀ ခန့်၊ လူဦးရေ ၁၇၀၀၀ ခန့်ရှိသည့်အပြင် အထက်တန်းကျောင်းဆင်‌့တိုးမြှင့်ရန်ရရှိပါက အင်းကန်ကျေးရွာအနီးရှိ အ.လ.က(ခွဲ) ဆင်ကေသန်ရွာကျောင်းသားကျောင်းသူ ၁၈၄ ဦး၊ မူလွန်ရှမ်းကုန်းရွာ ကျောင်းသားကျောင်းသူ ၂၅ ဦး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၂ ကျောင်း၊ ကျောင်းသားကျောင်းသူ ၁၂၁ ဦးတို့အပါအဝင် ပတ်ဝန်းကျင်ရွာပေါင်း ၂၀ မှ မူလတန်း အလယ်တန်းအောင် ကျောင်းသားကျောင်းသူများပါ အဆင်ပြေစွာ ပညာသင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊

အထက်တန်းကျောင်းအဆင်‌့ တိုးမြှင့်နိုင်ရေး အတွက် ကျောင်းသားမိဘ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ အထက်တန်းကျောင်း ဖြစ်မြောက်ရေး ကော်မတီ၊ ကျောင်းအုပ်ဆရာကြီးတို့၏ ထောက်ခံတင်ပြမှုတို့ဖြင့် မကွေးတိုင်းဒေသကြီး၊ ပညာရေးညွှန်ကြားရေးရုံးထံသို့လည်း ထပ်ဆင့်တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၅-၂၀၁၆ ပညာရေးနှစ်မှစ၍ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အင်းကန်ကျေးရွာအုပ်စု အင်းကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲအား  အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင်‌့တိုးမြှင်‌့ ဖွင့်လှစ်ခွင့်ပြုနိုင်ပါရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့်ပညာရေးနှစ်တွင် ကျောင်းအဆင့် တိုးမြှင့်ပေးမည်ကို သိလိုပါကြောင်း ‌မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အင်းကန်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စုစုပေါင်း အထက်တန်းဆင်‌့ သင်ကျောင်းသား ၇၈ ဦးရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင်‌့တိုးမြှင်‌့ပေးရန်အတွက် အထက်တန်းအဆင်‌့သင် ကျောင်းသား ၂၀၀ ဦးနှင့်အထက် ရှိရမည် ဖြစ်သည့်အတွက် သတ်မှတ်မူဘောင်နှင်‌့ ကိုက်ညီမှုမရှိပါကြောင်းနှင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အဆင်‌့ တိုးမြှင့်ပေးနိုင်ခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။