(က)-ကျောက်တော်- ပလက်ဝလမ်း နှင့်မတူပီ- ပ လက်ဝလမ်းပေါ်ဆက်စပ်မည့် ကုလားတန်မြစ်ကူး တံတား ၁၉၀၀ ပေရှိမည့် သံကူကွန်ကရစ်သံပေါင် ကြိုးတံတားကိုလာမည့်ဘတ်ဂျက်နှစ်(သို့)မည်သည့် ခုနှစ်တွင်တည်ဆောက်ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၆၁)ရက်မြောက်နေ့ (၁၀.၆.၂၀၁၅)

ဦးပိုက်လင်း (ပလက်ဝ) မိမိတို့ ပလက်ဝ- မတူပီလမ်းသည် လွတ်လပ်ရေးရသည့် ဖဆပလခေတ်က စတင်ဖောက်လုပ်သည့် လမ်းဖြစ်သော်လည်း  နှစ်ပေါင်း ၆၀ ရပ်ဆိုင်းထားပြီးနောက် ယခု အစိုးရသစ်လက်ထက်တွင် ပြီးမြောက်ခြင်းဖြစ်သကဲ့သို့ ရခိုင်ပြည်နယ်နှင့် ဆက်သွယ်သော ကျောက်တော်- ပလက်ဝလမ်း သည်လည်း ဖောက်လုပ်ပြီးစီးပြီးဖြစ်ပါကြောင်း၊ သို့သော်  အစိုးရရုံးများ ဖွင့်လှစ်ထားသည့်  ပလက်ဝမြို့သည် ကုလားတန်မြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိနေခြင်းကြောင့် ကျော်တော်-ပလက်ဝလမ်းနှင့် မတူပီ-ပလက်ဝလမ်းတို့ကို ဆက်သွယ်ရန်အတွက် မြစ်ကူးတံတား လိုအပ်ကြောင်း၊ အဆိုပါလိုအပ်လျက်ရှိသော ကုလားတန်မြစ်ကူးတံတားကို လာမည့်ဘတ်ဂျတ်တွင် ဆောက်လုပ် ပေးနိုင်ခြင်း ရှိ/မရှိနှင့်  မည်သည့်ခုနှစ်တွင် တည်တောက်ပေးရန် အစီအစဉ်ရှိ/မရှိဆို သည်ကို သိရှိ လိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်ပလက်ဝမြို့သည် ချင်းပြည်နယ်၏  တောင်ဘက်အစွန်ဆုံးနှင့်  ကုလားတန် မြစ် အနောက်ဘက်ကမ်းတွင် တည်ရှိပါကြောင်း၊ ကားလမ်းအဆက်အသွယ်မရှိဘဲ ရေလမ်းကြောင်း တစ်ခုကိုသာ လားထားသွားလာနေရသည့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော မြို့တစ်ခု ဖြစ်ခဲ့ပါကြောင်း၊  အစိုးရသစ်လက်ထက်တွင် ချင်းပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် ပလက်ဝ- မတူပီလမ်း၊ ပလက်ဝ- ကျောက်တော်လမ်းများကို လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန် စေရန် ဆောင်ရွက်ခဲ့တာဖြစ်ပါကြောင်း၊

 လမ်းများဖောက်လုပ်ပြီးစီး၍ အဆိုပါလမ်းများကို ဆက်သွယ်ရန် တံတားတစ်စင်းလိုအပ်ပါကြောင်း၊ အဆိုပါတံတားကို တည်ဆောက်ရန်မြေနေရာရွေးချယ်ရာတွင် မူလလမ်း ဖောက်ပြီးသားနေရာတွင် ရွေးချယ်ခဲ့ပါကြောင်း၊ ပလက်ဝမြို့နားတွင် ကျောက်တောင်ကြောကြီးများတည်ရှိပြီး လမ်းဖောက် လုပ်ရန် ခက်ခဲသည်ကိုတွေ့ရှိရပါကြောင်း၊ ပဏာမလေ့လာထားသည့် အစီရင်ခံစာများအရ တံတား၏ အကျယ်ပေ ၁၂၀၀ ပေရရှိပြီး ရေလမ်းကင်းလွတ်အကျယ်ပေ ၂၀၀ ခန့် ၊ ရေလမ်းကင်းလွတ် အမြင့် ပေ ၅၀ အထိထားရှိ တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊  

ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေဖြင့် အဆိုတံတားတည်ဆောက်ရေးများနှင့်စပ်လျဉ်းပြီး အသေးစိတ် တွက်ချက်မှုများ၊ ပုံစံရေးဆွဲခြင်းများ၊ ခန့်မှန်းခြေ စာရင်းများတွက်ချက်ပြီး နိုင်ငံ၏ ဒုတိယ ၅ နှစ်စီမံကိန်း၊ ပထမနှစ်ဖြစ်သည့်  ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်တို့ကို တင်ပြပြီး တံတားကို ဆောက်လုပ်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။