(ဇ)-ရွှေပန်တော်ဦးကုမ္ပဏီမှတင်ဒါရယူဆောက်လုပ် ခဲ့သည့် ရေစကြိုမြို့နယ်ရှိငတရော် ကျေးရွာအလယ် တန်းကျောင်းနှင့်ဝါယာကျေးရွာမူလတန်းကျောင်းတို့ ကိုသတ်မှတ်စံချိန်စံညွှန်းမကိုက်ညီမှုတို့အားမည်ကဲ့ သို့စီမံဆောင်ရွက်ပေးမည်ကိုသိလိုခြင်း နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၆၀)ရက်မြောက်နေ့ (၈.၆.၂၀၁၅)

ဦးတင်ဌေးအောင် (ရေစကြို)မိမိတို့မြို့နယ်တွင် ပြည့်လျှံဖြိုးကုမ္ပဏီကတင်ဒါယူဆောက်လုပ်ခဲ့သော မြေတောင် အ.ထ.ကတွင် ရှိသော ပေ ၁၂၀၊ ပေ ၃၀ ကျောင်းဆောင်ကို ချွင်းချက်ရှိခြင်းကြောင့် အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့ကြည့်အတွက် တိုင်းဒေသကြီး ပညာရေးဦးစီးဌာနက လာရောက်စစ်ဆေးပြီး အန္တရာယ်ကျောင်းဟု သတ်မှတ်ခဲ့သော်လည်း ယနေ့အထိ တစ်စုံတစ်ရာပြုပြင်ပြောင်းလဲနိုင်ခြင်း မရှိသေးပါကြောင်း၊ ရွှေပန်တော် ဦးကုမ္ပဏီက တင်ဒါရယူဆောက်လုပ်ခဲ့သော မောင်မယ်တန်း ကျေးရွာ၊ ဝါယာ၊ ငတရော်၊ ဆင်ခြေရာ ကျောင်းဆောင်များသည်လည်း စံချိန်စံညွှန်း ပြည့်မီခြင်း မရှိခြင်းကြောင့် မြို့နယ်ပညာရေးဦးစီးဌာနသို့ အကြိမ်ကြိမ်တင်ပြထားကြသော်လည်း ပြုပြင် ဆောင်ရွက်ပေးခြင်းရှိသည်ကို မတွေ့ရပါကြောင်း၊ အချို့ကျောင်းဆောင်များတွင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပြင်ဆင်ဆောက်လုပ်ပြီးသွားသည်အထိ သွားရောက်ကြည့်ရှု စိစစ်ကြီးကြပ်ပေးခဲ့ခြင်းမရှိဘဲ လက်မှတ်ထိုး လက်ခံခြင်းမျိုးသည်လည်း မဖြစ်သင့်သော ကိစ္စရပ် များဖြစ်ပါကြောင်း၊ သို့ပါ၍ အောက်ပါမေးခွန်းတို့ကို မေးမြန်းအပ်ပါတယ်။ (၁) မြို့နယ် တာဝန်ရှိပုဂ္ဂိုလ်များဘက်မှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိနိုင်အောင် မည်ကဲ့သို့စီမံ ညွှန်ကြား ပေးပါမည်နည်း။ (၂) တင်ဒါရယူဆောင် ရွက်ခဲ့သော ကုမ္ပဏီများကို မည်ကဲ့သို့အရေးယူ ဆောင်ရွက်ပေးနိုင်ပါမည်နည်း။ (၃) တင်ဒါရ ကုမ္ပဏီ ဒေသခံကျောင်းအုပ်ကြီးများ၊ အုပ်ချုပ်ရေးမှူး များ၊ ဖွံ့ထောက်အဖွဲ့များ၊ မိဘဆရာအသင်းများ၊ ရပ်မိရပ်ဖ၊ တတ်ကျွမ်းသူစေတနာရှင်များတို့ဖြင့် ဆောက်လုပ်မည့် BP၊  BQ များကို ပွင်‌့လင်းမြင်သာစွာ ရှင်းလင်းပြ၍ စံချိန်စံညွှန်းနှင်‌့အညီ ပြုပြင် ပေးနိုင်ရန် မည်သို့စီမံညွှန်ကြားဆောင်ရွက်ပေးနိုင်မည်နည်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း ရေစကြိုမြို့နယ်၊ ငတရော်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့်ပတ်သက်၍ တင်ပြချက်အပေါ် မြို့နယ်စည်ပင်အင်ဂျင်နီယာ၊ မြို့နယ်ဆောက်လုပ်ရေးအင်ဂျင်နီယာ ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးများပါဝင်သော အဖွဲ့၏ ကွင်းဆင်း စိစစ်တွေ့ရှိချက်အရ အလကခွဲ ငတရော်ကျောင်းဆောင်ကို ကုမ္ပဏီမှ ၂၃-၅-၂၀၁၄ ရက်နေ့တွင် ပညာရေးဌာနသို့လွှဲပြောင်းပေးခဲ့ပြီး ထိုသို့လွှဲပြောင်းစဉ်က ကျောင်းဆောင် သည် အရည်အသွေးစံချိန်စံညွှန်းပြည့်မီသော အဆောက်အဦဖြစ်သည်ဟု တည်ဆောက်ရေး ကော်မတီသို့တင်ပြခဲ့ပြီး အတည်ပြုချက်ရရှိပြီးသော အဆောက်အဦဖြစ်ကြောင်း တည်ဆောက်ရေး ကော်မတီ၏ အတည်ပြုချက်ရ  တိုင်းစာရင်းစစ်မှ စစ်ဆေးခဲ့ပြီး ကန့်ကွက်မှုမရှိကြောင်းကို ပန်ကြားခဲ့ပြီးဖြစ်ပါကြောင်း။ အမိုးစောင်းခြင်းဆိုသည်မှာ ကုမ္ပဏီ၏တွက်ချက်မှုတွင် မပါဝင် သော်လည်း အပိုစောင်းပြုလုပ်ပေးခဲ့သော ရေတလျောက်ချိတ်များပြုတ်ခြင်း၊ ညီညာမှုမရှိခြင်း တို့ကြောင့် မျက်မြင်အရ အမိုးစောင်းသည် ဟုထင်မြင်ခြင်းဖြစ်ပါကြောင်း။ ငတရော်ကျောင်းနှင့် ပတ်သက်၍ မြို့နယ်အရည်သွေးစစ်ဆေးရေးအဖွဲ့ ၏ ပြုပြင်ပေးရန်လိုအပ်သောအချက်များကို ၁၆-၃-၂၀၁၅ ရက်နေ့တွင် ပြုပြင်ပေးရန် သွားရောက်ခဲ့သော်လည်း ရွာသူရွာသားများက ကုမ္ပဏီ၏ပြုပြင်ပေးခြင်းကို လက်မခံခဲ့သဖြင့် ပြန်လာခဲ့ရသည်ဟု ကုမ္ပဏီမှတင်ပြပါကြောင်း။ ၁၇-၃-၂၀၁၅ ရက်နေ့တွင် ဒုတိယအကြိမ် ပြုပြင်ရန် သွားရောက်ခဲ့ သော်လည်း ရွာသူရွာသားများက မပြုပြင်ရန်ကိုသာ ထပ်မံပြောကြားခဲ့သဖြင့် ပြန်လာခဲ့ရပြီး ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ချထားပေးသော ငွေ ၃၂၄ သိန်းကိုသာ ပြန်လည်တောင်းခံနေသည်ဟု ကုမ္ပဏီမှ တင်ပြပါကြောင်း။

 သို့ပါ၍ ကုမ္ပဏီမှ ပြုပြင်ဆောင်ရွက်ရန် အကြောင်းကြားထားသော ကိစ္စအား ကုမ္ပဏီမှ လိုက်နာဆောင်ရွက်ကြောင်းကို စိစစ်တွေ့ရှိရပါကြောင်းနှင့် ကျောင်းဆောင်ပြင်ဆင်ရမည့် လုပ်ငန်း များအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ညှိနှိုင်းဆောင်ရွက်သွားရန် အကြောင်းကြား ဆောင်ရွက်ထားရှိပါကြောင်း။ ဝါယာကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောင်နှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ရာ ကျောင်းဆောင်မှာ ပြင်ဆင်ခွင့်တင်ပြစဉ်က အုတ်ခုံ သစ် ပြုလုပ်ခြင်း၊ တိုင်ထူအမိုးမိုးခြင်း၊ ၃ ပေမြင့်အုတ်ကာခြင်းလုပ်ငန်းများသာပါရှိ၍ ရန်ပုံငွေ ၁၅၀ သိန်းတောင်းခံခဲ့ပြီး ပြင်ဆင်စရိတ်ဖြင့် ခွဲဝေချထားပေးခဲ့ပါကြောင်း ကုမ္ပဏီအနေဖြင့် ပြင်ဆင်ရမည့် အဆောက်အဦအဟောင်းသည် ချင်းတွင်းမြစ်ကမ်းပါးနှင့် ၁၀ ပေခန့်အကွာ တွင်တည်ရှိပြီး နောင်တစ်ချိန် ကမ်းပါးပြိုမှု အန္တရာယ်မှရှောင်ရှားနိုင်ရေးအတွက် ယခင်ကျောင်းဆောင် ဟောင်းအား ဖျက်သိမ်းပြီး ကမ်းပါးနှင့် ၄၂၅ ပေအကွာသို့ ပြောင်းရွှေ့၍ ကျောင်းဆောင်ဟောင်းမှ ၅ လက်မ ပတ်လည် ၂၉ တိုင်ကိုသာ ပြန်လည်အသုံးပြုနိုင်ခဲ့ပြီး ကျန်အဆောက်အဦ အစိတ်အပိုင်းများအား အသစ်ဖြည့်သွင်းဆောက်လုပ်ပေးခဲ့ပါကြောင်း။

ထပ်တိုးလုပ်ငန်းများအဖြစ် အဆောက်အဦဟောင်းအား ဖျက်သိမ်းရွှေ့ပြောင်းပေးခြင်း၊ ၅ လက်မ ပတ်လည် တိုင်သစ် ၃ လုံးအား တပ်ဆင်ပေးခြင်း၊ သွပ်ပြားဟောင်းအစား သွပ်ပြားအသစ် 4 Angle ပြောင်းလဲ တပ်ဆင်ပေးခြင်း၊ အခန်းနံရံအား အုတ်ဖြင့်ကာရံပေးခြင်း၊ အဆောက်အဦ ဟောင်းမှ ပျဉ်များကို ၃ ပေ အုတ်ခုံအထက် ပြုပြင်တပ်ဆင်ပေးခြင်းလုပ်ငန်းများ ပြုလုပ်ပေးခဲ့ပါကြောင်း။ ထိုသို့ အပိုဆောင်းဆောင်ရွက်ပေးခဲ့သည့်အတွက် ကုမ္ပဏီမှ ချထားပေးသည့် ရန်ပုံငွေ ကျပ်သိန်း ၁၅၀ အပြင် ကျပ်သိန်း ၃၀ စိုက်ထုတ်လှူဒါန်းခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း။ သို့ဖြစ်ပါ၍ တင်ပြ ကျောင်းအဆောက်အဦနှင့်ပတ်သက်၍ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက် သွားရန် အကြောင်းကြားဆောင်ရွက်ထားရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။