ဧရိယာ ၁၅၂၇ စတုရန်းမိုင်ရှိသော မင်းကင်းမြို့နယ်သည် တော၊ တောင်၊ လျှိုမြောင်၊ မြစ်၊ ချောင်းများ ပေါများပြီး လူဦးရေတစ်သိန်းကျော်၏ ၈၀ ရာခိုင်နှုန်းသော တောင်သူများအတွက် စိုက်ဧက ၇၀၀၀၀ ဝန်းကျင်ခန့်သာ ရှိပါကြောင်း၊ ရွာချင်းဆက်၊ မြို့ချင်းဆက် ဆက်သွယ်ရေး ခက်ခဲမှုများကြောင့် စီးပွားရေးအခြေအနေသည် လွန်စွာနိမ့်ကျပါကြောင်း၊ မြို့နယ်တွင် ဆက်သွယ်ရေးဖုန်းများ၊ လျှပ်စစ်မီးများ မရရှိသည့်အတွက် လူနေမှုအဆင့် နိမ့်ပါးပါကြောင်း၊ ယခင် နိုင်ငံတော်ကောင်စီက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူမှုရေးအခက်အခဲဆုံးအဆင့် မြို့နယ်များသတ်မှတ်ပြီး ဒေသစရိတ်ခံစားခွင့် ပေးခဲ့စဉ်က မင်းကင်းမြို့နယ်အနေဖြင့် ရရှိခဲ့ပါကြောင်း၊ ယခုအချိန်တွင်လည်း ဖွံ့ဖြိုးမှုနောက်ကျပြီး လူမှုရေး တိုးတက်ပြောင်းလဲခြင်း မရှိသော်လည်း မြို့နယ် ၁၁၀ အထိ ဒေသစရိတ်ခံစားခွင့်များ ရရှိလာသော်လည်း မိမိတို့ မြို့နယ်မပါဝင်သည့်အတွက် တင်ပြခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဒေသစရိတ်ခံစားခွင့်ရှိသော မြို့နယ်များ ပြင်ဆင်သတ်မှတ်စဉ်က တိုင်းဒေသကြီးအစိုးရက ဝေးလံခေါင်သီဒေသအဖြစ် သတ်မှတ်ပေးရန် သုံးသပ်တင်ပြလာခြင်းအပေါ် ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်ပြီး သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိခဲ့ရ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံကို မင်းကင်းမြို့နယ်၏ အခြေအနေအရ တာဝန်ကျဝန်ထမ်းများ လူနေမှု မပြည့်စုံကြသော်လည်း ဝမ်းပမ်းတသာ ထမ်းဆောင်နိုင်ကြစေရန် ရည်ရွယ်ပြီး လစာနှစ်ဆ သို့မဟုတ် ရှားပါးစရိတ်အနေဖြင့် ခံစားခွင့်ရရှိရေးကို တင်ပြကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ စိစစ်ပြီး ပေးပို့လာသည့် မှတ်ချက်များအရ ဆက်သွယ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းကိုလည်း ဘဏ္ဍာရေးဝန်ကြီးမှ ဖြေကြားထားသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မင်းကင်းမြို့နယ်၏ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး လွန်စွာညံ့ဖျင်းမှုအပေါ် မည်ကဲ့သို့ သဘောထားမှတ်ချက်ပေးပို့ထားသည်ကို သိရှိလိုပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက မည်ကဲ့သို့ စိစစ်သတ်မှတ်ထားသည်ကို သိရှိလိုပါကြောင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် မင်းကင်းမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများအား လစာနှစ်ဆတိုးပေးနိုင်ရေးအတွက် စီမံထား ရှိမှုအခြေအနေကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မိမိတို့နိုင်ငံတော်အနေဖြင့် ဒေသစရိတ် ခံစားခွင့်ပြုနိုင်ရေးအတွက် ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသည့်ဒေသ၊ မြို့နယ်များသတ်မှတ်ရာတွင် လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် အခြေခံအချက်များအပေါ် မူတည်ပြီး သတ်မှတ်ပေးလျက်ရှိပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဒေသစရိတ် ခံစားခွင့်ပြုနိုင်ရေးအတွက် ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသ၊ မြို့နယ်များ သတ်မှတ်ရာတွင် အခြေခံစဉ်းစားသင့်သည့် အချက်များကို အခြေခံပြီး ဒေသစရိတ် ခံစားခွင့်ပြုနိုင်ရေးအတွက် ဘဏ္ဍာရေးဝန်ကြီးဌာနက စိစစ်ပေးရန် ညှိနှိုင်းလာသည်အခါ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ သဘောထားမှတ်ချက် တောင်းခံပြီး စိစစ်ပြန်ကြားပေးလျက်ရှိပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များမှ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော မြို့နယ်အဖြစ် သတ်မှတ်နိုင်ရေး သီးခြားတင်ပြလာပါက စိစစ်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနကို ဆက်လက်ပေးပို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှလည်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ဝေးလံခေါင်သီဒေသအဖြစ် သတ်မှတ်ထုတ်ပြန်ပေးလျက် ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်သည် ရပ်ကွက် ၃ ရပ် ကွက်၊ ကျေးရွာအုပ်စု ၆၁ အုပ်စု၊ ကျေးရွာ ၁၈၈ ရွာ၊ အိမ်ခြေ ၂၁၄၅၅၊ အိမ်ထောင်စု ၂၂၄၆၅ စု၊ လူဦးရေ ၁၀၅၅၅၉ ဦးရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်မှုအနေဖြင့် မင်းကင်းမြို့နယ်မှ ကလေးမြို့အထိ ကားလမ်းဖြင့် ၆၁ မိုင်၊ မင်းကင်းမြို့မှ ကလေးဝမြို့အထိ ရေလမ်း ၄၂ မိုင်ကွာ ဝေးပါကြောင်း၊ အထက်တန်းကျောင်း ၅ ကျောင်း၊ အထက်တန်း(ခွဲ) ၆ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်း(ခွဲ) ၂၅ ကျောင်း၊ မူလတန်း ကျောင်း ၇၅ ကျောင်း၊ မူလတန်းလွန်ကျောင်း ၂၀ ကျောင်း၊ မူကြိုကျောင်း ၁၈ ကျောင်း စုစုပေါင်း ၁၅၂ ကျောင်း ဖွင့်လှစ်ထားရှိပါကြောင်း၊ ကျန်းမာရေး ကဏ္ဍအနေဖြင့် ၂၅ ခုတင်ဆံ့ဆေးရုံ ၁ ရုံ၊ ၁၆ ခုတင်ဆံ့ဆေးရုံ ၃ ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၇ ခု၊ ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ၂၅ ခု ဖွင့်လှစ်ထားရှိပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးပေါင်း ၂၉ ရုံး ဖွင့်လှစ်ထားရှိပြီး အရာထမ်း ၅၁ ဦး၊ အမှုထမ်း ၁၆၆၅ ဦး စုစုပေါင်း ၁၇၁၆ ဦးကိုလည်း တာဝန်ထမ်းဆောင်စေလျက်ရှိပါကြောင်း။
ဒေသခံစားမှုစရိတ်နှင့်ပတ်သက်ပြီး မင်းကင်းမြို့နယ်ကို ၁၉၆၂ ခုနှစ်မှ ၁၉၇၂ ခုနှစ် အထိ ရှားပါးစရိတ်ရရှိခွင့် ခွင့်ပြုခဲ့ခြင်းနှင့် ၁၉၇၂ ခုနှစ်နောက်ပိုင်းတွင် ရှားပါးစရိတ်ခံစားခွင့် ပေးအပ်ခဲ့ခြင်းမရှိသည်ကို စိစစ်တွေ့ရှိရ ပါကြောင်း၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ကောင်စီ၏ ၉-၅-၁၉၇၉ ခုနှစ် ရက်စွဲပါစာအမှတ်ဖြင့်လည်း လူမှုရေးအခက်ခဲဆုံးအဆင့် မြို့နယ် ၂၂ မြို့နယ်၊ လူမှုရေးခက်ခဲသောအဆင့် မြို့နယ် ၂၆ မြို့နယ် စုစုပေါင်း ၄၈ မြို့နယ်အတွင်း ဒေသစရိတ်ခံစားခွင့်ပြုရာတွင်လည်း မင်းကင်းမြို့နယ် ပါဝင်ခြင်းမရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရလက်ထက်တွင် ဒေသစရိတ် ခံစားခွင့်ရှိပြီး လူမှုရေး ခက်ခဲသည့်မြို့နယ်၊ မြို့များအဖြစ် ၁၅-၃-၂၀၁၂ ရက်စွဲပါစာအမှတ်ဖြင့် ထုတ်ပြန်ခဲ့သည့် မြို့နယ်၊ မြို့ ၈၇ ခုအား လက်ရှိလစဉ် ထုတ်ယူရရှိသောလစာနှင့် စရိတ် ညီမျှငွေများကို ဒေသစရိတ်ခံစားခွင့်ပြုရာတွင်လည်း မင်းကင်းမြို့နယ်ပါဝင်ခြင်းမရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ လူမှုရေးခက်ခဲသော မြို့နယ်၊ မြို့ ၁၁၀ ခုကို ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၅-၈-၂၀၁၃ ရက်စွဲပါစာအမှတ်ဖြင့် လက်ရှိလစဉ် ထုတ်ယူနေသောလစာနှင့် ညီမျှသောငွေကို ဒေသစရိတ်အဖြစ် ခံစားခွင့်ပြုရာတွင်လည်း မင်းကင်းမြို့နယ်ပါဝင်ခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ မင်းကင်းမြို့နယ်သည် နွေရာသီတွင် ကားလမ်းဖြင့် လည်းကောင်း၊ မိုးရာသီတွင် ရေလမ်းခရီးဖြင့်လည်းကောင်း သွားလာ၍ရသည့်အတွက် စစ်ကိုင်းတိုင်း ဒေသကြီးအနေဖြင့် ၎င်းထက်ပိုပြီး လူမှုရေးခက်ခဲသည့်မြို့နယ် ၈ မြို့နယ်၊ မြို့ ၅ မြို့နယ်ကိုသာ ထောက်ခံတင်ပြလာသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ဒေသစရိတ်ခံစားခွင့်ပြုရေးကို ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ၁၀-၄-၂၀၁၅ ရက်စွဲပါစာအမှတ်ဖြင့် ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံဝန်ထမ်းများအား ၁-၄-၂၀၁၅ ရက်နေ့မှစ၍ ယာယီအစီအစဉ်ဖြင့် ဒေသစရိတ် ခံစားခွင့်ပြုရေးကို ပြင်ဆင်သတ်မှတ်ပေးခဲ့ကြောင်းနှင့် အမိန့်ကြော်ငြာစာအမှတ် အပိုဒ် ၃ တွင်လည်း ပြင်ဆင်သတ်မှတ်ထားသည့် ဒေသစရိတ်ခံစားခွင့်အား လက်ရှိအခြေအနေနှင့် ကိုက်ညီစေရန် ပြင်ဆင်သတ်မှတ်ရေးအတွက် စိစစ်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းလျက်ရှိပြီး ယင်းကော်မတီမှ စိစစ်သုံးသပ် အတည်ပြုသတ်မှတ်ပေးပါက နှုန်းထားအသစ်ဖြင့် ဆက်လက်ထုတ်ပြန်မည်ဖြစ်ကြောင်း ထုတ်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ၇-၅-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၄၃/၂၀၁၅)ဖြင့် ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသအဖြစ် စိစစ်သတ်မှတ်နိုင်ရန်အတွက် ပြည်ထောင်စုအဆင့်စိစစ်ရေးကော်မတီကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သည့် အဖွဲ့ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း။
ပြည်ထောင်စုအဆင့်စိစစ်ရေးကော်မတီမှ ၂၈-၅-၂၀၁၅ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၅)နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော်အဆင့် စိစစ်ရေးကော်မတီများကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများ ခေါင်းဆောင်သည့် အဖွဲ့ဝင် ၁၄ ဦးဖြင့်လည်း ဆက်လက် ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်ထောင်စုအဆင့် စိစစ်ရေးကော်မတီမှ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများအဖြစ် သတ်မှတ်ရာတွင် အခြေခံစဉ်းစားသင့်သောအချက် (၁၀)ချက်ကိုလည်း သတ်မှတ်ထားပြီး ဖြစ်ပါကြောင်း၊ ယင်းအချက်များတွင် လုံခြုံရေးအခြေအနေအရ တည်ငြိမ်အေးချမ်းမှုမရှိခြင်း၊ လမ်းပန်းဆက်သွယ်မှုခက်ခဲခြင်း၊ ဆက်သွယ်ရေးစနစ်ခက်ခဲခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ကျန်း မာရေး စောင့်ရှောက်မှုအပြည့်အဝမရရှိခြင်း၊ ပညာရေးစနစ်ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိခြင်း၊ စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းမှုနည်းပါးခြင်း၊ ရာသီဥတုဆိုးဝါးခြင်း၊ လူမှုပတ်ဝန်းကျင် အခက် အခဲများရှိခြင်းတို့ ပါဝင်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော်အဆင့် စိစစ်ရေး ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်သည့်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော် အတွင်း ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသအဖြစ် သတ်မှတ်သော မြို့နယ်၊ မြို့၊ ကျေးရွာအုပ်စုများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ သဘောတူထောက်ခံချက်နှင့် အတူ ပြည်ထောင်စုအဆင့်စိစစ်ရေးကော်မတီသို့ တင်ပြဆောင်ရွက်သွားရန်လည်း တာဝန်ပေးအပ်ထားပြီး ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများအဖြစ် စိစစ်သတ်မှတ်ရေး ကော်မတီမှ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အား ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသအဖြစ် သတ်မှတ်ရန် အခြေခံ စဉ်းစားရမည့်အချက်များနှင့် ကိုက်ညီအကျုံးဝင်မှုရှိ/မရှိ စိစစ်ဆောင်ရွက်ဆဲဖြစ်၍ စိစစ်ဆောင်ရွက်ပြီးစီးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူထောက်ခံချက်နှင့်အတူ ပြည်ထောင်စုအဆင့် စိစစ်ရေးကော်မတီကို ထောက်ခံတင်ပြ လာပါက ဒေသစရိတ်ခံစားခွင့်ပြုရေးကို ဆက်လက်ပြီး စိစစ်ဆောင်ရွက်သွားပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
